Pages

Saturday, 10 October 2015

နိုင်​ငံ​တော်​သီချင်းအားခံစားမိခြင်း

 နိုင်ငံတော်သီချင်းကို ဆိုကြည့်ခြင်း


မြန်မာနိုင်ငံတွင် ၁၉၄၈ခုနှစ်၊​လွတ်လပ်ရေးရပြီးနောက် နိုင်ငံဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံ ဥပဒေတွေ တစ်ခုပြီး တစ်ခုပြောင်းခဲ့သည်။  ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ၊ ပြီးတော့ ၁၉၇၄ ဖွဲ့စည်းအုပ်ချုပ် ပုံဥပဒေ၊ ထိုမှသည် ယခုလက်ရှိ အသက်ဝင်နေသေးသော ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေဟူ၍ စုစု ပေါင်း သုံးခါပြောင်းသည်။ နိုင်ငံ တော်၏ အသက်သွေးကြောကဲ့သို့ ဖြစ်တည်သော ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေသုံးမျိုးပြောင်းသော်လည်း မပြောင်းမလဲတည်ရှိနေဆဲ အရာ တစ်ခုရှိပါသည်။

‘‘ဘာပါလိမ့်’’ဟု အချိန်ကုန် ခံ၍ စဉ်းစားမနေပါနှင့်။ နိုင်ငံတော်သီချင်းဖြစ်ပါသည်။ လွတ်လပ် ရေး ကြေညာစာတမ်းကဲ့သို့ပင် နိုင်ငံတော် သီချင်းသည်လည်း နိုင်ငံတော်၏ မူဝါဒသဘောထား ကို ဖော်ပြကျူးရင့်သည့် စာသား များ၊ လမ်းညွှန်ချက်များ၊ အဓိ ပ္ပာယ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ လွတ်လပ်ရေးကြေညာ စာတမ်းကို နိုင်ငံသားတိုင်း အ လွတ်ရမှတ်မိနေဖို့ ခက်ခဲနိုင်သော်လည်း နိုင်ငံတော်သီချင်းကို  သီဆိုရန် မည်သည့်သမိုင်းစာအုပ်ကိုမှ ပြန်လှန်စရာမလိုပါ။ ကျွန်တော်တို့၏ ပါးစပ်ဖျားမှာ နိုင်ငံသားတိုင်းနီးပါးအလွတ်ရပြီးသားဖြစ်သည်။ ထို့အတူ လွယ်လွယ်ကူကူပင် ကျွန်တော်တို့ မေ့လျော့နေသော သီချင်းတစ်ပုဒ်လည်း ဖြစ်ပါသည်။

ယခုအခါအမျိုးဘာသာသာ သနာဆိုသည့် စကားလုံးကို နေရာတိုင်းတွင် ကျယ်လောင်စွာ ကြား ရသည်။ ဘာသာရေးကို နိုင်ငံရေး ခြံစည်းရိုးထဲသို့ မောင်းသွင်းရန် ကြိုးစားမှုတွေ၊ ကြိုးပမ်းမှုတွေ လည်း ပေါ်ပေါက်လာသည်။ အ မျိုးသားရေးဟူသော စကားလုံး ဖြင့် လူထု၏ စိတ်လှုပ်ရှားမှုကို ထိုးဆွနေချိန်လည်းဖြစ်သည်။ အစွန်း ရောက်အမျိုးသားရေးစိတ်ဓာတ် သည် မြန်မာကဲ့သို့ ဒီမိုကရေစီ ငွေ့ရည်ဖွဲ့စပြုနေသော နိုင်ငံမျိုး အတွက် အကြီးမားဆုံးအဖျက် လက်နက်ဖြစ်လာနေသည်။ ယင်း ကို ကြီးထွားခွင့်ပြုထားလျှင် တိုင်း ပြည်၏ အနာဂတ်ကို လုပ်ကြံ သတ်ဖြတ်ရာ ရောက်ပါလိမ့်မည်။ ထိုအခါ ကျွန်တော်သည် နိုင်ငံ တော်သီချင်းကိုသတိရမိပါသည်။

အထူးသဖြင့် နိုင်ငံတော် သီချင်းထဲမှ စာသားများကို ဖြစ် သည်။ အဆိုပါစာသားတွေအ ကြောင်း မပြောမီ နိုင်ငံတော်သီ ချင်းဖြစ်ပေါ်လာပုံကို ကြည့်ရန်လို ပါသည်။ ၁၉၄၇ ခုနှစ် ဇွန်လ ၁၀ရက်တွင် ပထမဆုံးတိုင်းပြုပြည်ပြု လွှတ်တော်ညီလာခံကို ကျင်းပ၍ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အပါအ၀င် လွတ်လပ်တော့မည့် နိုင်ငံအတွက် အနာဂတ်အစီအစဉ် များကို ကော်မတီအသီးသီးဖွဲ့၍ ရေးဆွဲကြသည်။ ယင်းကော်မတီ များထဲတွင် နိုင်ငံတော်အလံ၊ သီ ချင်းနှင့် တံဆိပ်ရေးဆွဲရေးကော် မတီလည်း ပါဝင်သည်။

