Pages

Thursday, 18 February 2016

လက်ပံကုန်းရွာကမြန်မာ့ရိုးရာစည်တော်လုပ်ငန်း

အင်းတော်မြို့က စည်လုပ်ငန်း
ဓာတ်ပုံ - အေးမွန်ရာပြည့်

စည်တော်ကြီး၊ ဆိုင်းဝိုင်း၊ ဒိုးပတ်၊ ရှမ်းအိုးစည်အစရှိတဲ့ တူရိယာတွေ ထုတ်လုပ်နေတဲ့ ဆရာပွဲရဲ့ စည်လုပ်ငန်းက ပုံတွေပါ။ မြန်မာပြည်အထက်ပိုင်းမှာတော့ ဆရာပွဲရဲ့စည်လုပ်ငန်းဟာ တော်တော်နာမည်ကျော်တယ်။ အင်းတော်မြို့နဲ့အနီးတဝိုက်သာမက မြန်မာပြည်အထက်ပိုင်းဒေသတော်တော်များများကို ပို့နေရတယ်။ အင်းတော်မြို့ဟာ စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ မြို့တမြို့ဖြစ်ပါတယ်။ ကသာမြို့ကနေ အင်းတော်မြို့အထိ ၁၈ မိုင်ဝေးပါတယ်။ ၁၉၇၁ လောက်ကစပြီး စည်လုပ်ငန်းလုပ်ခဲ့တာဖြစ်လို့ အခုဆိုရင် ဆရာပွဲရဲ့စည်လုပ်ငန်းလုပ်သက်ဟာ ၄၅ နှစ်ထဲရောက်နေပါပြီ။ အထက်ပိုင်းကထွက်တဲ့ သစ်တွေရဲ့ အရည်အသွေးကောင်းမှုကြောင့် စည်တွေရဲ့ အရည်အသွေးဟာ တခြားဒေသထုတ် စည်တွေထက်ပိုပြီး အရည်အသွေး ပိုကောင်းတာဖြစ်တယ်လို့ အဲ့ဒီလုပ်ငန်းက တာဝန်ရှိသူ ဦးကျော်ညွန့်က ပြောတယ်။ ပွဲရှိတဲ့ တပို့တွဲ တပေါင်းတန်ခူးကာလတွေမှာကတော့ ရောင်းအားကောင်းတတ်ပြီး ပွဲမရှိတဲ့အချိန်တွေမှာတော့ ရောင်းအားပါးတယ်။ လုံးဝ မရောင်းရတာမျိုးတော့ မရှိဘူးလို့ ဦးကျော်ညွန့်က ပြောပါတယ်။ စည်ထုတ်လုပ်ဖို့ ကုက္ကို၊ ယမနေနဲ့ သရက်အစရှိတဲ့ အသားတွေကို အသုံးပြုပါတယ်။ ထုတ်လုပ်ပုံအဆင့်တွေကတော့ ဒီလိုပါ။ ပထမဆုံး စည်အရွယ်အစားအလိုက်ပေါ် မူတည်ပြီး သစ်တုံးအရွယ်အစားကို ရွေးတယ်။ သစ်တုံးကိုချောအောင် ရွေထိုးတယ်။ ပွတ်ထိုးတယ်။ ပြီးရင် အခေါင်းထွင်းတယ်။ ထွင်းထားပြီးသား စည်အလွတ်ကို မ ကြည့်တာ တော်တော် လေးပါတယ်။ ထွင်းပြီးနောက်ဆုံးအဆင့်တွေမှာတော့ သားရေနဲ့ပြန်ကြပ်တယ်။ သားရေကိုတော့ နွားသားရေနဲ့ ကျွဲသားရေတွေ သုံးပါတယ်။ စည်အကြီးအသေး အရွယ်အစားပေါ်မူတည်ပြီး ငွေကျပ်နှစ်ထောင်ကနေ ကျပ်ဆယ်သိန်းအထိ ပေးရတယ်။ တနိုင်ငံလုံးမှာ အခုလို စည်တူရိယာတွေ ထုတ်လုပ်တဲ့လုပ်ငန်း တော်တော်နည်းသွားပါပြီ။ မြန်မာပြည်အလယ်ပိုင်းက ပျော်ဘွယ်မြို့နယ်ထဲမှာတော့ ဒီလိုစည်လုပ်ငန်းတွေရှိနေပါသေးတယ်တဲ့။
