Pages

Saturday, 17 October 2015

ပြောင်းလဲချိန်​တန်​ပြီ

နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲကြီးမကျင်းပမီ တစ်နိုင် ငံလုံး ရေပန်းအစားဆုံးစကားလုံး က ပြောင်းလဲချိန်တန်ပြီဆိုတဲ့ စကားဖြစ်သလို ဘယ်အစိုးရပဲ တက်တက် ကိုယ့်အလုပ်ကိုယ် လုပ်ရမယ်ဆိုတဲ့စကားတွေက လည်း ပြန့်နေပါတယ်။ မှန်ပါတယ်။ဘယ်အစိုးရတက်တက် ကိုယ် လုပ်မှကိုယ်စားရမှာဆိုပေမယ့် စိတ်အေးချမ်းသာစွာနဲ့ လုပ်ကိုင် စားသောက်ရဖို့လိုအပ်ပါတယ်။ မိသားစုစားဝတ်နေရေးအတွက် အလုပ်ခွင်ထဲရောက်နေတဲ့မိဘ တွေအနေနဲ့ မိသားစုကျန်းမာရေး ကိစ္စ၊ ကိုယ့်သားသမီးတွေရဲ့ပညာ ရေးကိစ္စတွေကို မပူမပင်ရအောင် လုပ်ပေးနိုင်မယ့် အစိုးရကောင်း၊ ခေါင်းဆောင်ကောင်းလိုအပ်ပါ တယ်။ အလယ်အလတ်လူတန်း စားနဲ့ အောက်ခြေလူတန်းစားတွေ အနေနဲ့ စားဝတ်နေရေးကို ကြက် လိုယက်ပြီးရှာနေကြရပေမယ့် အပိုဝင်ငွေဆိုတာ မရှိကြပါဘူး။ မတ်တတ်စာပဲရှိပြီး တုံးလုံးစားမရှိ ပါဘူး။

ကျန်းမာရေး၊ ပညာရေး အတွက် ပြည့်စုံတဲ့အာမခံချက်ဆို တာ ဒီနေ့အထိ မခံစားရသေးပါ ဘူး။ ကျန်းမာရေးနဲ့ပတ်သက်လို့ ဆေးရုံ၊ ဆေးခန်းမသွားနိုင်လို့ လမ်းဘေးကဆေးတစ်ခွက်နဲ့ပြီးရ တဲ့မိသားစုတွေ၊ သားသမီးတွေကို ပညာသင်မပေးနိုင်ဘဲ နိုင်ရာ အလုပ်ကိုဝင်လုပ်ပြီး မိသားစု စားဝတ်နေရေးအတွက် လုံးချာလိုက်နေရတဲ့မိသားစုတွေဒုနဲ့ဒေးပါ။

 တောင်သူလယ်သမားကြီး တွေအနေနဲ့လည်း မနက်မိုးလင်း မှမိုးချုပ်အထိ လယ်ထဲမှာ တလည်လည်နေကြရပေမယ့် အချိန်တန် တဲ့အခါ ဝမ်းစာအတွက်မနည်း ချန်ထားရတဲ့သူတွေများပါတယ်။ အစိုးရအဆက်ဆက်မှာ ချမ်းသာတဲ့လယ်သမားဆိုတာ တော်တော်ရှားပါတယ်။ တောင်သူဦးကြီးများလို့အခေါ်ခံရတာကလွဲပြီး အချိန်တန်တော့ အကြွေးတွေနဲ့ နှစ်ပါး သွားခဲ့ရပါတယ်။ နွေစပါးစိုက် လို့ မဖြစ်ထွန်းတဲ့ လယ်မြေတွေ ကို မြစ်ရေတင်စီမံကိန်းလုပ်ပြီး နွေစပါးစိုက်လိုက်တာ တောင်သူတွေ ဒုက္ခရောက်သွားတာပဲ အ ဖတ်တင်ခဲ့တာတွေလည်း နယ်တိုင်းမှာ ရှိပါတယ်။

