Pages

Monday, 12 October 2015

ကိုယ်​တင်​ချင်​တဲ့ သမ္မတကို ကိုယ်​တိုင်​​ရွေးချယ်​ဖို့ အဆင်​သင့်​ဖြစ်​ပြီလား


 ဖတ်ပြီးသိပြီးသားတော့ ဖြစ်မယ်ထင်ပါတယ်။ ဆရာအောင်သင်း ရေးထားတဲ့ ပုံပြင်လေးတပုဒ် ဖတ်ဖူးမှတ်ဖူးထားတာ။ ကြာတော့ ကြာပါပြီ။ ဆရာအောင်သင်းဟာ သူ့ရဲ့စာတွေနဲ့ဆုံးမရာမှာ တခါတရံ ပုံပြင်လေးတွေနဲ့ ဆုံးမလေ့ရှိပါတယ်။ သူ့ရဲ့ပုံပြင်တွေက တစိမ့်စိမ့်နဲ့တွေးပြီး ခေတ်ကာလနဲ့ညီနေတာမို့ စွဲလမ်းနှစ်ခြိုက်မိပါတယ်။ အခု ဒီတရုတ်ပုံပြင်လေးကို ရေးထားတာကြာပေမယ့် အခုခေတ်အချိန်အခါနဲ့ ပိုပြီးကိုက်ညီနေလို့ အကျဉ်းချုံးပြောပြပါရစေ။

တခါက ရွာတရွာကို တရုတ်အဘိုးကြီးတယောက် ရောက်လာပြီးနေထိုင်တယ်တဲ့။ အဲ . . . နိုင်ငံခြားသားဆို အထင်ကြီးလေးစားတတ်တဲ့ မြန်မာတို့ရဲ့အကျင့်အတိုင်း သူ့ကို အဲဒီရွာကလူတွေက ပညာရှိကြီးလို့ထင်မှတ်ပြီး ကိုးကွယ်ကြတယ်။ သူတို့ရွာမှာ ဘာလေးဖြစ်လိုက်ဖြစ်လိုက် အဲဒီ တရုတ်အဘိုးကြီးဆီပြေးပြီး အကူအညီတောင်းတော့တာပဲ။ အဲဒီ တရုတ်ကြီးကလည်း အခုခေတ် နှစ်လုံးသုံးလုံးတွက်တဲ့သူတွေလို ၀မ်းချိန်းလေး ပေးလိုက်ပေါ့။ အဲဒါနဲ့ သူတို့ရဲ့အခက်အခဲတွေ ပြေလည်သွားတဲ့လူတွေကလည်း တရုတ်ကြီးကသာ သူတို့ရဲ့ မဟာ့မဟာ ကျေးဇူးရှင်ကြီးပါပေါ့။ တရုတ်ကြီးပေးတဲ့ အကြံဥာဏ်ကြောင့် သေဆုံးတဲ့လူတွေ၊ ငတ်ပြတ်တဲ့လူတွေကလည်း တရုတ်ကြီးကို ကျေးဇူးတင်နေတဲ့ လူတွေရဲ့ကြားမှာ တရုတ်ကြီးမကောင်းကြောင်း မပြောရဲ၊ မဆိုရဲပေါ့။ ဒါပေမဲ့ တရုတ်ကြီးကတော့ အဲဒီရွာမှာ ပညာရှိကြီး၊ ကျေးဇူးရှင်ကြီးအဖြစ်နဲ့ပဲ ဆက်လက် နေထိုင်နေခဲ့တာပါပဲ။

