Pages

Wednesday, 22 June 2016

ရန်ကုန်မြို့လယ် မြို့တော်ခန်းမအနီး လမ်းလျှောက်လာသည့် အမျိုးသမီးအား အမျိုးသားတစ်ဦးက ဓားဖြင့်ထိုးပြီး ဖုန်းလုယက်မှုဖြစ်ပွား =====================================

ရန်ကုန်မြို့လယ် မြို့တော်ခန်းမအနီး လမ်းလျှောက်လာသည့် အမျိုးသမီးအား အမျိုးသားတစ်ဦးက ဓားဖြင့်ထိုးပြီး ဖုန်းလုယက်မှုဖြစ်ပွား
=====================================
ရန်ကုန်မြို့လယ် မြို့တော်ခန်းမအနီး၌ လမ်းလျှောက်လာသည့် အမျိုးသမီးအား အမျိုးသားတစ်ဦးက ဓားဖြင့်ထိုးပြီး ဖုန်းလုယက်မှု ဖြစ်ပွားခဲ့ကြောင်း ဇွန် ၂၁ ရက်တွင် သက်ဆိုင်ရာ ရဲစခန်းမှ သိရသည်။
ဇွန် ၂၀ ရက် ည ၉ နာရီခန့်က ကျောက်တံတားမြို့နယ်၊ (၁)ရပ်ကွက် စည်ပင်လမ်းနှင့် (၃၃) လမ်းထိပ်အနီး မြို့တော်ခန်းမ နံဘေး ပလက်ဖောင်းပေါ်တွင် အမျိုးသမီးတစ်ဦးထံမှ လက်ကိုင်ဖုန်းတစ်လုံး လုယူခံရကြောင်း သိရသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ လက်ကိုင်ဖုန်း လုယူခံရသူမှာ ကျောက်တံတားမြို့နယ်နေ အီလက်ထရွန်နစ်ပစ္စည်း အရောင်းဆိုင်ဝန်ထမ်းတစ် ဦးဖြစ်သည့် မ.... (၂၁ နှစ်) ဆိုသူဖြစ်ကြောင်း သိရသည်။
ထို့နောက် ဆက်လက်စစ်ဆေးရာ မ.... (၂၁ နှစ်)မှာ ည ၉ နာရီခန့်က ၃၃ လမ်းရှိ အလုပ်သမားအဆောင်မှ ထွက်လာခဲ့ရာ မြို့တော်ခန်းမနောက်ကျောဘက် အရောက်အနောက်မှ အသက် ၂၅ နှစ်ဝန်းကျင်ခန့်ရှိ အမျိုးသားတစ်ဦး လိုက်ပါလာခဲ့ပြီး ၎င်း၏ လက်ထဲတွင်ကိုင်ထားသည့် ဖုန်းကို လုယူခဲ့ကြောင်း၊ ယင်းသို့လုယူသဖြင့် မ.... က ဖုန်းအားပြန်လည်ဆွဲယူလိုက်စဉ် အဆိုပါအမျိုးသားက အသင့်ယူဆောင်လာသည့် အရိုးအသွား ခြောက်လက်မခန့်ရှိ သစ်သီးလှီးဓားဖြင့် မ.... အားထိုးကာ ထွက်ပြေးသွားကြောင်း သိရသည်။
ထိုသို့ ဓားဖြင့် အထိုးခံခဲ့ရသည့်အတွက် မ.... မှာ ၀ဲဘက်နံကြား ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ မစိုးရိမ်ရလူနာအဖြစ် တင်ပို့ကုသထားရကြောင်း သိရသည်။
“ကျူးလွန်သူကို ဖမ်းဆီးရမိခြင်းတော့ မရှိသေးပါဘူး။ အမြန်ဆုံးဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်” ဟု ကျောက်တံတားမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါဖြစ်စဉ်အား ကျောက်တံတားမြို့မရဲစခန်းက (ပ)၁၁၇/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန့်ဇင်ကျော်
Eleven Media Group

0 comments:

Post a Comment