ဒီပင်္ကရာမဟာစေတီပုံရိပ်များ.....
မော်လူးဒေသအတွင်းရှိ ဒီပင်္ကရာ မဟာစေတီတော်မြတ်ကြီးသည် သမိုင်းဝင်စေတီတစ်ဆူဖြစ်သည်။ကိုးတိုက်နယ်လုံး ကိုးကွယ်၍လည်း ကိုးတိုက်နယ်ဘုရား ဟု နာမည်တွင်သည်။လွန်ခဲ့သောနှစ်ပေါင်းတစ်ရာကျော်ကပင် တည်ထားသော စေတီဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ဗုဒ္ဓပူဇနိယပွဲတော်ကိုကျင်းပလာခဲ့သည်မှာ ယနေ့အချိန်တိုင်အောင်ပင်။
တပို့တွဲလဆန်း(၁၀)ရက်နေ့ ရောက်တိုင်း ဗုဒ္ဓပူဇ နိယပွဲတော်ကို စည်းကားသိုက်မြိုက်စွာ ကျင်းပကြသည်။ပွဲတော်မရောက်ခင် ပြာသိုလဆန်း(၆)ရက်နေ့မှပြာသိုလပြည့်နေ့အထိ အသံမစဲမဟာပဌာန်းပွဲကို (၁၀)ရက်တိုင်တိုင် နေ့ညမပြတ်ရွတ်ဖတ်ပူဇော်သည်။ပဌာန်းပွဲလာသူများ၊ဆွမ်းကျွေးလာသောသူများ၊ဈေးသည်များဖြင့် ပွဲတော်မရောက်မှီကပင် စည်ကားစပြုလေသည်။
ဘုရားပွဲတော်ကျင်းပရာတွင်လည်း နိုင်ငံကျော်ဇာတ်ပွဲများဌား၍ (၅)ရက်နှင့်(၆)ညတိုင်အောင် ခြိမ့်ခြိမ့်သဲ ကျင်းပသည်။နိုင်ငံအနှံ့မှ ဈေးသည်များ ကားကြီး၊ကားငယ်တို့ဖြင့် လာရောက်၍ အ၀တ်အထည်၊စားသောက်ကုန် နှင့် သံထည်ပစ္စည်း၊ကစားစရာပစ္စည်း စသည်တို့ကို စုံလင်စွာ ရောင်းချကြသည်။ဈေးရောင်းလာသူများလည်း ဘုရားပွဲတော်ရက်ကို မှတ်သား၍ နှစ်စဉ်လာရောက်ကြသည်။
ဒီပင်္ကရာဘုရားမှာ မော်လူးမြို့မှ သူရောင်းကျေးရွာသို့ သွားသော လမ်းပေါ်ရှိပြီး မော်လူးမြို့နှင့် ၁မိုင်ကျော်ခန့်ဝေးသဖြင့် ပွဲတော်ရက်အတွင်း သုံးဘီး၊မြင်းလှည်း စသည်တို့ ဖြင့် ပြေးဆွဲပေးပါသည်။တစ်ချို့လည်း ဆိုင်ကယ်၊ကားတို့ဖြင့် ပွဲတော်လာကြသည်။အလှမ်းဝေးသောအခြား မြို့/ရွာများမှာမူ ကားစင်းလုံးပြတ်ဌား၍လည်း လာရောက်ကြလေသည်။ပွဲတော်အပြီး လပြည့်ကျော်(၁)ရက်နေ့တွင်မူ အယုတ်၊အလတ်၊အမြတ်မရွေး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုလည်း ကျင်းပ၍ ကုသိုလ်ပြုကြသည်။
ယခုလည်းဒီပင်္ကရာဘုရားသို့ ရောက်ခိုက် စည်ကားလှသော မော်လူးဒေသသားတိုင်းသိရှိသော ဘုရားပွဲတော် အငွေ့အသက် ပုံရိပ်တို့်ကို သိမြင်ခံစားစေခြင်းဌာ မော်လူးပုံရိပ်မှ တင်လိုက်ပါတယ်ခင်ဗျာ။
0 comments:
Post a Comment