နွေစပါးအစား မတ်ပဲစိုက် ရင် တောင်သူတွေချမ်းသာမှာစိုး လို့လားမသိပါဘူး။ မတ်ပဲစိုက်နေ ရင်း နွေစပါးစိုက်ရမယ်ဆိုလို့ မတ်ပဲခင်းတွေကို ဖျက်ပစ်လိုက်ရ တဲ့အခါ လယ်သမားတွေမှာ ရင် ထုမနာဖြစ်ရပါတယ်။ ဒါတွေကို မသိချင်ဟန်ဆောင်နေကြတဲ့ အစိုးရမင်းများကိုလည်း အံ့သြမိ ပါတယ်။ အောက်ခြေကလိမ်ညာ သမျှ အဟုတ်မှတ်နေတာတွေဟာ တိုင်းပြည်ကို မတိုးတက်စေဘဲ နိမ့်ပါးသွားစေတဲ့အချက်တွေထဲက တစ်ချက်အပါအဝင်ဖြစ်ပါ တယ်။

 နွေစပါးစိုက်လို့မရတဲ့ လယ်မြေမှာ နွေစပါးစိုက်ခိုင်းခဲ့တာ တောင်သူတွေအတွက် ဆင်းရဲ တွင်း နက်သထက်နက်သွားပေ မယ့် မြို့နယ်လူကြီးတွေအတွက် ကတော့ အထက်ကလာတဲ့အခါ ပြယုဂ်ကောင်းခဲ့ပါတယ်။ ဘယ် လောက်အထိလဲဆိုရင် မအောင်မြင်တဲ့နွေစပါးတွေရိတ်သိမ်းပြီး ရိုးပြတ်ပဲကျန်တော့တဲ့ အချိန်မှာ အောက်ကအစိုဓာတ်ကြောင့် မြက်ပင်တွေပြန်ပေါက်လို့ စိမ်းစိုနေတာကို တံတားဖွင့်ပွဲလာတဲ့လူကြီးက‘‘ကောင်းလိုက်တဲ့ နွေစပါးတွေလို့’’ ပြောသွားတဲ့ အ ကြောင်း ဒေသခံတွေ ပြန်ပြော ပြလို့ သိရပါတယ်။ မြက်ပင်နဲ့ စပါးပင်လောက်တော့ ခွဲခြားသိဖို့ ကောင်းပါတယ်။

 နောင်တက်မယ့် အစိုးရ အနေနဲ့ အပေါ်ယံရွှေမှုန်ကြဲပြီး အထဲမှာနွားချေးခံထားတဲ့ မရောင်ရာဆီလူးတဲ့ အစီရင်ခံစာတွေ၊ လူကြီးလာမှ ရုပ်ပြကောင်းအောင်ပြင်ထားတာတွေကို မိန့်မိန့်ကြီးနဲ့ကျေနပ်မနေကြပါနဲ့ခင်ဗျာ။ တ ကယ့်အဖြစ်မှန်ကို တင်ပြခိုင်းပါ။  ဒါမှ ဘာလုပ်ပေးရမလဲဆိုတာသိမှာဖြစ်ပါတယ်။ အခုတော့ သိသိချည်းနဲ့ငြိမ်နေတာ ပြည်သူတွေရဲ့ မဲတစ်ပြားကိုယူထားပြီး ပြည်သူတွေကို စော်ကားရာရောက်ပါတယ်။

 ခေတ်အဆက်ဆက်အုပ် ချုပ်ခဲ့တဲ့ အစိုးရမင်းများ အနေ နဲ့ အောက်ခြေ လူတန်းစားတွေ အတွက် ကျန်းမာရေး၊ ပညာရေး တွေကို မပူမပင်ရအောင်လုပ်ခဲ့ ကြသလားဆိုတာ မေးခွန်းထုတ်ရမှာဖြစ်ပါတယ်။ ပြည်သူတွေစိတ်လက်ချမ်းသာစွာနဲ့ နောက် ကြောင်းအေးအေးနဲ့ လုပ်ကိုင်စား သောက် ခဲ့ကြရသလားဆိုတာ ပြည်သူတွေသာ အသိဆုံးဖြစ်ပါ တယ်။