တနေ့ အဲဒီရွာက ရွာသားတယောက်ရဲ့ နွားတကောင်ဟာ စဥ့်အိုးထဲကို ရေငုံ့သောက်ရင်း နွားရဲ့ခေါင်းက ပြန်ထုတ်မရဘဲဖြစ်နေတယ်။ အဲဒါနဲ့ ရွာသားတယောက်က ပညာရှိကြီးဆီ အားကိုးတကြီး ပြေးသွားပြီး “ပညာရှိကြီးခင်ဗျာ ရွာထဲက မောင်မဲရဲ့နွားကတော့ စဥ့်အိုးထဲ ရေငုံ့သောက်ရင်း ခေါင်းပြန်ထုတ်မရတော့ဘူး။ အဲဒါ အကြံဥာဏ်လေးများ ပေးပါဦး''ဆိုပြီး အကြံသွားတောင်းသတဲ့။ အဲဒီမှာ တရုတ်အဘိုးကြီးက ''အဲဒါများ အလွယ်လေးကွာ။ အဲဒီစဥ့်အိုးကြီးကိုခွဲလိုက်ပေါ့''လို့ အကြံပေးသတဲ့။ ရွာသားလည်း ပြန်ပြေးသွားပြီးပြောပြတော့ နွားပိုင်ရှင်က စဥ့်အိုးကြီးကိုခွဲလိုက်တယ်တဲ့။ အဲ ဒါပေမဲ့ စဥ့်အိုးသာ ကွဲသွားပြီး စဥ့်အိုးရဲ့ကရွတ်က နွားရဲ့လည်ပင်းမှာ စွပ်နေတာပေါ့။ ခုနက ရွာသားလည်း ပညာရှိကြီးဆီပြန်ပြေးပြီး အကျိုးအကြောင်းပြန်ပြောပြီး အကူအညီတောင်းပြန်တယ်။ တရုတ်ပညာရှိကြီးကလည်း သူ့ရဲ့လက်သုံး စကားဖြစ်တဲ့ ''ဒါများအလွယ်လေး နွားရဲ့လည်ပင်းကိုဖြတ်လိုက်ပေါ့ကွ''လို့ အကြံပေးပြန်တယ်။ ရွာသားလည်း ပြန်ပြေးပြီး အဲဒီစွပ်နေတဲ့နွားရဲ့ လည်ပင်းကို ဖြတ်လိုက်တယ်တဲ့။ အဲဒီတော့ စဥ့်အိုးလည်းကွဲ နွားလည်း သေပေါ့။ ရွာသားတွေလည်း အဲဒီသေသွားတဲ့ နွားကို ၀ိုင်းဝန်းဖျက်ကြ၊ ဟင်းချက်ကြပြီး တရုတ်ပညာရှိကြီးထံကို ဟင်းတခွက် သွားပို့တယ်တဲ့။ အဲဒီမှာ တရုတ်ပညာရှိကြီးက မျက်ရည်တွေ တွေတွေကျရှာတယ်တဲ့။ ဒါနဲ့ရွာသားတွေလည်း ပြူးပြူးပျာပျာဖြစ်ပြီး ပညာရှိကြီး ဘာဖြစ်လို့များ ငိုကြွေးရတာလည်းလို့ ၀ိုင်းပြီးမေးကြတဲ့အခါ တရုတ်ပညာရှိကြီးပြန်ပြော လိုက်တာက အင်း မင်းတို့တွေ ငါမရှိရင်ခက်ဦးမယ်လို့ ပြန်ပြောလိုက်သတဲ့။

အဲဒီပုံပြင်လေးထဲက အတိုင်းပဲ။ ကျွန်တော်ရဲ့ အသိဥာဏ်တထွာတမိုက်နဲ့ မြင်တဲ့အတိုင်းပြောရရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ငါမရှိရင် ခက်ဦးမယ်ဆိုပြီး တိုင်းပြည်အပေါ်စေတနာ ထားနေကြတဲ့လူတချို့က တိုင်းပြည်ကို စောင့်ရှောက်ချင်နေကြတယ်။ စောင့်လည်းစောင့်ရှောက်နေဆဲဖြစ်တယ်။ ဒါဟာ တိုင်းပြည်အပေါ်ထားတဲ့ နည်းတဲ့စေတနာမဟုတ်ဘူးနော်။ စဉ်းစားကြည့် တချိန်တုန်းကလည်း တိုင်းပြည်ချောက်ထဲကျဖို့ လက်တလုံး အလိုတို့ လက်နှစ်လုံးအလိုတို့မှာ ကယ်တင်ထားခဲ့ရတာပဲ မဟုတ်လား။ သူတို့ကယ်တင်ထားတဲ့ တိုင်းပြည်က တရုတ်ပညာရှိကြီး အကြံပေးတဲ့ နွားလို ကျွန်တော်တို့ တိုင်းပြည်ကြီး တူမနေဘူးလား။ အရင်တုန်းက ဆိုရင် အာရှကျားလို့ခေါ်ဆိုရတဲ့ မြန်မာနိုင်ငံတော်ကြီးဟာ အခုဆိုရင် ဘယ်လိုအခြေအနေရောက်နေပြီလဲဆိုတာ စာဖတ်သူတိုင်း နားလည်ထားကြပါတယ်။

