Friday, 1 January 2016
Home »
» အမျိုးတွေသတိထားဖို့
အမျိုးတွေသတိထားဖို့
17:00
No comments
မွန်းတည့်နေ - Weekly News Journal
17 hrs ·
အယ်ဒီတာ့ အာဘော်
“အဖျက်အမှောင့်တွေကို သတိထားကြ”
အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း လက်ရှိ အစိုးရဟာ ၂၀၁၅ နိုဝင်ဘာ မှာ
လွတ်လပ်တဲ့ ရွေးကောက်ပွဲ တစ်ခုကို ကျင်းပပေးခဲ့ပြီး ပြည်သူလူထု
အများစုကြီးကလည်း မဲရုံတွေကို သွားရောက် မဲပေးခဲ့ပါတယ်။ မဲရလာဒ်တွေအရ
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
မဲအပြတ်အသတ်နဲ့ အနိုင်ရပြီး အစိုးရဖွဲ့နိုင်တော့မယ့် အခြေအနေ
ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီအခြေအနေအောက်မှာ အစိုးရတာဝန် လွှဲပြောင်းရေး
ချောချောမွေ့မွေ့ ဖြစ်စေဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်၊
လွှတ်တော်နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ သီးခြားစီ တွေ့ဆုံခဲ့ကြပါတယ်။
တွေ့ဆုံမှု ရလာဒ်တွေအရ အစိုးရတာဝန် လွှဲပြောင်းရေး အေးအေးချမ်းချမ်း
ဖြစ်ပေါ်လာမှာဖြစ်ပြီး မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း
အကောင်းမွန်ဆုံး သမိုင်းဝင် အခြေအနေတစ်ခုကို ရောက်လာတော့မယ် ဖြစ်ပါတယ်။
ဒီအခြေအနေမှာ ပေါ်ပေါက်လာတာကတော့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း
အလုပ်သမား နှစ်ယောက်ဟာ ဗြိတိန်နိုင်ငံသား နှစ်ယောက်ကို သတ်ဖြတ်မှုနဲ့
ထိုင်းတရားရုံး တစ်ခုက သေဒါဏ်ချမှတ်ခံလိုက်ရတဲ့ ကိစ္စပါ။ ဒီ ကိစ္စနဲ့
ပတ်သက်ပြီး မြန်မာနိုင်ငံသား အများစုက လက်မခံနိုင်ကြပါဘူး။
ထိုင်းအာဏာပိုင်တွေနဲ့ တရားရုံးဟာ နိုင်ငံခြားသား နှစ်ယောက်
သတ်ဖြတ်ခံရမှုနဲ့ ဆက်စပ်ပြီး သူတို့နိုင်ငံအတွက် အလွန်အရေးကြီးတဲ့
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ထိခိုက်မှာစိုးလို့ မြန်မာ
ရွှေ့ပြောင်းအလုပ်သမား နှစ်ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီး မတရား
ပြစ်ဒါဏ်ချမှတ်လိုက်တယ် ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်
ယူဆနေကြလို့ပါ။ တကယ်လည်း ထိုင်းအာဏာပိုင်တွေ၊ လုပ်ငန်းရှင်တွေဟာ
မြန်မာနိုင်ငံသားတွေ၊ အလုပ်သမားတွေနဲ့ ပတ်သက်ရင် မတရား ဖိနှိပ်၊ ရက်စက်၊
ညစ်ပတ်မှုတွေ အတောမသတ်နိုင်အောင် လုပ်ခဲ့ဖူးလေတော့ အဲလို ထင်မယ်ဆိုလည်း
ထင်စရာပါပဲ။ ဒါက နှစ်ပေါင်းများစွာ ဖြစ်လာတဲ့ ပြသနာပါ။ ဘယ်လိုပဲဖြစ်ဖြစ်
အခု ပြသနာမှာ မြန်မာနိုင်ငံသားတွေ နိုးနိုးကြားကြားနဲ့
အမှုမှန်ပေါ်ပေါက်ရေး၊ တရားသဖြင့် တရားစီရင်ရေး တောင်းဆိုနေကြတာကိုတော့