နေပြည်တော်လိုနေရာမျိုး မှာ လျှပ်စစ်မီးတွေထိန်ထိန်ညီးနေ ပေမယ့် ပြည်သူတွေမှာတော့ မီးခွက်နဲ့ဖယောင်းတိုင်ထွန်းရတဲ့ ဘဝက မလွတ်မြောက်သေးပါ ဘူး။

ပြည်သူတွေအနေနဲ့ တရား ဥပဒေရဲ့အစောင့်အရှောက်ကို အပြည့်အဝခံယူလိုကြသလို ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးအစ ရှိတာတွေအားလုံး တိုးတက် ပြောင်းလဲချင်တဲ့ ဆန္ဒတွေအများ အပြားနဲ့ ရှင်သန်နေကြပါတယ်။ ဘယ်လို ကောင်းတာတွေ ဖြစ် လာမလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ ရှင်သန်နေကြတာ ဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းကို ငံ့လင့် နေကြတာဖြစ်ပါတယ်။

ကျွန်တော်တို့ ပြည်သူတွေ အနေနဲ့ ခေါင်းဆောင်ကောင်းကို မျှော်လင့်နေကြတဲ့အတွက် ပြောင်းလဲချိန်တန်ပြီဆိုတာကို သဘော ကျနှစ်ခြိုက်နေကြတဲ့ ရာခိုင်နှုန်းတော်တော်များတာတွေ့ရသလို ကျွန်တော်တို့ ပြည်သူတွေ ဘက်ကလည်း  နိုင်ငံကြီးသားပီသစွာ ပြောင်းသင့်တာတွေ ပြောင်းလဲ ကြရမှာဖြစ်ပါတယ်။

အများပြည်သူစီးနင်းကြတဲ့ မီးရထား၊ ကား၊ သင်္ဘောပေါ်တွေ မှာ စည်းမဲ့ကမ်းမဲ့ အမှိုက်စွန့်ပစ် တာတွေ၊ ဆေးလိပ်သောက်တာ တွေကအစ ထိုင်ခုံတွေပေါ်မှာအိပ် ပြီးလိုက်လာတာတွေလည်း နေ့စဉ် မြင်တွေ့နေရပါတယ်။ မိမိရဲ့ အပြုအမူကြောင့် ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်မယ်ဆိုတာတွေကိုလည်း မစဉ်းစားကြတော့ပါဘူး။ အုပ်စုဖွဲ့ပြီး ပြောချင်တာပြောမယ်။ လုပ်ချင်တာ လုပ်မယ်ဆိုတဲ့ လူမိုက်ဆန်ဆန်တွေလည်း ဒီနေ့လူ့အဖွဲ့အစည်းမှာ အများကြီးကြုံတွေ့နေရပါတယ်။ ကျွန် တော်တို့နိုင်ငံလောက် တားမြစ်ချက် ဆိုင်းဘုတ်ပေါတဲ့နိုင်ငံ ရှိမယ်တောင် မထင်ပါဘူး။ ဆေးလိပ်မသောက်ရ၊ မည်သူမျှ ဈေးမရောင်းရ၊ မည်သည့်ကားမျှမရပ် ရ၊ ကွမ်းတံတွေးမထွေးရ။ အမှိုက်မပစ်ရ၊ ဖြည်းဖြည်းမောင်း၊လူကူး မျဉ်းကျားမှကူးပါ။ ဆူညံခြင်းမပြုရ အစရှိတဲ့ ဆိုင်းဘုတ်တွေကို နေရာတိုင်းမှာ တွေ့မြင်နေရပေမယ့် လိုက်နာတဲ့သူအရေအတွက် က တော်တော်နည်းသလိုတားမြစ် ချက်ဆိုင်းဘုတ်တွေနဲ့ အနီးစပ်ဆုံးနေရာတွေမှာ ဆန့်ကျင်ဘက်တွေအမြဲမြင်တွေ့နေတဲ့အတွက် တားမြစ်ချက်တွေကိုလိုက်နာဖို့ အများကြီးလိုပါသေးတယ်။တချို့ တားမြစ်ချက်ဆိုင်းဘုတ်တွေမှာ ဒဏ်ငွေဘယ်လောက်ဆိုပြီး ဖော်ပြထားပေမယ့် ဘယ်သူမှ ဒဏ်ရိုက်ခံရတာမတွေ့မိပါဘူး။ တားမြစ်ချက်ထုတ်ပြန်ထားရင် ဖောက်ဖျက်တဲ့သူကို ပညာပေးဖို့၊ အရေးယူဖို့အတွက် စည်းကမ်းထိန်းသိမ်း ရေးအဖွဲ့တွေရှိရမှာဖြစ်ပါတယ်။ အဲဒီအဖွဲ့တွေကလည်း မှန်မှန်ကန်ကန်လုပ်ဖို့လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် မုန့်လုံးစက္ကူကပ် ဆိုသလို လုံးလည်လိုက်နေမှာ အမှန်ပါပဲ။

