သူတို့ပေးသော ကတိများ
နိုင်ငံအတွက် အလှည့်အပြောင်းဖြစ်စေနိုင်သည့် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပရန် ရက်အနည်းငယ်သာလိုတော့သောချိန်တွင် ပါတီအသီးသီးမှ မဲဆွယ်စည်းရုံးဟောပြောမှုများ ပိုမိုများပြားလာခဲ့သည်။
ထိုသို့မဲဆွယ်စည်းရုံးဟောပြောရာတွင် အကြောင်းအချက်များစွာ ထည့်သွင်းပြောကြားခဲ့ပြီး မိမိတို့အနိုင်ရပါက ဆောင်ရွက်မည်ဟု ပြောကြားသည့် ကတိများမှာ ယင်းဟောပြောချက်များ၌ပါဝင်လာသည်။
အထူးသဖြင့် ပါတီကြီးနှစ်ခုဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်ပြည်ခိုင်ဖြိုးပါတီတို့မှ ပါတီထိပ်ပိုင်းခေါင်းဆောင်များ၏ဟောပြောမှုတွင် ထည့်သွင်းပြောကြားခဲ့သည့် ကတိများမှာ လူထုစိတ်ဝင်စားဖွယ်ရှိသည့် စကားရပ်များဖြစ်လာခဲ့သည်။
အထွေထွေရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်အနက် ကိုယ်စားလှယ်လောင်း ရာဂဏန်းနှင့်အထက် ယှဉ်ပြိုင်မည့်ပါတီများက ၎င်းတို့ ဆောင်ရွက်မည့် မူဝါဒအနှစ်ချုပ်ကို ဆောင်ပုဒ်များဖြင့် ဖော်ပြသည့်အပြင် ပါတီခေါင်းဆောင်များ၏ ကတိစကားများဖြင့်လည်း ပြောကြားကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၂၀၁၀ တွင် မဲဆန္ဒနယ်အများစု အနိုင်ရခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ကိုယ်စားလှယ်လောင်း ၁,၀၀၀ ကျော် စာရင်းပေးသွင်းထားပြီး ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရန် ပြင်ဆင်နေသည်။
ပြည်ခိုင်ဖြိုးပါတီသည် မြန်မာ နိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်ခဲ့ရာ အဆင့်နှစ်ခုမှာ အောင်မြင်မှုအတိုင်းအတာတစ်ခု ရရှိခဲ့ပြီး တတိယအဆင့်ကို ဆက်လက်
ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လူမှုစီးပွားဘ၀ရေးကို ဦးစားပေးဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် လာမည့်ငါးနှစ်အတွင်း ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပါတီဗဟိုအထွေထွေ အတွင်းရေးမှူး ဦးတင်နိုင်သိန်းက ၎င်း၏ မဲဆွယ်ပွဲများတွင် ပြည်သူများအား ကတိပြုပြောကြားထားသည်။
ပြည်ခိုင်ဖြိုး၏ ကြွေးကြော်သံက ‘‘ပြုပြင်ပြောင်းလဲမှုဆက်လက်ဆောင်ရွက်မည်’’ဟု ဆိုသည်။ ပြည်ခိုင်ဖြိုးဥက္ကဋ္ဌသမ္မတဦးသိန်းစိန်လက်ထက်တွင် ပြုပြင်ပြောင်းလဲမှုအချို့ရှိခဲ့သည်။ သမ္မတဦးသိန်းစိန်ဝန်ကြီးချုပ်ဘ၀ တပ်မတော် အစိုးရလက်ထက် ၂၀၁၀ တွင် ကမ္ဘာပေါ်၌ အဂတိလိုက်စားမှု အဆိုးဆုံးစာရင်းတွင် မြန်မာထက်ဆိုးသည်က ဆိုမာလီယာသာ ရှိတော့ကြောင်း ဂျာမနီအခြေစိုက် အကျင့်ပျက်ခြစားမှုလေ့လာရေးအဖွဲ့တစ်ခုဖြစ်သည့် Tran- sparency International က သတ်မှတ်သည်။
သမ္မတဦးသိန်းစိန်အရပ်ဘက်ပြောင်းပြီး အစိုးရတာဝန်ယူချိန် ၂၀၁၅ အရောက်တွင်တော့ Transparency International ၏ မြန်မာအပေါ် အဂတိလိုက်စားမှု အညွှန်းကိန်းသတ်မှတ်ချက်က တိုးတက်လာခဲ့သည်။ ၂၀၁၄အရောက်တွင် မြန်မာအောက်၌ ၁၈ နိုင်ငံအထိ ရှိလာပြီဖြစ်သည်။
သို့သော်လည်း အရှေ့တောင်အာရှတွင် မြန်မာသည် အကျင့်ပျက်ခြစားမှုအများဆုံးနိုင်ငံ ဖြစ်နေဆဲဖြစ်သည့်အတွက် ‘‘ပြု ပြင်ပြောင်းလဲမှု ဆက်လက်ဆောင်ရွက်မည်’’ဆိုသည့် ကြွေးကြော်သံကို စောင့်ကြည့်ရတော့မည် ဖြစ်သည်။
