ပညာရေး ဈေးကွက်ချဲ့ထွင်ခြင်းများ...
ဆရာအလုပ်သည် အမှန်တစ်ကယ် စိတ်ထားတတ်လျှင် မွန်မြတ်လှပေသည်။သို့မဟုတ်က တပည့်များအား လမ်းမှားရောက်စေနိုင်သည်အထိ အန္တရာယ်များလှပေသည်။
ကျနော်တို့အားလုံးသည် မွေးကတည်းကမည်သူမျှ အလုံးစုံတတ်မြောက်လာကြသည်မဟုတ်ပေ။မိမိဖြတ်သန်းရာ လူ့အသိုင်းအ၀ိုင်းများမှ အတွေ့အကြုံများကို သင်ခန်းစာယူရင်း ရင့်ကျက်အောင်တည်ဆောက်ကြရသူများဖြစ်လေသည်။
သို့သော်အချို့သော သူတို့သည် လက်ရှိဘ၀ကိုသာကျေနပ်၍ ထိုထက်ပိုရင့်ကျက်ဖို့ အတွေးအခေါ်၊စိတ်ဓာတ် မြင့်ဖို့ရာကြိုးစားအားထုတ်မှု မရှိကြတော့ပေ။
အခြားသူတို့အဆင်ပြေနေကြသည်ကို အားကျ၍ ဖြတ်လမ်းနည်းဖြင့်သာ အခွင့်အရေးရဖို့ကြိုးစားကြလေသည်။
ဆရာလုပ်သူမှာ ငယ်ငယ်ရွယ်ရွယ်နှင့်နေရာကောင်း ရထားသူတို့တွင် ထိုဖြစ်ရပ်မျိုးတွေ့ရတတ်ပေသည်။
ကျနော်တို့သည် လူ့အဖွဲ့အစည်းအတွင်းနေကြသူများဖြစ်၍ ကျင့်ဝတ်များ၊စည်းကမ်းများကို လေးစားလိုက်နာကြရမည်။
ငယ်စဉ်ကတည်းက ယဉ်ကျေးသောလူ့အဖွဲ့အစည်းအတွင်း ကျင်လည်ခဲ့ရသူများမှာ ကျင့်ဝတ်များ၊စောင့်ထိန်းရမည့်စည်းကမ်းတို့ကို သိရှိကာ လူကောင်း၊လူယုတ်တို့၏အကျင့်တို့ကိုလည်းခွဲခြားသိကြလေသည်။
လူဆိုသည်မှာ မိမိကျင်လည်ရသောပတ်ဝန်းကျင်စရိုက်အတိုင်း လိုက်ပါပြောင်းလဲတတ်လေသည်။
ကျနော်တို့ရှင်သန်ရာဘ၀တစ်လျှောက် လူအမျိုးမျိုး၊စိတ်အထွေထွေ ရှိသူများနှင့် တွေ့ကြုံဆက်ဆံကြရသည်မှာလည်း ဓမ္မတာပင်။အတွေ့အကြုံများမှ သင်ခန်းစာယူ၍ မိမိဘ၀ကိုဖြူစင်သန့်ရှင်းအောင် တည်ဆောက်ကြရမည်။
သိုသော် တစ်ချို့သောသူတို့သည် ငယ်စဉ်ကလည်း မကောင်းသောဝန်းကျင်မှာကျင်လည်ရ၊သင်ခန်းစာလည်းမယူတတ်၊မကောင်းသောအကျင့်စရိုက်တို့ကို အားကျသင်ယူ၍ မိမိစိတ်ကို ဖြူစင်အောင် ပြုပြင်နိုင်ခြင်း မရှိသည်ကို တွေ့နေရသည်။
တစ်ပါးသူအပေါ် လိမ်ညာလှည့်ဖြားကောက်ကျစ်၍ ခေါင်းပုံဖြတ် အမြတ်ထုတ်တတ်လေသည်။
လုပ်ဖော်ကိုင်ဖက်အချင်းချင်း ငွေကြေးနှင့်ပါတ်သက်လျှင် ပွင့်လင်းမှုမရှိ မိမိသာ အသာရဖို့နှင့် သူတစ်ပါး၏လုပ်အားကို အမြတ်ထုတ်ဖို့ရာသာ ပြုတတ်ကြလေသည်။
ကျနော်တို့ဝန်းကျင်မှ အချို့သောဆရာတို့မှာ ငယ်ငယ်ရွယ်ရွယ်နှင့်နေရာကောင်းရလျှင်