ရယ်စရာကောင်းလိုက်ပုံများ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို (၁၀)နှစ် (၁၀)မိုး အချိန်အကုန်ခံပြီး ရေးဆွဲခဲ့ကြ။ ပြီးတော့ နာဂစ်မုန်တိုင်းကာလ ပြည်သူတွေ အတိဒုက္ခရောက်နေချိန်မှာပဲ အတင်းအတည်ပြုခဲ့ကြတာ။ အံ့သြကုန်နိုင်ဖွယ် ထောက်ခံမဲတွေ ရခဲ့ကြတယ်ဆိုပဲ။ ကမ္ဘာမှာ မြောက်ကိုးရီးယားကလွဲလို့ ဘယ်နိုင်ငံမှာမှ မရခဲ့ဘူးတဲ့ ထောက်ခံမဲတွေဆိုပြီး အခြားတိုင်းပြည်တွေကတောင် ငေးယူရတယ်။ ဒီအခြေခံဥပဒေကြီး ဘယ်လောက်မှန်ကန်တယ်ဆိုတာ ကာယကံရှင်တွေရော၊ ပြည်သူတွေရော အကုန်သိသဗျ။ ထားတော့ အဲဒီကိစ္စ။

ဒီအခြေခံဥပဒေကြီးဟာ တကယ်ကို အကျိုးများစေခဲ့သလားဆိုတာ မဟာပညာရှိကြီးတို့ သိမယ်ထင်ပါတယ်။ ဘာကြောင့်များ မျက်စိစုံမှိတ်ပြီး နေကြသလဲဆိုတာကိုသာ ပြည်သူတွေက နားမလည်နိုင်ခဲ့တာပါ။ အခု လက်ရှိ ပြည်သူတွေက ပုံပြင်ထဲက ရွာသားတွေမဟုတ်ကြပါဘူး။ သိသင့် သိထိုက်တဲ့ နိုင်ငံရေးရေချိန်တွေလည်း မြင့်နေပါပြီ။ အဲဒါကြောင့် ပြင်သင့်တယ်လို့ ယူဆကြတဲ့အတွက် အခြေခံဥပဒေပြင်ဆင်ရေးကို နေရာအနှံ့ အပြား တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြတာပေါ့။ ဒါပေမဲ့ ပြည်သူ့အသံကို နားထောင်ပါတယ်ဆိုတဲ့ သမ္မတကြီးရဲ့ ဒီမိုကရေစီအစိုးရက ဒီနေရာမှာတော့ ရွှေနားတော်လေချော်နေတယ်ထင်ပ။

ပြီးတော့ ကျွန်တော်တို့တွေကို တရုတ်ပညာရှိကြီးကဲ့သို့ စီမံခန့်ခွဲမှုတော်သည့် ကျွန်တော်တို့ အစဉ်အဆက် အစိုးရမင်းများရဲ့ စီမံကိန်းများကိုလည်း ပြန်သုံးသပ်ကြည့်ကြပါဦး။ သစ်ဆိမ့်ပင်စီမံကိန်းတဲ့၊ ကြက်ဆူ ပင်စီမံကိန်းတဲ့၊ ရွာသားနဲ့တူတဲ့ ၀န်ထမ်းတွေကလည်း ပေးဆပ်လိုက်ကြရ။ သူတို့အတွက်ကတော့ ဆီးသီးဗန်းကြီးတွေရလို့။ ပြည်သူတွေခမျာတော့ သစ်ဆိမ့်ပင်ကရတဲ့ဆီကို ၀၀လင်လင် ပေါပေါများများ စားသုံးရခြင်းတို့၊ ကြက်ဆူပင်ကရတဲ့ ဘိုင်အိုဒီဇယ်နဲ TV တွေမှာ ကြော်ငြာနေသလိုမျိုး ဘယ်သူ့လယ်တွေ၊ ဘယ်သူ့ကားတွေ မောင်းနေတာလဲမတွေ့ရ။ အဲဒီ စီမံကိန်းတွေကို အကြောင်းပြုပြီးတော့သာ တောင်သူတွေရဲ့ လယ်တွေယာတွေ ပိုင်ဆိုင်မှုပြောင်းသွားပြီး တောင်သူတွေဘ၀ ပြောင်းကုန်ကြတယ်။