ထို့ပြင် ယခင်တပ်မတော်၌ ဒုတိယဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီးတာဝန်များ အဆင့်မြင့်ထမ်းဆောင်ခဲ့သူအများစု ၀င်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော်ကောင်စီမဲဆန္ဒနယ်များတွင်လည်း တပ်မတော်အရာရှိဟောင်းများက ကတိများတွင်တွင်ပေး၍ မဲဆွယ်စည်းရုံးခဲ့သည်။
‘‘ကျွန်တော်တို့က တခြားအရပ်ဒေသများ၊ ပြည်ပနိုင်ငံများက အတွေ့အကြုံတွေကို ရယူပြီးတော့ သွားရောက်လေ့လာပြီး မိမိတို့ဒေသနဲ့ လိုက်ဖက်မယ့် ပြည်တွင်းစက်မှုလုပ်ငန်းများထူထောင်ရေးကို ဆောင်ရွက်ပေးသွားမယ် ဆိုတာဒေသနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ကတိပြု ပြောကြားလိုပါတယ်။ နိုင်ငံတော်အတွင်းမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိရေးဟာ အရေးကြီးတဲ့အတွက် ဒါကိုလည်း အလေးအနက်ထားပြီးတော့ ကြိုးပမ်း
ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ဟု ကတိများ ပြောကြားခဲ့သူသည် တပ်မတော်တွင် တတိယခေါင်းဆောင်နေရာဖြစ်သော ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်းဖြစ်သည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း ၀င်ရောက်ယှဉ်ပြိုင်မည့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း၊ လက်ရှိ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က အမျိုးဘာသာနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေးကို အဓိကကြိုးပမ်း ဆောင်ရွက်မည်ဟု ဆိုပြန်သည်။
အထူးသဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်မည်ဆိုကာ ဖက်ဒရယ်ပြည်ထောင်စုစနစ်ထူထောင်ရေးစသည့် ကိစ္စရပ်များကို ဆောင်ရွက်မည်ဖြစ်ကြောင်း ကတိပေး ပြောကြားမှုပြုခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်စဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြွေးကြော်သံက အခြေခံဥပဒေပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးတို့ ဖြစ်ခဲ့သည်။
ထိုကြွေးကြော်သံအောက်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နေရာ ၄၄ နေရာ တွင် ၄၃ နေရာအနိုင်ရခဲ့သော်လည်း သူတို့ကြွေးကြော်ခဲ့သလို အကောင်အထည် မဖော်နိုင်ခဲ့ပေ။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ၎င်းတို့အနိုင်ရခဲ့သည့် အင်အားမှာ လွှတ်တော်အတွင်း ၅ ရာခိုင်နှုန်းမျှပင် မပြည့်သဖြင့် ရည်ရွယ်ချက်များအကောင်အထည်ဖော်နိုင်သည့် အဆင့်မရှိဟု ၂၀၁၅ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲ ကြေညာစာတမ်း၌ ပွင့်ပွင့်လင်းလင်း ရေးသားထားခဲ့သည်။
၁၉၉၀ နှင့် ၂၀၁၂ ရွေးကောက်ပွဲများတွင် အောင်ပွဲခံခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်၎င်းတို့၏ တတိယအကြိမ်မြောက် ရွေးကောက်ပွဲတွင်လည်း ၂၀၁၂ တုန်းက ပြောကြားခဲ့သည့် အချက်အချို့ကို
ပြန်လည်ထည့်သွင်းခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၎င်းတို့အစိုးရဖွဲ့နိုင်ပါက တိုင်းရင်းသားအရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေး ဖြေရှင်းရန် ကတိကဝတ်ပြုခဲ့သည်။
ကမ္ဘာ့အရှည်ကြာဆုံးစာရင်းဝင် ပြည်တွင်းစစ်၊ သယံဇာတခွဲဝေမှု ပြဿနာ၊ တန်းတူညီမျှရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစသည်တို့အတွက် နှစ်ပေါင်း ၆၀ ကျော် အဖြေမရှာနိုင်သေးသည့် ပြဿာနာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုင်တွယ်ဖြေရှင်းရန် ကတိကဝတ်ပြုခဲ့သည်။
