"ပညာရေးဈေးကွက်"
မော်လူး၊အ.ထ.ကကျောင်း၏ မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့်ပညာရည်ချွန်ဆုနှင်းသဘင်ကို အ.ထ.ကကျောင်းခန်းမမှာ (၁၇.၇.၂၀၁၅)သောကြာနေ့က ကျင်းပခဲ့ပါတယ်။
အစည်းအဝေးမှာ ကျောင်းအုပ်ဆရာမကြီးပြောတဲ့ စကားက ကျနော့်ရင်ကိုလာမှန်စေလို့ တွေးစရာတစ်ခုအနေနဲ့ ရေးလိုက်ပါတယ်။
တက်ရောက်လာသောဆရာ/မများ၊ကျောင်းသား/သူများနှင့်မိဘများရှေ့ ဆရာမကြီး ပြောသောစကားမှာ
"ကျမတို့ မော်လူးအ.ထ.က ကျောင်းအနေနဲ့ ဦး......ကို အားကိုးနေရတယ်။ဦး.......ရဲ့အကူအညီကြောင့်လည်း အောင်ချက်ကောင်းရပါတယ်"လို့
ဘော်ဒါဆောင်ဖွင့်ထားသော အငြိမ်းစားကျောင်းဆရာတစ်ဦးအား အမည်နာမတပ်၍ ချီးမွမ်းခန်းဖွင့်လေသည်။
ထိုအငြိမ်းစားဆရာမှာ ကျနော်တို့မြို့တွင် ၂ဘာသာသင်လိုင်စင်ဖြင့် ဘော်ဒါဆောင်ဖွင့်၍ လုပ်ကိုင်ကြသူများနှင့်လည်း ဆရာတပည့်တော်ဖူးကြသည်။ဘော်ဒါဆောင်အားလုံးမှ ဆရာများကိုလည်းတစ်ချိန်က သင်ခဲ့ရ၍ ဘော်ဒါဆောင်များ၏ ဂိုဏ်းအုပ်ဆိုလည်း မမှားပေ။ကျနော်တို့နယ်မှာတော့ လူသိများ၍ ကျောင်းသားလည်း နှစ်တိုင်းများသည်။
အ.ထ.က ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၏စကားမှာ အမွှမ်းတင်ခြင်းဖြစ်သော်လည်း စေ့စေ့တွေးကြည့်လျှင် အစိုးရကျောင်းမှ ဆရာဆရာမများ၏အရည်အချင်းကို သိမ်းကျုံး၍စော်ကားလိုက်ခြင်းဖြစ်သည်။အဓိကအခြေခံပညာကျောင်းမှ ဆရာ/ဆရာမများသည်
မိမိတို့တာဝန်ကို မိမိတို့ကျေပွန်အောင် ထမ်းဆောင်ရမည်ဖြစ်ပြီး မိမိကျောင်း၏ဂုဏ်ကို မြှင့်တင်ရမည်ဖြစ်သည်။အမှန်တစ်ကယ်ကြိုးစားသင်ကြသော ဆရာ/ဆရာမများအတွက်လည်း စိတ်အနှောက်အယှက်ဖြစ်စေမည့် စကားမျိုးမပြောသင့်ပေ။ပြင်ပဘော်ဒါဆောင်အား
အမွှမ်းတင်ပေးခြင်းမှာ မိမိကျောင်း၏အားနည်းမှုကို လူပုံအလယ်တွင် အထုပ်ဖြေပြသကဲ့သို့ဖြစ်စေသည်။
ထိုသို့ပြောလိုက်ခြင်းအားဖြင့် ကျန်သောဘော်ဒါဆောင်များအနေနှင့် ဦး......လောက်မစွမ်းဆောင်နိုင်ဟု ပြောတာနှင့်တူပေသည်။
အမှန်မှာ၂၀၁၄ပညာသင်နှစ်က အောင်ချက်ရော၊အမှတ်အများဆုံးရရှိမှုရော၊ဂုဏ်ထူးရရှိမှုပါ ဦး......အဆောင်မှမဟုတ်၊ အခြားအဆောင်မှဖြစ်သည်။
ဆရာမကြီးပြောသောစကားအရ
ပြင်ပဘော်ဒါဆောင်များ စွမ်းဆောင်သဖြင့် အောင်ချက်ကောင်းကြစတမ်းဆို အစိုးရကျောင်းမှာ ရုပ်ပြသာဖွင့်ထားသည့်သဘော သက်ရောက်နေပေသည်။ပြင်ပဘော်ဒါဆောင်တို့သာမရှိလျှင် အစိုးရကျောင်းမှာ အောင်ချက်များကျဆင်းရနိုင်သည့်ပုံစံပင်။ဒိထက်ပိုပြောရလျှင်ကျောင်းသား/သူများအား ဘော်ဒါဆောင်သို့သာ အားကိုးခိုင်းသည်နှင့်အတူတူပင်။
အကျိုးဆက်ကား မိဘများပြင်ပဘော်ဒါထားရ၍ ငွေကြေးနှင့်အခြားသောတာဝန်ဝတ္တရားတို့ ပိုစေနိုင်လေသည်။ကျနော်တို့နိုင်ငံ၏ အခြေခံလူတန်းစားတို့မှာ လက်လုပ်လက်စားသာ များသဖြင့် ဘော်ဒါဆောင်နှင့်၊ပြင်ပကျူရှင်များသို့ချည်း အားကိုးနေရသည်မှာလည်း နည်းလမ်းမကျဟု ထင်မိသည်။အရင်တုန်းကလို ပညာကိုတန်ဖိုးထား သင်ရသောစနစ်မဟုတ်ပဲ
ပညာကိုငွေနဲ့ဝယ်ရသောခေတ် ဖြစ်မှန်းမသိဖြစ်နေသည်။
ပညာရေးဖွံဖြိုးတိုးတက်အောင် ဘက်ပေါင်းစုံမှစဉ်းစားသုံးသပ်၍
မိမိတာဝန်ကိုမိမိကျေပွန်အောင်သာ
ကြိုးစားကြမည်ဆိုရင် အနာဂတ်ပညာရေးလှပမည်မှာ သေချာလှပေသည်။
0 comments:
Post a Comment