နိုင်ငံတော်သီချင်းရေးသား စပ်ဆိုရန်အတွက် လိုအပ်သည့် အခြေခံ လမ်းညွှန်ချက်များကို တိုင်းပြုပြည်ပြုလွှတ်တော်ညီလာ ခံက ချမှတ်ပေးသည်။ ယင်းလမ်း ညွှန်ချက်ဆိုသည်မှာ (၁) တိုင်း ရင်းသားအားလုံးလက်ခံနိုင်သည့် သီချင်းဖြစ်ရန် (၂) တိုင်းရင်းသား အားလုံး၏ စိတ်ဓာတ်ကို ထူးခြား စွာ တက်ကြွစေနိုင်မည့် စာသား  နှင့် အသံအသွားအလာဖြစ်စေ ရန် (၃) ကာလပေါ် သီချင်းများ နှင့် ကွဲပြားခြားနားစေရန် (၄) သီ ချင်းကို တစ်မိနစ်ခွဲနှင့် နှစ်မိနစ် အတွင်း သီဆိုပြီးစေရန် အစရှိ သည့် အချက်များပါဝင်သည်။ နိုင်ငံတော်သီချင်း၏ ပထမဆုံးခြေဆင်းစာသားကို ကျွန်တော်တို့ ဆို ကြည့်ရအောင်ပါ။

‘တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ ဒို့ပြေ(ပြည်) ဒို့မြေ . . .’

သီချင်း၏ ခြေဆင်းစာသား အစကပင် ကြက်သီးထဖွယ်ရာ ဖြစ်ပါသည်။ သီဆိုသူ၏ နှလုံး သားကို လှိုက်ဖိုလာစေသည်။ စာသားအဓိပ္ပာယ်ကလည်း ရှင်း သည်။ တရားမျှတခြင်း၊ လွတ် လပ်ခြင်းများမှ သွေဖည်ခြင်းမရှိ သော ငါတို့ပြေ(ပြည်) ငါတို့မြေ ဟူ၍။ ဒါတင်မကသေးပါ။

‘များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ပြေ(ပြည်) ဒို့ပြေ(ပြည်) ဒို့မြေ . . .’

ဒီစာသားအရောက်မှာတော့ အခုနလှိုက်ဖိုလာသော နှလုံးသား သည် တဒုတ်ဒုတ်နှင့် အခုန်မြန် လာပါပြီ။ ခုန်လာသည့် နှလုံးနှင့် အတူ ပူနွေးသော သွေးတွေက လည်း ကျွန်တော်တို့၏ ကိုယ်ထဲ မှာ လှည့်ပတ်စီးဆင်းလာသည်။ နောက်တစ်ခေါက်ထပ်ဆိုကြည့် ပါဦး။ ‘များလူခပ်သိမ်း ငြိမ်းချမ်း စေဖို့ ခွင့်တူညီမျှဝါဒဖြူစင်တဲ့ ပြေ’’တဲ့။

များလူခပ်သိမ်းဆိုသော စာ သားမှာ လူမျိုးတစ်မျိုး၊ အုပ်စု တစ်စုငြိမ်းချမ်းစေဖို့ ကျူးရင့်ခြင်း မဟုတ်သည်မှာ ထင်ရှားသည်။ မြန်မာပြည်ထောင်စုအတွင်း နေ ထိုင်ကြသူ ကိုးကွယ်ရာဘာသာ တရား၊ လူမျိုး၊ ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုစံနှုန်းတွေ မတူညီကြ သည့် တိုင်းရင်းသားလူမျိုးစုများ အားလုံးကို ရည်ညွှန်းခြင်း၊ ထို အချက်ကို လေးနက်စေရန် နောက်က ကပ်ထည့်ထားသည့် စကား လုံးက ‘ခွင့်တူညီမျှ ၀ါဒဖြူစင်’’ ဖြစ်သည်။ ဘာသာ၊ လူမျိုး၊ ဓလေ့မတူကြသူများ အချင်းချင်းငြိမ်း ချမ်းစွာအတူ ယှဉ်တွဲနေထိုင်ဖို့ ဆိုသည်မှာ တန်းတူအခွင့်အရေး ရှိရမည်။ ငါ့လူမျိုးမှ ငါ့လူမျိုး၊ ငါ့ ဘာသာမှ ငါ့ဘာသာ အယူအစွဲ ထက်သန်လို့ မဖြစ်။ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူ နိုင်ငံသား အားလုံးတန်းတူညီမျှစေရမည်ဆို သည်အမြင်ကျယ်၍ နှလုံးသား ကြီးသော အယူအဆခိုင်မာအား ကောင်းရမည်။