ပြည်တွင်းစစ်ကဲ့သို့ပင် မြန်မာနိုင်ငံ၏ ရောဂါဆိုးများအနက် တစ်ခုဖြစ်သည့် အကျင့်ပျက်ခြစားမှုကိုလည်း အဆုံးသတ်စေရမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကတိကဝတ်ပြုထားသည်။
‘‘အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူတွေကို ရဲရဲကြီး ကတိပြုနိုင်ပါတယ်။ ကျွန်မတို့အဖွဲ့ဟာ အစိုးရဖြစ်လို့ရှိရင်တော့ အဂတိလိုက်စားမှုကင်းစင်ရပါမယ်လို့ ကျွန်မပြောနိုင်ပါတယ်’’ဟု
ဒေါ်အောင်ဆန်းစုကြည်က ပြတ်ပြတ်သားသား ပြောကြားထားသည်။
ဂျာမနီအခြေစိုက် အကျင့်ပျက်ခြစားမှုလေ့လာရေး အဖွဲ့တစ်ခုဖြစ်သည့် Transparency International က 2014 အတွက် ထုတ်ပြန်ချက်အရ မြန်မာသည် ကမ္ဘာပေါ်တွင် အကျင့်ပျက်ခြစားမှုအများဆုံးနိုင်ငံ ၂၀ စာရင်းဝင်ဖြစ်သည်။ အဆိုပါစာရင်းအရ မြန်မာသည် အရှေ့တောင်အာရှတွင် အကျင့်ပျက်ခြစားမှုအများဆုံးနိုင်ငံလည်းဖြစ်သည်။
တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး အေးချမ်းလုံခြုံစွာလက်တွဲနေထိုင်ရေးကို အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ထွန်းရေး၊ ပြည်သူလူထုကို တရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်မှုစနစ်တစ်ရပ် ပေါ်ပေါက်လာရေးနှင့် လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးတို့ ဖော်ဆောင်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကတိပြုထားသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
၁၉၉၀၊ ၂၀၁၀ နှင့် ၂၀၁၂ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကလည်း ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ၇၀၀ ကျော် စာရင်းပေးသွင်းထားသည်။
‘‘ဈေးကွက်စီးပွားရေးဆိုတာကတော့ ဒီခေတ်အခြေအနေပေါ့။ ကျွန်တော်တို့က လယ်သမားလူတန်းစားတွေအတွက် လယ်လုပ်သူလယ်ပိုင်ခွင့်ရရေးဆိုတဲ့ ကိစ္စကို ဦးစားပေးဆောင်ရွက်ချင်တယ်။ အခုလည်း လယ်ယာမြေပြန်လည် ရရှိရေးအတွက် ပါတီက ဆောင်ရွက်နေတယ်’’ဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေက ပြောသည်။
ငြိမ်းချမ်းရေး၊ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ လွတ်လပ်ရေးနှင့် လူ့အခွင့်အရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကုန်ဈေးနှုန်းများတည်ငြိမ်ရေး၊ လာဘ်ပေးလာဘ်ယူပပျောက်ရေး၊ လယ်သမားလုပ်တဲ့ မြေလယ်သမားပိုင်ဆိုင်ရေး၊ အလုပ်သမားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးတို့သည် ၎င်းတို့ကတိကဝတ်ပြုသည့် အချက်များဖြစ်ကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဆိုသည်။
‘‘ကိုယ်စားလှယ်လောင်းတွေအနေနဲ့ နှုတ်နဲ့ကတိပေးတာမျိုး ကျွန်တော်တို့ပါတီက မလုပ်ပါဘူး။ ရွေးကောက်ပွဲကြေညာစာတမ်းဆိုပြီး ထုတ်ထားတယ်။ အဲဒီထဲကအတိုင်း ဖြစ်မလာရင် ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့ စာအုပ်ကိုကိုင်ပြီး ရှုတ်ချလို့ရတယ်။ ချက်ကျ လက်ကျ ဝေဖန်လို့ရတယ်။ နှုတ်နဲ့ပေးတာမျိုးက ပြည်သူတွေအတွက်လည်း လက်ဆုပ်လက်ကိုင်ပြဖို့မလွယ်ဘူး’’ဟု ဦးဟန်ရွှေက ပြောသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ
ကျားဖြူဟု လူသိများသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ‘‘ရှမ်းပြည်နယ်အစိုးရ ဖွဲ့နိုင်ဖို့ ကျားဖြူပါတီကို မဲပေးစို့’’ ဟု ကြွေးကြော်ခဲ့သည်။