လိုင်းကားမောင်းတဲ့ယာဉ် မောင်းနဲ့ ယာဉ်နောက်လိုက်က လည်း ကွမ်းတံတွေးတွေကို စု ထားပြီး လမ်းပေါ်ကို ပစ်ချလိုက် သလို ခရီးသည်တွေကလည်း ရှေ့နောက်မကြည့်ဘဲ ထွေးချ လိုက်တာပဲ။ ပြောပြန်ရင်လည်း သူတို့က မတောင်းပန်တဲ့အပြင် ရန်ရှာတာတွေတောင် လုပ်လိုက် ပါသေးတယ်။ ကျွန်တော်တို့နိုင်ငံ မှာ ကွမ်းတံတွေးကင်းစင်တဲ့ ရုံး ဌာန၊ နေရာရှိတယ်ဆိုရင် မှတ် တမ်းတင်ထားဖို့တောင် ကောင်း ပါတယ်။

 လမ်းလျှောက်ဖို့ လုပ်ပေး ထားတဲ့ ပလက်ဖောင်းပေါ်မှာ ဈေးရောင်းတဲ့သူတွေရဲ့ ပစ္စည်း ကို ထိခိုက်လို့ ရန်တွေ့ခံရတဲ့သူ တွေလည်း အများကြီးရှိပါတယ်။ ရထားပေါ်ဈေးတက်ရောင်းတဲ့သူ တွေကလည်း ရထားတွဲရဲ့အ လယ်မှာ ဈေးဗန်းချပြီး အော်ဟစ် ရောင်းတာတွေ၊ သူတို့ဈေးဗန်းကို ထိခိုက်မိရင် မလွယ်ဘူးဆိုတဲ့ ကြိမ်းဝါးသံတွေကို ရထားစီးခရီး သည်တွေနေ့တိုင်းနီးပါးခံစားနေ ရတယ်။ ခရီးသည်တွေက ပြော ချင်ပေမယ့် သူတို့က အုပ်စုနဲ့ဆို တော့ အသာပဲငြိမ်နေလိုက်ကြရ ပါတယ်။ အ၀တ်အစားတွေ အ ကောင်းစားဝတ်၊ လက်ဝတ်လက် စားတွေ မြင်မကောင်းအောင်ဝတ် လာတဲ့သူကလည်း အမှိုက်ကို အ လွယ်တကူပစ်လိုက်သလို နွမ်းပါး တဲ့သူကလည်း လွယ်လွယ်ကူကူပဲ ပစ်လိုက်ပါတယ်။ ကားအကောင်း စားကြီးစီးသွားတဲ့သူကလည်း ကားကိုမှအားမနာ အမှိုက်တွေ ပစ်ချသွားသလို ကွမ်းတံတွေး လည်းထွေးလိုက်ပါသေးတယ်။ ကိုယ်ပိုင်နေရာ မဟုတ်တဲ့နေရာ ကို ကားထားဖို့နေရာလုနေကြ တာတွေ၊ ကားလမ်းမှာစည်းကမ်း မဲ့ စုပြုံတိုးနေကြတာတွေ၊ လမ်း ပြောင်းပြန်မောင်းနေတဲ့သူတွေ ကလည်း နေရာအနှံ့မှာ တွေ့မြင် နေရပါတယ်။
နေရာတိုင်းလိုလိုမှာ တစ်ဦး နဲ့တစ်ဦး နည်းနည်းလေးမှ အမှား မခံကြတော့ဘဲ ထစ်ခနဲဆို ခုတ် မယ်ထစ်မယ် ပါးပါးလှီးမယ်ဆို တာတွေကြားရတဲ့အခါ လမ်း သွားဖို့တောင် ကြောက်နေရသ လို အငှားကားစီးပြန်တော့လည်း ခရီးသည်က အငှားကားမောင်း တဲ့သူကို မယုံ၊ အငှားကားမောင်း တဲ့သူကလည်း ခရီးသည်ကို စိတ် မချဖြစ်နေကြရတာလည်း မ ကောင်းတဲ့အလားအလာဖြစ်ပါ တယ်။