သင်ယူရမည့်အရာတို့ကို မလေ့လာပဲ
လတ်တလောကြီးပွားဖို့ရာ မမှန်သောလမ်းကြောင်းဖြင့် စီးပွားရှာကြလေသည်။
ကျနော်တို့လူ့အစည်းအစည်းမှာ နဂိုကတည်းက စာနာတတ်၊အားနာတတ်သူများဖြစ်၍ ထိုဆရာ အမှားလုပ်တာ သိနေသည့်တိုင် တော်ရုံမပြောတတ်ကြပေ။
အချို့်ဆရာတို့မှာ ဘာသာရပ်ကျွမ်းကျင်မှုမရှိသည့်ပြင် အပြင်မှာကျူရှင်ပြစားလို့ရသော မိမိလိုချင်သည့်ဘာသာရပ်ရဖို့သာ တိုက်ခိုက်တောင်းဆိုတတ်ကြသည်။
မိမိနှင့်အတူလုပ်ဖော်ကိုင်ဖက်ဆရာများအပေါ်တွင်လည်း ပွင့်လင်းမှု၊ရိုးသားမှုမရှိ ငွေကြေးနှင့်ပါတ်သက်လာလျှင် အမြတ်ထုတ်ဖို့ရာ ၊လိမ်ညာပြောဆိုဖို့ရာသာ ကြံစည်တတ်လေသည်။
ပညာမတတ်သောမိဘများမှာလည်း မိမိသားသမီး၏ပညာရေးအခြေအနေကိုအကဲဖြတ်တတ်ခြင်းမရှိပဲ လှည့်ဖျား
ပြောဆိုတတ်သော ထိုဆရာ၏ ပါးစပ်ဖျား၌သာ လမ်းဆုံးတတ်လေသည်။
ကျောင်း၌တာဝန်ကျေရုံသာသင်၍ ပြင်ပတွင်စီးပွားဖြစ် ကျူရှင်ဖွင့်သင်ခြင်း၊မိမိကျူရှင်၌တက်သော ကျောင်းသားများအားမေးခွန်းပြောပြခြင်း၊ကျောင်းသားများအား မိမိကျူရှင်သို့တက်ရန်နည်းမျိုးစုံသုံး၍ ဆွဲခေါ်ခြင်း၊ကျူရှင်ကြေးမတန်တဆယူပြီး သင်ကြားမှု ကြပ်မတ်မှု များလုပ်ပေးနိုင်စွမ်းမရှိခြင်း၊လုပ်ဖော်ကိုင်ဖက်ဆရာအချင်းချင်းပေါ်တွင်လည်း လုပ်အားအမြတ်ထုတ်ခေါင်းပုံဖြတ်ခြင်း၊
ထိုသို့သောသင်ကြားမှုအတွေ့အကြုံမရှိပဲ ပညာရေးကို ခုတုံးလုပ် အသုံးချနေသော ဆရာပေါက်စများ ရှိနေသမျှ ထိုမြို့\ရွာ ကျောင်းများမှ ကျောင်းသား/သူတို့၏ ပညာရေးမှာ.....ရင်လေးဖွယ်ရာ...ပင်...ဖြစ်တော့သည်။
ပညာရေးမသမာမှု(သို့)ပညာရေးရာဇ၀တ်မှုမြောက်စေသောအချက်တို့မှာ.......
၁။စာမေးပွဲခန်းတွင် မသမာခြင်း၊
၂။မေးခွန်းပေါက်ကြားခြင်း၊
၃။အမှတ်လိမ်လည်မှားယွင်းသွင်းခြင်း၊
၎။ကျောင်းပြောင်းလက်မှတ်TCထုတ်ပေးခြင်း/မထုတ်ပေးခြင်း၊
၅။ကျောင်းဆရာ/မ များကျူရှင်ပြခြင်း၊
၆။ပညာရေးဝန်ထမ်း ပြောင်းရွှေ့၊ခန့်ထား၊လာဒ်ယူခြင်း၊
၇။ပညာရေးဘတ်ဂျက်များ မမှန်မကန်သုံးစွဲခြင်း။
အထက်ပါအချက်များကြည့်၍ ပညာရေးဖြင့်မမှန်မကန် လုပ်နေသော ဆရာများ ရှက်တတ်ကြပါစေ........။
0 comments:
Post a Comment