နိုင်ငံသားတိုင်း၊ တိုင်းရင်းသားလူမျိုးတိုင်း စားဝတ်နေရေးဖူလုံ၍ အဆင့်အတန်းမြင့်မားပြီး ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ရန် လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးမည်။
တောင်သူလယ်သမားများ၏ လူနေမှုဘဝ တိုးတက်မြင့်မားရေး၊ အစိုးရဆေးရုံများတွင် ဆေးရုံအင်္ဂါနှင့် ညီညွတ်ပြည့်စုံရေး၊ ဆေးဝါးအလုံအလောက်ရရှိရေး၊ တိုင်းရင်းသားတိုင်းသည် မိမိတို့၏ စာပေကို ထိန်းသိမ်း
မြှင့်တင်နိုင်ရေးအတွက် မိမိဘာသာစကား၊ စာပေများကို စာသင်ကျောင်းများတွင် သင်ကြားနိုင်စေရန် ဥပဒေ ပြဋ္ဌာန်းနိုင်ရေး၊ လယ်ယာမြေစိုက်ပျိုး လုပ်ကိုင်သည့် တောင်သူလယ်သမားတိုင်းသည် မြေယာပိုင်ဆိုင်ခွင့်၊ လွှဲပြောင်းပိုင်ခွင့်ရှိရေး စသည့်အချက်များကို ကျားဖြူပါတီက ကတိကဝတ်ပြုခဲ့သည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်
၁၉၉၀ ရွေးကောက်ပွဲဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၅နှစ်အကြာ ရွေးကောက်ပွဲပြန်လည်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း ၁၆၀ ခန့် စာရင်း ပေးသွင်းခဲ့သည်။
ငြိမ်းချမ်းသော နိုင်ငံရေးနည်းလမ်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန်နှင့် တန်းတူရည်တူရှိသည့် စစ်မှန်သောပြည်ထောင်စုစနစ် ထူထောင်သွားမည်။ ကျဉ်းမြောင်းသော လူမျိုးကြီးဝါဒ၊လူမျိုး ရေးဝါဒများ မပေါ်ပေါက်စေရန်နှင့် အာဏာရှင်စနစ်များ မပေါ်ပေါက်စေရန် ကြိုးပမ်းကာကွယ်မည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲကြေညာစာတမ်းတွင် ရေးသားထားသည်။
ပြည်သူများ၏ အကျိုးစီးပွားကို ပစ်ပယ်ပြီး လူတစ်စု၏အကျိုးစီးပွားကိုသာ ဦးစားပေးသည့်စနစ်နှင့် ဥပဒေများ မပေါ်ပေါက်စေရန် ကာကွယ်ခြင်း၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် စီးပွားရေး အခွင့်အလမ်းများအားလုံးကို တန်းတူညီမျှ တူညီသော အခွင့်အရေးအဖြစ် ခံစားခွင့်ရအောင် ဆောင်ရွက်ခြင်း၊စီးပွားရေး၌ ဗဟိုချုပ်ကိုင်မှုကို လျှော့ချပြီး သက်ဆိုင်ရာပြည်နယ်၊ တိုင်းများသို့ လုပ်ပိုင်ခွင့်များဖြန့်ဝေ ပေးနိုင်အောင် ကြိုးပမ်းခြင်း စသည်တို့ကို လုပ်ဆောင်မည်ဟု ကတိကဝတ်ပြုသည်။
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် စီးပွားရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုကို ဦးစားပေးပြုပြင်ပြောင်းလဲရန် ၎င်းတို့လုပ်ငန်းစဉ်တွင် ထည့်သွင်းရေးဆွဲထားသည်။ စစ်မှန်သည့် ဈေးကွက်စီးပွားရေးစနစ် အကောင်အထည်ဖော်နိုင်ရန်နှင့် လယ်ယာမြေကဏ္ဍ မြှင့်တင်ရေးကိုလည်း ဦးစားပေး လုပ်ဆောင်သွားရန် ရှိသည်ဟုဆိုသည်။
ငါးနှစ်တာ ရပ်တည်ခဲ့သည့် အဆိုပါ ပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ရွေးချယ်ထားသော ဆောင်ပုဒ်တွင် ‘‘ဒီခေတ်ကြီးကို ပြောင်းပစ်ဖို့ ခမောက်မဲကို ထည့်ကြစို့’’ဟူ၍ ကြွေးကြော်သုံးစွဲလာခဲ့သည်။
‘‘ကျွန်တော်တို့ NDF ပါတီက ကိုယ်စားလှယ်လောင်းတွေ အနိုင်ရလာရင် ပြည်သူများရဲ့ စားဝတ်နေမှုပြေလည်စေရေး၊ ကျေးရွာအနှံ့ လျှပ်စစ်မီးရရှိစေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ကာ ငွေကြေးတန်ဖိုး မြင့်တက်လာစေရေး စတဲ့အချက်များကို ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်’’ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။
0 comments:
Post a Comment