  အုပ်စုဖွဲ့ရမ်းကားနေကြ တာတွေလည်း အမြဲလိုလိုကြား နေရသလို သားသမီးချင်းကိုယ်ချင်း မစာ၊ နှမချင်းကိုယ်ချင်းမစာကြတော့တဲ့ အမှုအခင်းတွေပေါလာတာလည်း အားလုံးအသိဖြစ်ပါတယ်။

ဝိသမလောဘသားတွေက လည်း မိမိတို့ရဲ့ အကျိုးစီးပွားတစ် ခုတည်းကိုကြည့်ပြီး မလုပ်သင့်မလုပ်ထိုက်တာတွေလုပ်နေကြတဲ့အတွက် ပြည်သူတွေမှာ ဘယ်ဟာ ကိုယုံပြီး စားကြရမယ်ဆိုတာ မခွဲခြားတတ်အောင် ဝေဝါးနေကြပါပြီ။ ဆင်းရဲသားတွေခမျာ စားဝတ်နေရေးအတွက် ပြူးပြဲရှာနေကြရတဲ့အတွက် ဓာတုဆေးဝါးအန္တရာယ်ရဲ့ ခြိမ်းခြောက်ခြင်းကို လည်း ခံနေကြရပါတယ်။ သူတစ်ပါးစားသောက်မယ့် အစားအသောက်ထဲမှာ အဆိပ်အတောက်ဖြစ်စေတာတွေရောပြီး ရောင်းချတဲ့အလုပ်က သမ္မာအာဇီဝနဲ့ ကိုက်ညီတဲ့ စီးပွားရေးဟုတ်၊ မ ဟုတ် မိမိတို့ရဲ့ လုပ်ရပ်က ဘယ်လောက်အထိ အကုသိုလ်များတယ်ဆိုတာသိဖို့အတွက် မေတ္တာရှင်(ရွှေပြည်သာ)ရေးတဲ့ မေတ္တာဖြင့် စီးပွားရှာဆိုတဲ့ စာအုပ်ကိုဖတ်စေချင်ပါတယ်။ ဒါမှမဟုတ်မိမိတို့ကိုးကွယ်နေတဲ့ နီးစပ်ရာဆရာတော်တွေထံမှာ လျှောက်ထားမေးမြန်းကြည့်စေချင်ပါတယ်။

