မြောင်းမြတွင် NLD ပါတီ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်သို့ လိုက်ပါသော လူငယ်တစ်ဦးကို လူသုံးဦးက ရိုက်နှက်၍ သုသာန်အတွင်း ပစ်ထားခဲ့မှု ဖြစ်ပွား
မြောင်းမြမြို့ တောင်ကလေး ကျေးရွာအုပ်စု သစ်စိမ့်ကုန်းကျေးရွာတွင် စက်တင်ဘာ ၂၃ ရက်က ကျင်းပသော NLD ပါတီ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်ကို လိုက်ပါပို့ဆောင်သည့် ပါတီဝင်လူငယ်တစ်ဦးကို လူသုံးဦးက လမ်းခရီးတွင် ပါတီအလံအား လုယူရိုက်ချိုး၍ လူအားသတိလစ်စေသည်အထိ ရိုက်နှက်ကာ သုသာန်အတွင်း ပစ်ထားမှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သစ်စိမ့်ကုန်းကျေးရွာ၌ ပြုလုပ်သော NLD ပါတီ၏ ဟောပြောပွဲသို့ လွှတ်တော် ကိုယ်စားလှယ်လောင်းများအား လမ်းပြလိုက်လံ ပို့ဆောင်သော သစ်စိမ့်ကုန်း ကျေးရွာနေ မောင်နေမျိုးဟိန်း (ဘ) ဦးမောင်လှဌေး (အသက် ၂၃ နှစ်) မှာ ကိုယ်စားလှယ်လောင်းများအား ဟောပြောပွဲ အပြီးတွင် မြို့သို့ လိုက်ပါ ပို့ဆောင်ခဲ့ကြောင်း၊ ကျေးရွာသို့ အပြန် ပိန္နဲကုန်းကျေးရွာ ကူးတို့ဆိပ်အရောက်တွင် ဦးရွှေမောင်၊ ကွိကွိ၊ ဇော်မျိုးတို့ သုံးဦးက မောင်နေမျိုးဟိန်း ကိုင်ဆောင်ထားသော NLD ပါတီအလံအား မင်းတို့အလံက ကျက်သရေ မရှိဘူး ပြောဆိုကာ အလံအား ဆွဲယူ၍ နင်းချေ ဖျက်ဆီးခဲ့ကြောင်း၊ ယင်းနောက် ဦးရွှေမောင်တို့ သုံးဦးက မောင်နေမျိုးဟိန်းအား ၀ိုင်းဝန်း ရိုက်နှက်ကြပြီး မောင်နေမျိုးဟိန်း သတိလစ် မေ့မြောသွားရာတွင် ဆိုင်ကယ်ပေါ်သို့တင်၍ ရွာဆိုးချောင်း သုသာန်တွင် သွားရောက် ပစ်ထားခဲ့ကြောင်း၊ မောင်နေမျိုးဟိန်းသည် သတိ ပြန်လည်ရရှိပြီးမှ ကျေးရွာသို့ ပြန်လည် လာရောက်နိုင်ခဲ့ပြီး မိဘများမှ မြောင်းမြဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း သိရသည်။
“ပုံမှန်ရန်ပွဲတစ်ခု မဟုတ်ဘူး ပါတီရဲ့ အလံကိုပါ နင်းချေ ဖျက်ဆီးတယ် ၊ အရိုက်ခံရသူဟာ ပါတီဝင် တစ်ဦးလည်းဖြစ်နေတယ်၊ ဒါကြောင့် ရုံးဖွင့်ပြီဆိုတာနဲ့ ကော်မရှင်ကို တရားဝင် တိုင်ကြားစာပို့မယ် လိုအပ်မယ်ဆို တရားရုံးကို ဦးတိုက်လျှောက်ထားမယ်” ဟု မြောင်းမြ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း၏ ရွေးကောက်ပွဲဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြောင်းမြရဲစခန်းက ပုံမှန်မှုခင်းဖြစ်စဉ် အဖြစ် (ပ) ၂၉၀/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၂၅ဖြင့် အမှုဖွင့် အရေးယူထားပြီး ကျူးလွန်သူဟု စွပ်စွဲခံထားရသူ သုံးဦးအား အာမခံ ပေးထားကြောင်း သိရသည်။
0 comments:
Post a Comment