ထို့ကြောင့် ငါတို့တိုင်းပြည် သည် များလူခပ်သိမ်း ငြိမ်းချမ်း စေရန်အတွက် ခွင့်တူညီမျှ ၀ါဒ သဘောထားဖြူစင်သော ပြည်၊ သန့်စင်သော မြေဟူ၍ နိုင်ငံတော် သီချင်းက ရည်ညွှန်းသည်။ ဒါပြီး လျှင်တော့ နောက်ထပ်စာသား တစ်ခုထပ်ဆိုရန် ဖြစ်သည်။ အခု လိုဖြစ်ပါသည်။

‘ပြည်ထောင်စုအမွေ အမြဲတည် တံ့စေ၊ အဓိဋ္ဌာန်ပြုပေ ထိန်းသိမ်း စို့လေ . . .’

ဒီစာသားကလည်း ရှင်းပါ သည်။ ကျွန်တော်တို့၏ လွတ်လပ် ရေးတိုက်ပွဲဝင်ခေါင်းဆောင်ကြီး တွေက လွတ်လပ်သော ပြည် ထောင်စုနိုင်ငံတော်အဖြစ် ထူ ထောင်ရန် မူဝါဒများ ချမှတ်ခဲ့ကြ ခြင်းဖြစ်သည်။ ၁၉၄၇ ခုနှစ်ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေက တိုင်းရင်းသားများ အားလုံး အခွင့်အရေး ညီတူညီမျှရှိသည့် ပြည်ထောင်စုနိုင်ငံတော်ကို အာမခံထားခဲ့သည်။ နိုင်ငံတော်သီ ချင်းက ထိုအချက်ကို မမေ့မလျော့ သတိပေးသည်။ သီချင်း၏ ရှေ့ကစာသားများဖြစ်သည့် ‘တရားမျှတ လွတ်လပ်သော’ ‘အများပြည်သူ အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်သည့် ခွင့်တူညီမျှ ၀ါဒ ဖြူစင်သော’ ပြည်ထောင်စုနိုင်ငံ တော်ကို ကျွန်တော်တို့၏ အမွေ အနှစ်အဖြစ် ခံယူပြီး အမြဲတည်တံ့ နေအောင် ထိန်းသိမ်းကြပါဆို သည့် သဘော။

နိုင်ငံတော်သီချင်း၏ သံပြိုင်အပိုဒ်ကလည်း အထက်ဖော်ပြပါ လွတ်လပ်တရားမျှတပြီး တန်းတူ ညီမျှသော ပြည်ထောင်စုကို ကျွန်တော်တို့အနေဖြင့် ချစ်မြတ်နိုးထိန်းသိမ်းကြရန် နိုးဆော်လိုက် သည့် စာသားများ ဖြစ်ပါသည်။ ‘ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ် မလေ’’တဲ့။ ကျွန်တော်တို့ တိုင်းပြည်မှာတော့ ဒီအချက်က သမိုင်း၏ လှောင် ပြောင်သရော်မှုတစ်ခုပမာရှိနေဆဲ။ ပြည်ထောင်စုကို အသက်ပေး

ကာကွယ်ဖို့ထက် ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်နိုင်ဖို့ကို ပင် မနည်းလှသည့် အသက်သွေးချွေးတွေ အခုထိ ပေးဆပ်နေရဆဲ။ဘာပဲဖြစ်ဖြစ် နိုင်ငံတော်သီချင်းတစ်ပုဒ်လုံးကို ကျွန်တော်တို့ ပြန်ဆိုကြည့်ရအောင်ပါ။ (ခြေဆင်း)တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေဒို့ ပြေ၊ ဒို့မြေ။ များလူခပ်သိမ်း ငြိမ်း ချမ်းစေဖို့ ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ပြေ၊ ဒို့ပြေ၊ ဒို့မြေ။ ပြည်ထောင်စု အမွေ အမြဲတည်တံ့စေ အဓိဋ္ဌာန်ပြုပေ ထိန်းသိမ်းစို့လေ။