အစိုးရပဲဖြစ်ဖြစ်၊ ပြည်သူပဲ ဖြစ်ဖြစ် ကောင်းခြင်း၊ ဆိုးခြင်းဆို တာ အချိန်တန်တော့သိလာမြင် လာကြပါတယ်။ ကိုယ်ကိုယ်တိုင် က ကောင်းသလား၊ ဆိုးသလား မသိသေးဘူးဆိုရင်တော့ အခု ဘဝရော နောင်သံသရာမှာပါ မကောင်းပါဘူး။ အစိုးရဆိုရင် တော့ ပြည်သူရဲ့စိတ်ရင်းအမှန်နဲ့ ချစ်ခြင်းကိုခံရမှာမဟုတ်ပါဘူး။

ပြောင်းလဲချိန်တန်ပြီဆိုတဲ့ စကားက နိုင်ငံတော်အစိုးရတစ်ခု တည်းကိုရည်ညွှန်းတယ်လို့မမှတ် ယူစေချင်ပါဘူး။ မိမိတို့ပြည်သူ တွေဘက်ကလည်း စည်းကမ်း ဖောက်ဖျက်တာတွေ၊ မင်းမဲ့ စရိုက်ဆန်တာတွေ၊ ဥပဒေကို သိသိသာသာတစ်မျိုး၊ မသိမသာ တစ်မျိုး ဖောက်ဖျက်တာတွေ၊ ဝိသမလောဘကြီးတာတွေ၊ မတရားစီးပွားရှာတာတွေဆိုတဲ့ စိတ်ဓာတ်တွေပြောင်းလဲရမှာဖြစ် ပါတယ်။ ကျွန်တော်တို့ပြည်သူ တွေရဲ့ဘဝကို မြှင့်တင်ပေးမယ့်၊ ပြည်သူတွေရဲ့အခက်အခဲတွေကို လျစ်လျူမရှုဘဲ ကြိုးပမ်းဆောင် ရွက်ပေးမယ့်၊ အောက်ခြေက ညာနေတာကို ညာနေမှန်းသိ မယ့်၊ လာဘ်ပေးလာဘ်ယူကင်း မယ့်၊ ကုန်ဈေးနှုန်းတွေကျဆင်း စေမယ့်၊ ပြည်သူတွေအတွက် ပြည့်စုံတဲ့ကျန်းမာရေးစောင့် ရှောက်မှုနဲ့ အနာဂတ်လူငယ်တွေ အတွက် ကောင်းမွန်တဲ့ပညာရေး စနစ်တွေလုပ်ပေးမယ့် အစိုးရ ကောင်း၊ ခေါင်းဆောင်ကောင်းကို ရဖို့အတွက် အားလုံးပြောင်းလဲကြ ရမှာဖြစ်ပါတယ်။ အစိုးရဘယ် လောက်ပဲကောင်းကောင်း၊ ခေါင်းဆောင်ဘယ်လောက်ပဲ ကောင်းကောင်း နောက်လိုက်မကောင်းဘူးဆိုရင် ပြီးပြည့်စုံတဲ့ နိုင်ငံဖြစ်လာဖို့မလွယ်ပါဘူး။ ကျွန်တော်တို့အားလုံး တက်ညီလက်ညီနဲ့ ချီတက်ကြရမှာဖြစ်ပါတယ်။

ကျွန်တော်တို့တိုင်းပြည်မှာ ပြောင်းလဲချိန်တန်တာတောင် မပြောင်းချင်တဲ့သူတွေရှိနေသလို ပြောင်းလဲချိန်တန်ပြီလို့ ပြောနေ ကြတဲ့သူတွေကလည်း မိမိတို့ ကိုယ်တိုင် ပြောင်းလဲဖို့မစဉ်းစား ကြသေးဘူးဆိုရင် တိုင်းပြည်တိုး တက်ဖို့ နောက်ကျနေဦးမှာဖြစ်ပါတယ်

0 comments:

Post a Comment