ဒီထက် ရင်နာစရာကောင်းတဲ့အဖြစ်တွေ အများကြီးမြင်တွေ့နေရပါသေးတယ်။ အဲဒါတွေကတော့ ဆီးသီးဗန်း မှောက်ကျမယ့်စီမံကိန်းတွေကိုရေးဆွဲပြီး တိုင်းသူပြည်သားတွေလည်း အကျိုးမရှိ၊ လယ်သမားတွေလည်း အကျိုးမရှိတဲ့အဖြစ်တွေပါပဲ။ ကျွန်တော်တို့ မြို့ပတ်ဝန်းကျင်က မြင်တွေ့နေရတဲ့အရာတခုကိုပဲ ပြောပါမယ်။ အဲဒါကတော့ ပြည်-ပေါက်ခေါင်း-တောင်ငူဆိုပြီး မီးရထားလမ်းဖောက်တဲ့ကိစ္စပါပဲ။
စီမံကိန်းတွေရေးဆွဲလိုက်ကြ၊ တောင်သူတွေဆီက လယ်တွေသိမ်းလိုက်ကြ၊ တိုင်းပြည်ဘတ်ဂျက်တွေ ထုတ်သုံးလိုက်ကြနဲ့ နောက်ဆုံးမှာ စီမံကိန်းလည်း အပြီးမသတ်။ တောင်သူတွေနစ်နာမှုတွေလည်း ဖြေရှင်း မပေးနိုင်။ မီးရထားပြေးဆွဲမှုမရှိဘဲ မီးရထားလမ်းကြီးကလည်း ချုံပုတ်တွေကြားထဲမှာ ငုတ်တုတ်။ အဲဒီလိုနဲ့ လယ်လုပ်ရမယ့် လယ်မြေနေရာတွေလည်း ဆုံးရှုံး၊ တောင်သူတွေလည်း နစ်နာ၊ နိုင်ငံတော်ဘတ်ဂျက် တွေလည်း ဆုံးရှုံးနဲ့ တိုင်းပြည်က မိအေးသုံးခါနာပဲ။

ဒါတွေကို ကျွန်တော်တင်ပြနေတာက အတိတ်ကိုပြန်လည်တူးဆွပြီး အပြစ်ပြောဆိုနေခြင်း မဟုတ်ပါ။ ဒါပေမဲ့ သမိုင်းကိုကြည့်ခြင်းဟာ အဲဒီသမိုင်းကပေးတဲ့ အသိတရား၊ အမှားအမှန်တွေကို ခွဲခြားဆုံးဖြတ်တတ်ဖို့လို့ ကျွန်တော်ယုံကြည်ထားပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အာဏာရှင်ကလည်း အာဏာကိုလိုသလိုအသုံးပြုပြီး ထင်ရာစိုင်းခဲ့ကြသလို ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ကလည်း ပုံပြင်ထဲကရွာသားတွေလို အယုံလွယ်မှု၊ အသိပညာနိုးကြားမှု အားနည်းခြင်း၊ နိုင်ငံရေးရေချိန် လိုအပ်မှု၊ နေရာတကာမှာ အကြောက်လွန်စိတ်တွေ ဖုံးလွှမ်းမှုတို့ကြောင့်ဖြစ်ခဲ့ကြတယ်ဆိုတာ ငြင်းလို့မရပါဘူး။ အဲဒါတွေကိုသိချင်ရင် တောရွာတွေနဲ့ ၀န်ထမ်း တွေကြားထဲ စာရင်းကောက်ကြည့်လို့ ရပါတယ်။

