သက်စွန့်ဆံဖျား ပညာရေး
(၂၀၁၆)ခုနှစ်၊ဧပြီလအတွင်း၊နယ်စပ်မြို့လေးတစ်မြို့၌ တာဝန်ထမ်းဆောင်နေသော (အ.လ.ပြ) ဆရာမတစ်ဦးနှင့်ကျနော် စကားပြောဖြစ်ကြလေသည်။
ဆရာမမှာ ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ခေါင်လံဖူးမြို့နယ်၊မထီဆွတ် (အ.လ.က) ကျောင်းတွင်တာဝန်ထမ်းဆောင်ပြီး ကျောင်းပိတ်ရက်များအတွင်း ဇာတိမြို့သို့ပြန်လာခြင်းဖြစ်သည်။
အဆိုပါ မထီဆွတ်ကျောင်းမှာမြန်မာပြည်မြောက်ဖျား ကြမ်းတမ်းသောရာသီဥတု၊ခက်ခဲသောလမ်းခရီး၊တိုင်းရင်းသားလူမျိုးစုများနေထိုင်ကြသော တောင်ပေါ်မြို့ငယ်လေးတွင်တည်ရှိသည်။
ကျောင်းသားဦးရေစုစုပေါင်း(၃၀၀)ကျော်ခန့်သာရှိပြီး အလယ်တန်းတက်ရောက်သူဦးရေနည်းပါး၍ အထက်တန်းသို့မည်သူမျှတက်ရောက်ခြင်းမရှိပေ။
ခေါင်လံဖူးမြို့နယ်တွင်သာ အထက်တန်းကျောင်းရှိပြီး၊သွားရေးလာရေးအင်မတန်ခက်ခဲသောကြောင့် ကျောင်းပညာရေးဆုံးခန်းတိုင်အောင်မတက်ကြပါ။အောင်ချက်အညံ့ဆုံးသောမြို့နယ်လည်းဖြစ်သည်။အဆိုပါမထီဆွတ်ကျောင်းသို့ တော်ရုံဆရာ/မ များမည်သူမျှ မသွားလိုကြပါ။လစာနှစ်ဆရသော်ငြား သွားရေးလာရေး၊ဘာသာစကား၊နေထိုင်မှု၊ရာသီဥတု၊အခက်အခဲပေါင်းများစွာကြုံတွေ့ရသောကြောင့်ပင်။အခန့်မသင့်လျှင် အသက်ပါဆုံးရှူးံနိုင်သည်။
စစ်တပ်နှင့်ရဲမရှိပဲ ရွာလုံခြုံရေးအား မထီဆွတ်ရွာသားများဖွဲ့ထားသောပြည်သူ့စစ်အဖွဲ့ကသာ လုံခြုံရေးတာဝန်ယူကြသည်။တစ်ရုတ်ပြည်နှင့်နီး၍ အပင်များ၊သစ်တောထွက်ပစ္စည်းများစသည့်
သဘာဝသယံဇာတများ လည်းပြောင်သလင်းခါကုန်ပြီဖြစ်သည်။
ခေါင်လန်ဖူးမှ သွားလျှင်ကြမ်းတမ်းသောတောင်ပေါ်လမ်းကို ရာသီဥတုဒဏ်ကြံ့ကြံ့ခံ၍ ရက်(၂၀)လောက်ကြာအောင်သွားရမည်ဖြစ်သည်။လမ်းခရီးတစ်လျှောက် တောင်တက်/တောင်ဆင်းများ၍ ရေခဲဖုံးနေသောတောင်ပေါ်လမ်းများတွင် နက်ရှိုင်းလှသောချောက်အတွင်း ခြေချော်မကျစေရန် သတိထားသွားလာရသည်။နေ့လည်ရေခဲပျော်ပြီး ရေခဲပြုတ်ကျတတ်၍ တစ်ဦးနှင့်တစ်ဦး(၁၀)ပေခန့်ခြားပြီး အရင်လူခြေရာအတိုင်းလိုက်ရသည်။
