အင်းတော်မြို့နယ် မော်လူးဒေသ ရွှေလေးတန်အာယုပါလ ကျန်းမာရေး ကူညီ စောင့်ရှောက်မှုအသင်းကြီး ရေရှည်တည်တံ့နိုင်ရန်အတွက် အဖက်ဖက်မှ ၀ိုင်းဝန်း ကူညီထောက်ပံ့ ငွေများထည့်ဝင်ပေးခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်း လွှာချီးမြင့်ပွဲ အခမ်းအနားကို ၁၃၇၇ ခုနှစ် သီတင်းကျွတ်လဆန်း ၁၀ ရက် သောကြာနေ့ မော်လူးအုပ်စု ပဲခူးကျေးရွာ ပါမောက္ခရာမကျောင်းတိုက်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အသင်းဝင်များနှင့်စိတ်ပါဝင်စားသူ ၂၀၀ကျော် တက်ရောက်ကြပြီး ခေါက်ဆွဲဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါတယ်။ အခမ်းအနား
ကို နေ့ ၁၁း ၃၀ မှစတင်ခဲ့ပြီး အသင်း၏ နာယကဆရာတော် ဦးပါကဋမှ သြ၀ါဒများ မိန့်ကြားတော်မူခဲ့ပါတယ်။
အသင်းတည်ထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ
နိုင်ငံသားများအားလုံး ကျန်းမာသန်စွမ်းစေရန်။
ခရီးသွားလာရေးအတွက် အခက်အခဲကြုံတွေ့ရသော ရောဂါဝေဒနာရှင်များအား လူမျိုးမရွေး၊ ဘာသာမရွေး တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်နိုင်ရန်။
ဖြစ်ပါတယ်။
အသင်းကို ၂၀၁၄ ဇန္န၀ါရီလတွင် စတင်နိုင်ခဲ့ပြီး ၂၃၊ ၁၀၊ ၂၀၁၅ အထိ အသင်းဝင် ၁၀၀၀၀ နှုန်းဖြင့် ရာသက်ပန် အလှူရှင် ၃၃၄ဦး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
အသင်းစတင်ချိန်မှ ကားနှစ်စီးဖြင့်ပြေးဆွဲခဲ့ရာ အကြိမ်ပေါင်း ၃၇၆ ကြိမ်
ကူညီခဲ့ပြီး ဖြစ်ပါတယ်။ ယနေ့အချိန်ထိ
၂၅၀၀၀ ကျပ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့
ပြီး ပြောင်းလဲချိန်တန်လျှင် လျော့ချပို့ဆောင် ပေးသွားမည်ဟု အသင်းဥက္ကဌ ဆရာကြီးဦးစိုးမြင့်မှ အမှာစကားပြောကြား သွားခဲ့ပါတယ်။ အသင်း
ရေရှည်တည်တံ့နိုင်ရန်အတွက် ညောင်ကုန်း ကုန်းခါး မော်လူး စသော ကျေးရွာ
များမှ အသင်းဝင်များ ၀င်ရောက်လျှက်ရှိရာ အသင်းအနေဖြင့် ၀မ်းမြောက်စွာ
ကြိုဆိုလျှက်ရှိပါတယ်။
ဒုက္ခရောက်သူ၊ထောက်ပံ့မူက
အကူခံဝမ်းမြောက်၊ချမ်းသာရောက်၏
ပံ့ထောက်သူမှာ၊သံသရာ၌
မှန်စွာတိုးသင့်၊တန်ခိုးဝင့်သည်
ရေမြင့်ကြာတင့်၊ပမာတည်း"
0 comments:
Post a Comment