Pages

Sunday, 15 January 2017

ထိုင်းနိုင်​ငံ တက္ကသိုလ်​ရဟန်းပျို ဓမ္မစာ​စောင်​၊အ​မေ​နေ့ ဇွဲဇာနည်​-ကန့့်ဘလူ ရဲ့(နှစ်​သိမ့်​)ဆုရကဗျာ ၊ ဂုဏ်​ယူပါတယ်​သမီး​ရေ `` ငါတို့အားလုံးရဲ့ အမေ ´´ #ခွက်​ဒစ်​=ဇွဲဇာနည်​-ကန့်​ဘလူ

ထိုင်းနိုင်​ငံ တက္ကသိုလ်​ရဟန်းပျို ဓမ္မစာ​စောင်​၊အ​မေ​နေ့ ဇွဲဇာနည်​-ကန့့်ဘလူ ရဲ့(နှစ်​သိမ့်​)ဆုရကဗျာ ၊ ဂုဏ်​ယူပါတယ်​သမီး​ရေ

`` ငါတို့အားလုံးရဲ့ အမေ ´´
#ခွက်​ဒစ်​=ဇွဲဇာနည်​-ကန့်​ဘလူ

အမေဟာ~~~
ဖန်ဆင်းရှင်မဟုတ်ဘူး။
ဒုက္ခ ပင်လယ်ကို လက်ပစ်ကူး
သု  ဿာန်နဲ့ နဖူးချင်းတိုက်
သေမင်းကိုအငိုက်ကျအောင်တွန်းဖယ်
လူ့လောကအလယ် ခေါ်ဆောင်လာခဲ့သူ
အာဂသတ္တိ   ပြိုင်ဖက်မရှိတဲ့သူရဲကောင်း။

အမေဟာ~~~
ကမ္ဘာ့ဘဏ်မဟုတ်ဘူး။
အမေ့ရဲ့ချွေးခံအိပ်ဟာ  သားသမီးတွေအတွက်
ဆယ့်နှစ်ရာသီလုံး ထုတ်သုံးမကုန်တဲ့ဘဏ်တိုက်။
ဘယ်ချိန်နှိုက်နှိုက် အမြဲပဒေသာပင်။

အမေဟာ~~~
သိပ္ပံပညာရှင်မဟုတ်ဘူး။
အမေရဲ့ စွမ်းအင်ဟာ
သားသမီးအသံနဲ့ မျက်နှာရိပ်ကိုဖတ်
ရင်ထဲက ခံစားချက်အမှန်ကို တပ်အပ်မြင်နိုင်သူ။
ဇမ္ဗူတစ်ခွင်လုံး အတော်ဆုံးပညာရှင်။

အမေဟာ~~~
နေ့ နဲ့ ညလို အလွှာမရှိဘူး။
နေ နဲ့ လလို ကွာဟမှုမရှိဘူး။
ထာဝရ အလင်းတန်းနဲ့
သားသမီးတွေအတွက်လမ်းပြ
သူ့ဘဝသာယာမှုကို အမှောင်ချလို့ လျစ်လျူရှုတတ်သူ။
ခလုတ်တစ်စုံနဲ့ နေရာကုန်လင်းတဲ့ အလင်းရှင်။

အမေဟာ~~~
ဘာသာအယူ  နေရာမတူဘူး ,
ပုံစံကွဲပြား    စကားမတူဘူး ။
ရင်မှပေါက်ဖွား သားသမီးအပေါ်ထားတဲ့ချစ်ခြင်း
နှလုံးသားမှာစီးဆင်း မေတ္တာချင်းတစ်သားထဲရှိနေသူ။
လှိုင်းမထန် ရေမကျ ထာဝရမခမ်းတဲ့မြစ်။

အမေဟာ~~~
ရာသီနဲ့ နာရီမရှိဘူး ,
ပင်ပန်းလို့ ဟောင်းနွမ်းမှုမရှိဘူး။
သားသမီးအတွက်ဆို
အစွမ်းကုန်ဝင့်ပြီး အချိန်တိုင်းပွင့်တယ်
ပွင့်သမျှလည်း မကြွေ ပန်းတိုင်းထက် ရနံ့ဝေသူ
မြေသြဇာကောင်းနဲ့ ရေလောင်းပေးတဲ့  ဥယျာဉ်မှုး။

အမေဟာ~~~
ကျောက်တံတားမဟုတ်ဘူး။
လောကဓံတရားက တွန်းထိုးပွတ်တိုက်မိတဲ့အခါ
အမေ့ရှိသမျှခွန်အားအပြည့်နဲ့
သားသမီးတွေရှေ့က ကျားကန်ပေးသူ။
ဒုက္ခကြမ်းကို  တစ်ယောက်ထဲထမ်းပိုးတဲ့ တံတားတစ်စင်း။

အမေဟာ~~~
အရေတွက် မများဘူး
ကိုယ်ပိုင်အရည်သွေးနဲ့ တစ်ယောက်ပဲရှိတယ်
အမေ့မေတ္တာကတော့
စာဖွဲ့လို့မလောက်တဲ့  ပုံနှိပ်တိုက်။
ဘယ်ခါမှမခြောက်တဲ့ ရေသောက်မြစ်။
ဆွဲခြစ်လို့ မပြီးတဲ့ပန်းချီကား
ဆိုညည်းလို့ မကုန်တဲ့သီချင်း
ရင်တွင်းနှလုံးသားမှာ
အဆုံးသတ်ခြင်းမရှိတဲ့ ဘဝသရုပ်တွေကို
ရေးဆွဲပေးနေတဲ့  ဇာတ်ညွှန်းရေးဆရာ။

အမေဆိုတဲ့ အမည်နာမနဲ့
ချီလိုက်တဲ့ လက်အုပ်တွေမှာ
တစ်ကြိမ်တစ်ခါဆိုတာ မရှိဘူး
အကြိမ်တစ်ရာဆိုတာ မရှိဘူး
အကြိမ်ကြိမ်အခါခါ ဦးညွတ်
ခူးဆွတ်တိုင်း မေတ္တာအသီးပွင့်တွေ ပွင့်ပေးနေတဲ့
ငါတို့အားလုံးရဲ့ အမေ။

                                                
                                                 ဇွဲဇာနည်(ကန့်ဘလူ)

(ဘယ်လိုဆိုဆို ပျော်တာပါ့လေ။
တက္ကသိုလ်ရဟန်းပျိုမှ ဆရာတော်များအားလုံး
စာဖတ်ပရိသတ်များအားလုံးနှင့်အတူ
ဆု ကိုယ်စားယူပေးတဲ့ ကဗျာဆရာ ကို အိုဂျေခတို့အားလုံးကို
အထူးပဲကျေးဇူးတင် ဝမ်းမြောက်မိပါကြောင်း။)

0 comments:

Post a Comment