Saturday, 2 January 2016
Home »
» ပညာရေးမသမာမှု
ပညာရေးမသမာမှု
04:19
No comments
အပြောင်းအရွှေ့၊ ရာထူးတိုးအတွက် ငွေကြေးကောက်ခံပါက တိုင်ကြားလျှင် အရေးယူမည်ဟုဆို
အခြေခံပညာဦးစီးဌာနလက် အောက်ရှိ ဆရာ၊ ဆရာမများအပါအဝင် ပညာရေးဝန်ထမ်းများ၏ အပြောင်းအရွှေ့၊ ရာထူးတိုးများတွင် ငွေကြေးကောက်ခံပါက တရားဝင်တိုင်ကြားလျှင် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ယခုနှစ်ဒီဇင်ဘာနှင့် ၂၀၁၆ ဇန်န၀ါရီအတွင်း ပြုလုပ်မည့် အပြောင်းအရွှေ့၊ ရာထူးတိုးများတွင် ငွေကြေးကောက်ခံမှုရှိပါက တရားဝင်တိုင်ကြားနိုင်ပြီး စုံစမ်းစစ်ဆေး၍ အရေးယူဆောင်ရွက်မည်ဟု ဆိုသည်။
‘‘ရာထူးတိုး၊ အပြောင်းအ ရွှေ့ကိစ္စမှာ ပိုက်ဆံတောင်းတယ်။ ပေးရတယ်ဆိုရင် အခြေခံပညာဦးစီးဌာနကို တရားဝင်တိုင်ကြားလို့ရတယ်။ ထိုက်တန်တဲ့ အပြစ်ချမှတ်သွားမယ်’’ဟု ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
အပြောင်းအရွှေ့၊ ရာထူးတိုးလျှောက်ထားသည့် လျှောက်လွှာများကို အခမဲ့ဖြန့်ချိရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ လိုအပ်သည့် ကုန်ကျစရိတ်များ ပေးအပ်ထားပြီးဖြစ်၍ လျှောက်လွှာများရောင်းချခြင်း မပြုရန်နှင့်လိုက်နာခြင်းမရှိပါက တာဝန်ရှိသူ အဆင့်ဆင့်ကို အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနက ဒီဇင်ဘာ ၂၄ ရက်၌ ထုတ်ပြန်ခဲ့သည်။
‘‘လျှောက်လွှာစာရွက် စရောင်းတာကနေစပြီး ပိုက်ဆံမပေးဖို့၊ မယူဖို့မှာထားတယ်။ အဲဒါကို ရောင်းတယ်ဆိုရင် အရေးယူမယ်’’ဟု ၎င်းက ဆက်လက် ပြောသည်။
သွားရေးလာရေးခက်ခဲသည့် ဒေသများနှင့် လူမှုရေးခက်ခဲသည့် ဒေသများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများသည် ၂၀၁၅ ဇွန်လ ၃၀ ရက်တွင် လုပ်သက် တစ်နှစ်ပြည့်ပြီးသူများ အပြောင်းအရွှေ့၊ ရာထူးတိုးဝင်
ရောက်လျှောက်ထားနိုင်ပြီး ကျန်ဒေသများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများသည် လုပ်သက် ၂ နှစ် ပြည့်ပြီးသူများသာ အပြောင်းအရွှေ့၊ ရာထူးတိုးလျှောက်ထားနိုင်မည်ဖြစ်သည်။
ပြီးခဲ့သည့် ပညာသင်နှစ်တွင် အခြေခံပညာကျောင်းသား ကျောင်းသူ ၈ ဒသမ ၇ သန်းကျော်အား ဆရာအင်အား သုံးသိန်းကျော်ဖြင့် သင်ကြားပေးလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာနစာရင်းများအရ သိရသည်။
0 comments:
Post a Comment