Pages

Friday, 24 June 2016

အ​မေများသို့......

အိမ် က အမေ
နံနက်မိုးလင်း အိပ်ယာထချိန်ဆို ကိုကို့ အသံကို တရပ်ကွက်လုံးနားယဉ်နေလောက်ပါပြီ။ `` အမေ နိုးနေပြီလား၊ မျက်နှာသစ်ရအောင်၊ သွားတိုက်ဆေးကုန်တော့မှာပဲ၊ ခဏနော် အမေ ရေကပူနေသေးတယ်၊ ခေါင်းဖီးပေးကြပါအုံး၊ အင်ရှူးဝါး ဖျော်ထားလိုက်တော့၊ မနက်ဖြန် ခရက်ကာဝယ်ရမယ် ကုန်နေပြီ၊ အင်္ကျီလှဲ မယ် ဒီ ထမီပဲ ဝတ်တော့နော်၊ တီဗီ ကဆရာတော်တရားလေးနာလိုက်ပါအုံး´´ အသက် ငါးဆယ်ကျော် ကိုကို က အသက် ခုနှစ်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်တဲ့ အိမ်က အမေ့ကို နံနက်ခင်း ပြုလုပ်ပေနေကျ ဝတ္တရားလေးပါ။ ကိုကို ပဲလား မဟုတ်ဘူးရှင့် မမ၊ ယောင်းမ တွေ နှင့် တူ၊တူမ လေးတွေကပါ နေ့နေ့ ညည ကလေးလေးလေး တစ်ယောက်လို အမေ့ကို ပြုစုပေးနေလိုက်ကြတာ အမေ့ မျက်ဝန်းလေးတွေက ချိုင့်ခွက်ဝင်နေပေမဲ့ တောက်ပလို့ အပြုံးတွေက မပြီပြင်တော့ပေမဲ့ ချိုမြလို့။
ကျန်းမာရေး ကြောင့် မှတ်ဉာဏ်ချို့ယွင်း ခဲ့သည့်အမေက တစ်ခါတလေ ပြောတတ်ပါတယ် `အိမ်ပြန်မယ်´ တဲ့။ ခဏခဏ ထပ်ခါ ပြောနေပြီဆို ဝှီးချဲလေးကိုထုတ် အမေ့ကို အသာအယာ ပွေ့ချီပြီးတင် အိမ်ရှေ့ လမ်းမပေါ်မှာ နှစ်ကြိမ်လောက် တောင်မြောက် တွန်းပြီး ပတ်ပေးလိုက်ရတယ် ပြီးတော့ အိမ်ရှေ့မှ အမေ့အိမ်အိုလေးအား လက်ညှိုးထိုးပြ ကဲ အမေ့အိမ်ရောက်ပါပြီလို့ သား၊ သမီး မြေးလေးတွေကပြောတော့မှ ပြုံးပြုံးကြီးကျေနပ်သွားတတ်သည့် အိမ်က မေမေ။ အမေ ရဲ့ပြည့်စုံခြင်းတွေက အတိုင်းအဆမရှိ ပြည့်ဝနေသည့် ပိတီပြုံးတွေနှင့်ပါ။
ဘိုး ဘွား ရိပ်သာက အမေ
ဒီနေ့ ပါမောက္ခ ဌာနမှူး ၏ မွေးနေ့အလှူတဲ့ ကျောင်းရှေ့ ဘိုး ဘွား ရိပ်သာမှာအလှူလုပ်မယ်ဆိုတော့ ကျမတို့ အာလုံး ကုသိုလ်အတူလုပ်ခဲ့ကြပါတယ်။
ထမင်းစားဆောင်မှ အမေအိုတစ်ယောက် ယိုင်နဲ့နဲ့ နှင့် ထွက်လာပါတယ်။ ခပ်နွမ်းနွမ်း ရော့ရဲရဲဝတ်ထားသည့် ရောဂီလုံချည်လေးကို အရေတွန့် နေသည့် ဘယ်လက်လေးနှင့်ထိန်း၊ ညာဘက်လက်လေးဖြင့် နံရံကိုအားပြုပြီး တဖြည်းဖြည်းချင်း လှမ်းလို့လာနေလေရဲ့။ ကျမ အနားရောက်တော့ သက်ပြင်းတစ်ချက်ချပြီး အမေကျမကိုကြည့်တယ် ပြီးတော့ သူပြုံးပြတယ် ကျမလည်းပြန်ပြီးပြုံးပြနှုတ်ဆက်လိုက်ပါတယ်။ အမေအိုက ဆက်မသွားပဲ ကျမကိုကြည့်နေတယ် သူတစ်ခုခုပြောချင်နေပုံရတော့ ကျမအနားတိုးကပ်သွားလိုက်တယ် `အမေ ဘာပြောချင်လို့လဲ´ လို့မေးတော့ ``ညနေအိမ်ပြန်တော့မယ်တဲ့´´ ကျမဇဝေ ဇဝါဖြစ်သွားတယ် ပြီးတော့သူဆက်ပြောလိုက်တယ် `` အိမ်ရောင်းလိုက်ပြီလားတဲ့´´။ ကျမ သိပြီ အိမ်က မေမေ လို လက်ရှိအခြေအနေကို မေ့နေသည့် ဝေဒနာ ခံစားနေရတာဖြစ်မယ်။ ကျမ ဘာပြန်ပြောပေးရမှန်းမသိ ဖြစ်နေမိတယ် အမေ့မျက်လုံးတွေကအရောင်မဲ့နေခဲ့တယ် နှုတ်ဆက်ချိန်ကလွဲပြီး အမေ့အပြုံးကိုကျမ မတွေ့ခဲ့ရတော့ပါ။
ရုပ်ဝတ္ထု ပစ္စည်း၊ နေ့စဉ် ဒါနအလှူရှင်၊ တရားဘာဝနာ ပွားများခွင့်၊ သပ်ရပ်သန့်ရှင်းသည့် ဘိုး အဘွားတို့၏ ဂေဟာ ဒါတွေအားလုံးက အဘိုး၊ အဘွားတို့အတွက် နွေးထွေး လုံခြုံ ပြည်စုံနေပြီလို့ ထင်ပါသလား။ အဘိုး အဘွားတို့၏ မျက်ဝန်းတွေက အရောင်မဲ့၊ အဘိုးအဘွားတို့၏ အပြုံးတွေက အားငယ်ရိပ်တွေလွမ်းနေကြလေရဲ့။ ကမ္ဘာပေါ်ရှိရှိသမျှ ဘိုးဘိုး ဘွားဘွားများ အားလုံး အိမ်က မေမေလို ကံကောင်းနိုင်ကြပါစေ။
Tr saw မွေးနေ့ အမှတ်တရ။
Credit;Ti Nge

0 comments:

Post a Comment