မန္တလေးကနေမြစ်ကြီးနားသွားတဲ့ ရထားဖြစ်စေ ကားဖြစ်စေ စီးသွားပြီး အင်းတော်ဘူတာမှာဆင်းပါ။ ဗန်းမောက်မြို့သို့အထွက်လမ်း အင်းတော်မြို့ မှ 2ဖာလုံခန့်အကွာ လက်ပံကုန်းရွာမှာ ဆရာပွဲ ရဲ့  စည်လုပ်ငန်းရှိပါ၏။ အင်းတော်-ဗန်းမောက် ကားလမ်းဘေးကပ်လျှက်ပါ။ အင်းတော်ဘူတာမှ ဆိုင်ကယ်နှင့်သွားလျှင် ၇မိနစ်ခန့်။ ကယ်ရီငှားလျှင် 1000ကျပ်အပြင်မပေးရနိုင်ပေ။ ရေမနေသားဖြင့် ပြုလုပ်ထားသော ဆရာပွဲ၏ ဗျောစည်သံမှာ ညအခါလူခြေတိတ်ချိန်တွင် 5 မိုင်ပတ်လည်ခန့်မျှ ကြားရသော ဟူ၏။ ဤအရှင်တို့ဒေသ ကျေးရွာများမှာ ဆရာပွဲလက်ရာများချည်း အသုံးပြုကြကုန်၏။ အပိုစကားမဆို။ လက်တွေ့သွားရောက်ဝယ်ယူ တီးခတ်ကြည့်ကြကုန်လော့။ ဆရာကြီးဦးဖိုးကျား၏ မိတဆိုးရှင်ပြုပွဲ ကဗျောသံမျိုးကိုလည်း ထိုဒေသ၌သာကြားရနိုင်တော့မည်ထင်သည်။ အလှူကြီးပွဲကြီးများတွင် ဝါသနာပါသော အမယ်ကြီးများမှာ ဆရာပွဲ၏ ဗျောစည်သံများကြားလျှင်မနေနိုင်။ ထ ကကြလေကုန်၏။ ဤကားမျက်မြင်။ (မရီကြနှင့်။ တကယ်ပြောသည်။) နံနက်စောစော အိပ်ယာမထမီ ဘုန်းတော်ကြီးများကို ဆွမ်းကပ်ရန် တီးကြကုန်သောအခါ၌ကား ဆရာပွဲ၏ ဗျောစည်သံက ဘုန်းတော်ကြီးများအဖို့ မထောင်းသာလှချေ။ ရပ်ရွာထဲ ခပ်လှမ်းလှမ်းမှ ကြားရသော ဗျောစည်သံကား နံနက်အရုဏ်တက်ခါနီး အလွန်ပင်ကြက်သရေရှိလှပေသည်။ အလွမ်းဓာတ်ခံရှိသူတို့အဖို့ ဗျောခေါင်း၏ တစ်ချက်တစ်ချက် ထွက်လာသော အသံဝါကလေးကိုပါ ကြားရလျှင် မျက်ရည်ဖြိုင်ဖြိုင်ကျနိုင်ပေသတည်း။(ကြော်ငြာမဟုတ်။ ဆရာပွဲ ဗျောစည်သံသာကြောင်း ကောင်းကြောင်းကို ချီးမွမ်းခြင်းသာ) ဟုတ်မဟုတ် လေ့လာကြကုန်။



0 comments:

Post a Comment