အဲဒါကြောင့် ကျွန်တော်ဆိုလိုချင်တာက အခုအချိန်ဟာ ကျွန်တော်တို့သွားရမယ့်လမ်းကြောင်းကို ကျွန်တော်တို့ကိုယ်တိုင် ရွေးချယ်ကြရတော့ပါမယ်။ ပြောင်းလဲမှုဆိုတာ မိုးပေါ်ကကျလာမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ပြည်သူအများအားနဲ့ ရွှေ့ယူကြရမှာပါ။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့လည်း ကိုယ်လုပ်ရမယ့်အလုပ်ကို တာဝန်ကျေတတ်ဖို့တော့ လိုအပ်ပါတယ်။ ဟိုတလောက ဖေ့စ်ဘွတ်ပေါ်မှာ ရုပ်ရှင်မင်းသားတယောက် ပြောသွားတဲ့စကားလေးတခွန်းက ကြိုက်စရာပါ။ စာသားကို တိတိကျကျ မမှတ်မိတော့ပေမယ့် သူဆိုလိုချင်တာက ပြည်သူတွေအနေနဲ့ ကိုယ့်ဘက်ကလုပ်ရမယ့်အလုပ်ကို တာဝန်ကျေအောင်မလုပ်ဘဲ ကိုယ့်အပေါ်တာဝန် ကျေတဲ့အစိုးရကို မမျှော်လင့်ပါနဲ့ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။
အဲဒီတော့ ကျွန်တော်တို့တွေ ကျွန်တော်တို့အပေါ်မှာ တာဝန်ကျေမယ့်အစိုးရကို ကျွန်တော်တို့ကိုယ်တိုင် မှန်မှန်ကန်ကန် ရွေးချယ်တတ်ဖို့ လိုပါလိမ့်မယ်။ အဲဒီလို ရွေးချယ်နိုင်အောင်လည်း ကျွန်တော်တို့ ပြည်သူ တွေအနေနဲ့ မှန်ကန်တဲ့အသိတွေရှိနေဖို့ နေရာတကာမှာ အယုံမလွယ်ကြဖို့ လိုအပ်သလို ကိုယ်ရရှိထားတဲ့အခွင့်အလမ်းတွေကိုလည်း လက်လွှတ် ဆုံးရှုံးမှုမရှိစေဖို့ လိုအပ်ပါတယ်။

ကျွန်တော်တို့တွေ ပေါ့လျော့ခဲ့ကြလို့ ကျွန်တော်တို့လက်ထက် နှစ်ပေါင်းမြောက်မြားစွာ ခံရပြီးတာကို အမှတ်ရစေချင်ပါတယ်။ ဘာလိုလိုနဲ့ ၂၀၁၅ ရွေးကောက်ပွဲကြီး နီးလာနေပါပြီ။ ဒီရွေးကောက်ပွဲမတိုင်ခင်မှာ ပြည်သူတွေအနေနဲ့လည်း ဘာတွေကို ပြင်ဆင်ထားသင့်သလဲဆိုတာကို တွေးထားသင့်ပါပြီ။ ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်တွေကို အတတ်နိုင်ဆုံးမြင့်အောင် ကြိုးစားသင့်ပါပြီ။ ဒီအရေးဟာ ပြည်သူတွေရဲ့အရေးဖြစ်လို့ အားလုံးမှာတာဝန်ရှိတယ်လို့ ခံယူထားကြစေချင်ပါတယ်။

အတိုက်အခံပါတီကြီးတခုအနေနဲ့ရော ပြင်ဆင်သင့်တာတွေ ပြင်ဆင်ထားဖို့လိုပါပြီ။ လက်ရှိအာဏာရပါတီဟာ အတိုက်အခံပါတီထက် နှာတဖျားသာနေတဲ့ အခွင့်အလမ်းတွေရှိနေတတ်တာကို အမြဲမပြတ်သတိ ရှိဖို့လိုအပ်ပါပြီ။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ လက်ရည်ညီညီနဲ့ ယှဉ်ပြိုင်တဲ့ပွဲမျိုးကိုပဲ တွေ့ချင်ကြတာပါ။

ကျွန်တော်တို့တွေဟာ အခုချိန်မှာ ပုံပြင်ထဲကရွာသားတွေလိုပဲ နေနေကြဦးမယ်ဆိုရင် ပုံပြင်ထဲက တရုတ်ပညာရှိရဲ့ ငါမရှိရင်ခက်ဦးမယ်ဆိုတဲ့ အစိုးရရဲ့သနားစွာနဲ့စီမံတာကို ခံနေရဦးမှာပါ။ ဒီလို လက်ရည်တူ ယှဉ်ပြိုင်ကြမယ့်ပွဲမှာ သမာသမတ်ကျစွာနဲ့ တရားသောပြိုင်ဆိုင်မှုမျိုး ဖြစ်စေဖို့လည်း ပြည်သူများ မမေ့မလျော့စောင့်ကြည့်ကြဖို့ တိုက်တွန်းရင်း ပြည်သူများ မိမိတို့လိုအပ်သော အစိုးရတရပ်ကို တင်မြှောက်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

0 comments:

Post a Comment