ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ် ၃၃မြို့နယ် ကြေငြာ
နေပြည်တော်၊ အောက်တိုဘာ ၁၂။ ။ နိုဝင်ဘာ ၈ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ် နှင့် ပဲခူးတိုင်းအတွင်းရှိ မြို့နယ်ပေါင်း ၃၃မြို့နယ်ရှိ ကျေးရွာအုပ်စုပေါင်း ၄၀၀နီးပါးတွင် နယ်မြေမငြိမ်းချမ်းသည့်အတွက် ရွေးကောက်ပွဲ ကျင်းပနိုင်မည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၂ရက်က ကြေငြာလိုက်သည်။
ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်သည့် ၁၁မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၂၀၂ခု ရှိသည်။ ယင်းတွင် မချမ်းဘောမြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၅စု၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု၃၁စု၊ ခေါင်လန်းဖူးမြို့နယ်အတွင်း ကျေးရွာအုပ်စု၂စု၊ ၀ိုင်းမော်မြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၆စု၊ ချီဖွေမြို့နယ်အတွင်း ကျေးရွာအုပ်စု ၉စု၊ ဆော့လော်မြို့နယ်အတွင်း ကျေးရွာအုပ်စု ၈စု၊ အင်ဂျန်းယန်မြို့နယ်အတွင်း ကျေးရွာအုပ်စု ၆၁စု၊ တနိုင်းမြို့နယ်အတွင်း ကျေးရွာအုပ်စု ၉စု၊ မိုးမောက်မြို့နယ်အတွင်း ကျေးရွာအုပ်စု ၂၇စု၊ မံစီမြို့နယ်အတွင်း ကျေးရွာအုပ်စု ၂၃စု နှင့် ရွှေကူမြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၀စုဖြစ်သည်။
ကရင်ပြည်နယ်တွင်မူ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မြို့နယ် ၆ခုအတွင်း ကျေးရွာအုပ်စုပေါင်း ၈၇ စုရှိသည်။ ဘားအံ ပျဉ်းမပင်ဆိပ်ကျေးရွာအုပ်စု၊ လှိုင်းဘွဲ့မြို့နယ်အတွင်း ကျေးရွာအုပ်စုပေါင်း ၈စု၊ သံတောင်ကြီးထဲတွင် ကျေးရွာအုပ်စုပေါင်း ၉စု၊ ကြာအင်းဆိပ်ကြီးတွင် ကျေးရွာအုပ်စု ၃၈စု၊ မြ၀တီမြို့နယ်တွင် ကျေးရွာအုပ်စု ၆စု၊ ဖာပွန်မြို့နယ်အတွင်း ကျေးရွာအုပ်စု ၂၅စုတို့ ဖြစ်သည်။
ပဲခူးတိုင်းတွင်မူ ကျောက်ကြီးမြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၂စု နှင့် ရွှေကျင်မြို့နယ်အတွင်း ကျေးရွာအုပ်စု ၂၈စု အကျုံးဝင်သည့်အတွက် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မြို့နယ် နှစ်ခု နှင့် ကျေးရွာအုပ်စု ၄၀ ဖြစ်သည်။
မွန်ပြည်နယ်တွင်မူ ဘီးလင်းမြို့နယ် ဘောနောခီးကျေးရွာအုပ်စု တစ်ခုတည်းတွင်သာ ရွေးကောက်ပွဲ မကျင်းပနိုင်ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်အတွင်း၌မူ မြို့နယ် ၁၃မြို့နယ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခြင်းဖြစ်ပြီး ပန်ဆန်း(ပန်းခမ်း)မြို့နယ်တစ်ခုလုံး၊ ပန်ဝိုင်မြို့နယ်တစ်ခုလုံး၊ မိုင်းမောမြို့နယ်တစ်ခုလုံး၊ နားဖန်းမြို့နယ်တစ်ခုလုံး၊ မိုင်းလားမြို့နယ်တစ်ခုလုံးတွင် မကျင်းပနိုင်ခြင်းဖြစ်သည်။
ယင်းအပြင် ရှမ်းပြည်နယ်အတွင်း မူဆယ်မြို့နယ်မှ ကျေးရွာအုပ်စု လေးစု၊ ကုန်းကြမ်းမြို့နယ်မှ ကျေးရွာအုပ်စု နှစ်စု၊ မန်တုံမြို့နယ်မှ ကျေးရွာအုပ်စု နှစ်စု၊ မိုင်းခတ်မြို့နယ်မှ လေးစု၊ မိုင်းယန်းမြို့နယ် ၁၅စု၊ မိုင်းယောင်းမြို့နယ်အတွင်း ကျေးရွာအုပ်စု ရှစ်စု၊ မိုင်းတုံမြို့နယ်အတွင်း ကျေးရွာအုပ်စု လေးစု၊ မက်မန်းမြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၇စုတို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည် မဟုတ်ပေ။
Monday, 12 October 2015
Home »
» ရွေးကောက်ပွဲမကျင်းပနိုင်သောမြို့နယ်၃၃မြို့နယ်ကြေငြာ
ရွေးကောက်ပွဲမကျင်းပနိုင်သောမြို့နယ်၃၃မြို့နယ်ကြေငြာ
10:47
No comments
0 comments:
Post a Comment