(သံပြိုင်) ကမ္ဘာမကျေ ဗမာ (မြန်မာ) ပြေ၊ ဒို့ဘိုးဘွားအမွေ စစ်မို့ ချစ်မြတ်နိုးပေ။ ပြည်ထောင် စုကို အသက်ပေးလို့ ဒို့ကာကွယ် မလေ။ ဒါ ဒို့ပြေ၊ ဒါဒို့မြေ၊ ဒို့ပိုင် နက်မြေ။ ဒို့ပြေ၊ ဒို့မြေ အကျိုးကို ညီညာစွာ ဒို့တစ်တွေ ထမ်းဆောင် ပါစို့လေ ဒို့တာဝန်ပေ၊ အဖိုးတန် မြေ။

အဆိုပါအဓိပ္ပာယ်လေးနက် သည့် စာသားတွေက ကျွန်တော် တို့ နိုင်ငံသားတွေ စိတ်အားတက် ကြွစရာ သီဆိုဖို့တစ်ခုတည်း သက်သက် ရေးစပ်ခဲ့ခြင်းမဟုတ်။ နိုင်ငံတော်သီချင်းကို ဆိုကြတိုင်း မှာ ကျွန်တော်တို့ နိုင်ငံသားတစ် ဦးချင်းစီက သီချင်းစာသားထဲက တန်ဖိုးတွေကို ထမ်းဆောင်ပါမည် ဟူ၍ သစ္စာအဓိဋ္ဌာန်ပြုသည့် သဘောလည်း သက်ဝင်ပါသည်။ တရားမျှတလွတ်လပ်သော၊ ခွင့် တူညီမျှ ၀ါဒဖြူစင်သော ပြည် ထောင်စုနိုင်ငံတော်ကို ချစ်မည်၊ကာကွယ်မည်၊ ပြည်ထောင်စုနိုင်ငံသားများ၏ အကျိုးအတွက် ညီညီညွတ်ညွတ်ကိုယ့်တာဝန် ကိုယ်ကျေကြမည်ဆိုသည့်ကို ဖွင့်ဟကြေညာခြင်းဟုလည်းဆိုနိုင် သည်။

 သို့သော် ၀မ်းနည်းစရာ ကောင်းသည်မှာ ဘာသာရေး၊ လူ မျိုးရေး အခြေခံကျင်းပသည့် အခမ်းအနားတွေ (ဒါမှမဟုတ်) အဓိကရုဏ်းဖြစ်စဉ်တွေမှာ နိုင်ငံ တော်သီချင်းကို လူအချို့၊ အဖွဲ့ အစည်းအချို့က သွေးထိုးလှုံ့ ဆော်ရေးလက်နက်အဖြစ် အသုံး ပြုနေကြခြင်းဖြစ်သည်။ နိုင်ငံ တော်သီချင်းကို ဘာသာတစ်ခုခု၊ လူမျိုးစုတစ်စုက တစ်ဦးတည်း မူပိုင် လုပ်လို့မရ။ ပြန်ပေးဆွဲလို့ မရ။ နိုင်ငံတော်သီချင်းသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်အ တွင်း အသားအရောင်၊ ဘာသာ၊ လူမျိုး၊ ယဉ်ကျေးမှု၊ ဓလေ့ ကွဲပြားခြားနားလျက် နိုင်ငံသားအဖြစ် မှီ တင်းနေထိုင်ကြသူ တစ်ဦးတိုင်း၊ တစ်ယောက်တိုင်းနှင့် သက်ဆိုင် သည်။ ပြီးတော့ သတိပေးလမ်း ညွှန်ချက်လည်းဖြစ်သည်။

မကြာမီ ရှေ့ကာလများတွင် လည်း ဘာသာရေး၊ လူမျိုးရေးအစရှိသည့် အစွန်းရောက် အမျိုးသားရေး အယူအဆလှုံ့ဆော်သူတွေက သင့်နှလုံးသားကို လာရောက် ထိုးဆွဖွယ်ရှိနေသေးသည်။ သူတို့စကားလုံးတွေကလည်း စိတ်လှုပ်ရှားစရာကောင်းပါလိမ့်မည်။

‘များ လူခပ်သိမ်း၊ ငြိမ်းချမ်း စေဖို့ ခွင့်တူညီမျှ ၀ါဒ ဖြူစင်တဲ့ ပြေ(ပြည်) ဒို့ပြေ(ပြည်) ဒို့မြေ . . .’မှတ်ချက်။   ။ နိုင်ငံတော်သီချင်း သည် ၀ိုင်အမ်ဘီ ဆရာတင်ရေးစပ် ခဲ့သော ‘ဒို့ဗမာ’ သီချင်းကို အခြေပြု၍ ကော်မတီဖွဲ့ကာရေးစပ်သီဆို ခဲ့ခြင်းဖြစ်သည်။    ။

0 comments:

Post a Comment