ကြိုဆိုရမှာပါ။ သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ နိုင်ငံခြားရေး ၀န်ကြီးလို
ပုဂ္ဂိုလ်မျိုးကလည်း ထိုင်းအာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး တရားမျှတမှု ရဖို့
တောင်းဆိုနေသလို နောက်ပိုင်း အယူခံတက်တာ၊ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး
လုပ်သင့်တာတွေ ဆက်လုပ်နေကြပါပြီ။
ပြသနာက အဲဒီမှာ စတာပါ။ ရွေးကောက်ပွဲကြီး အေးအေးချမ်းချမ်းပြီးဆုံး၊
အစိုးရတာဝန် ငြိမ်းငြိမ်းချမ်းချမ်း လွှဲပြောင်းတော့မယ် သမိုင်းဝင်
ဖြစ်စဉ်ကို မမြင်နိုင် မကြည့်နိုင်သူ လူနဲ့ ဘုန်းကြီးတစ်ချို့ဟာ ဒီ
ဖြစ်စဉ်ကနေ ပြည်သူတွေကို လမ်းလွှဲသွားအောင် လုပ်ဖို့ ကြံစည်ကြပါတယ်။
တရားစီရင်ရေး ပြသနာကို တရားစီရင်ရေး ပြသနာ အဖြစ် ပုံမဖော်ပဲ
ထိုင်းအစားအစာ၊ ထိုင်းကုန်ပစ္စည်း သပိတ်မှောက်ရေး၊ ထိုင်း ဆန့်ကျင်ရေး
လုပ်ပြကြပါတယ်။ ဒီကနေ့ မနက်ဖန်ပဲ ထိုင်းနဲ့ စစ်ဖြစ်တော့မယောင်
လှုံ့ဆော်ကြပါတယ်။ မဆီမဆိုင် နိုင်ငံသားတိုင်း စစ်မှုထမ်းဖို့တို့၊
လိုအပ်ရင် သင်ကန်းချွတ်ပြီး စစ်သွားတိုက်မယ်တို့ ဘာတို့ အရေမရ
အဖတ်မရတွေပြောပြီး တိုင်းပြည်ကို မီးလောင်တိုက်သွင်းဖို့ ကြံစည်ကြပါတယ်။
အခုလို အလားတူ ခပ်ဆင်ဆင် ကိစ္စမျိုး ကမ္ဘောဒီးယားနိုင်ငံမှာ ၂၀၀၃
ခုနှစ်ဆန်းက ဖြစ်ခဲ့ဖူးပါတယ်။ ထိုင်းမင်းသမီးတစ်ယောက်ရဲ့ အန်ကောဝပ်
ဘုရားကျောင်းနဲ့ ပတ်သက်တဲ့ ပြောစကား တစ်ခွန်းကို ပုံကြီးချဲ့ပြီး
ကမ္ဘောဒီးယား နိုင်ငံသား တစ်ချို့ဟာ မြို့တော် ဖနွမ်းပင်က ထိုင်းသံရုံးကို
မီးရှို့ ဖျက်ဆီးပစ်ခဲ့ပါတယ်။ မြို့ထဲက ထိုင်းကုန်ပစ္စည်းရောင်းတဲ့
ဆိုင်တွေကို လှည့်လည် ဖျက်ဆီးပစ်ခဲ့တဲ့ သာဓက တွေ ရှိခဲ့ဖူးပါတယ်။ အခု
မြန်မာနိုင်ငံထဲက အကြမ်းဖက် ဆူပူလိုသူ လူတစ်ချို့နဲ့ ဘုန်းကြီးတစ်ချို့ဟာ
အဲလို ရည်ရွယ်ချက် ရှိပုံရပါတယ်။ သူတို့ စုဝေးပွဲထဲ ရောက်သွားတဲ့
သတင်းထောက်တွေကို အရေခွံဆုတ်မယ်၊ ဘာညာ ခြိမ်းခြောက်သလို အကြမ်းဖက်
မောင်းထုတ်တာမျိုးအထိ လုပ်ပါတယ်။ ပြောရရင် အဲလို လူတွေမှာ
မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကို ဖျက်လိုဖျက်ဆီး လုပ်မယ့်
ရည်ရွယ်ချက် ရှိပုံရပါတယ်။ အပြောင်းအလဲကို လိုလားတဲ့
မြန်မာနိုင်ငံသားမှန်ရင် ဒါကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး
အဲဒီအဖျက်သမားတွေရဲ့ ရန်ကို ကာကွယ်ကြပါလို့ မွန်းတည့်နေ ဂျာနယ်က
တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်
0 comments:
Post a Comment