ကြွပ်ကြွပ်အိပ်(၅)ထပ် ခြေအိပ်(၁)ထပ် ၀တ်ကာ ရေခဲမကျွံအောင်လည်း လှမ်းကြရသည်။သွေးစုပ်ကောင်များဖြစ်သော ကျွတ်/ဒက် တို့ ကိုက်သည့်ဒဏ်ကိုလည်းခံရမည်။ရေခဲဖုံးနေသောတေင်ပေါ်ဒေသဖြစ်ပြီး အိမ်သာသီးသန့်မရှိ၊အဆင်ပြေသလိုသွားရသည်။
အိမ်ခေါင်မိုးအောက်တွင်သာနေကြရပြီး ခေါင်မိုးအစွန်းများသို့သွားလာရာတွင် ခေါင်မိုးအစွန်းမှရေခဲပြုတ်ကျပါက အသက်အန္တရာယ်ရှိ၍ သတိထားကြရသည်။
တရုတ်ပြည်ဆဒုံးဖက်မှ တောင်သုံးတောင်လောက်ကျော်ပြီးဝင်လျှင်(၅)ရက်နှင့်ရောက်သည်။ထို့ကြောင့် အပြန်ခရီး တွင်တရုတ်ပြည်မှသာပတ်၍ပြန်ကြသည်။
တရုတ်ပြည်ကနေလှည့်၍ ကားနဲ့ခိုးဝင်နိုင်အေင်လည်း တစ်လဈးဝယ်ခွင့် ဧည့်စာအုပ်လုပ်ထားရသည်။တရုတ်ပြည်မှ မြန်မာနိုင်ငံသား ၀န်ထမ်းများဆိုလုံးဝ ၀င်ခွင့်မပေး၍ ဈေးဝယ်ခွင့်စာအုပ်နှင့်မိမိကို ၀န်ထမ်းများအဖြစ်မသိနိုင်အောင်လည်း ဟန်ဆောင်ထားရသည်။
ဆက်သွယ်ရေးအနေဖြင့် တရုတ်ဖုန်း ကိုသာဝယ်ကိုင်ကြရသည်။
ရွာသားတို့သုံးသောစကားမှာ တရုတ်နှင့်လီဆူး ဘာသာစကားသာဖြစ်ပြီး မြန်မာစကားမကျွမ်းကျင်လှ။
ခေါင်လံဖူးတွင် လီးဆူးစကားသုံး၍
မဒီဆွတ်တွင် ရ၀မ်စကားသုံးကြလေသည်။အစားအသောက်ရှားပါးပြီး တရုတ်လုပ်ခေါက်ဆွဲခြောက်ထုပ်ကိုသာအားကိုးရသည်။
ရေခဲပျော်ချိန် လမ်းခရီးခက်ခဲလှ၍ တရုတ်ပြည်ဖက် ရှင်းခေါင်လမ်းမကသာ ၀င်ကြရသည်။
သုံးစွဲသောငွေကြေးမှာလည်း တရုတ်ငွေယွမ်ဖြစ်၍မြန်မာငွေမသုံးကြ။တရုတ်ငွေ(၁)ကျပ်လျှင်မြန်မာငွေ(၂၀၀)နှင့်ညီမျှသည်။
ညအချိန် တရုတ်ပြည်ဖက်ခြမ်းတွင် လျှပ်စစ်မီးများလင်းထိန်ပြီး မြန်မာဖက်ခြမ်းတွင် မှောင်အတိ။လမ်းပန်းဆက်သွယ်ရေး၊လူနေမှုအဆင့်အတန်း တရုတ်နိုင်ငံနှင့်ကွာလွန်းလှသဖြင့် တိုင်းရင်းသားတို့မှာ တရုတ်ဖက်ခြမ်းသို့သွား၍အလုပ်လုပ်ကြသည်ကိုလည်း ကြားသိရလေသည်။
ပုံထဲကရှူခင်းများသာယာလှပသည်ဟုထင်ရသော်လည်း အပြင်လောက၌ကား အင်မတန် ကြမ်းတမ်းလှသည့် ၎င်းဒေသများသို့သွားရောက် တာဝန်ထမ်းဆောင်သည့် ပညာရေးဝန်ထမ်းများအား လေးစားသဖြင့် ဂုဏ်ပြုဖော်ပြအပ်ပါသည်။
0 comments:
Post a Comment