ဒေါ်အောင်ဆန်းစုကြည် ဟောပြောရန်ရှိသည့် မနောကွင်းအား ကချင်ပြည်နယ် အစိုးရအဖွဲ့က ခြံတံခါး သော့ခတ်ပြီး ပိတ်ပင်၊ မနောကွင်းအနီး မနောဘက်စုံ အားကစားဥယျာဉ်၌ အောက်တိုဘာ ၂ ရက် နံနက် ၁၀ နာရီတွင် ဟောပြောမည်
မြစ်ကြီးနားမြို့ရှိ မနောကွင်းအား သော့ခတ်၍ ပိတ်ထားသည်ကို အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)
ဒေါ်အောင်ဆန်းစုကြည် ဟောပြောရန်ရှိသည့် မနောကွင်းအား ကချင်ပြည်နယ် အစိုးရဖွဲ့က ခြံတံခါးသော့ခတ် ပိတ်ပင်ထားပြီး မနောကွင်းအနီး မနောဘက်စုံ အားကစားဥယျာဉ်၌ အောက်တိုဘာ ၂ ရက် နံနက် ၁၀ နာရီတွင် ဟောပြောမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ကချင်ပြည်နယ် NLD ဗဟိုပါတီဝင်များက မနောတိုင် တည်ရှိရာ မနောကွင်းဘေးတွင် စက်တင်ဘာ ၃၀ ရက် ညပိုင်းအထိ ပြင်ဆင်ခဲ့သော်လည်း အောက်တိုဘာ ၁ ရက်နံနက်ပိုင်းက ၀င်ပေါက်အားလုံးကို သော့ခတ် ထားသည်ကို တွေ့ရကြောင်း၊ ဟောပြောပွဲကို ရေအိုင်အနည်းငယ်ရှိပြီး မြက်များတောထနေသည့် မနောဘက်စုံ အားကစား ဥယျာဉ်တွင် အဆောတလျင် ပြင်ဆင်နေကြောင်း ပြောကြားသည်။
ကချင်ပြည်နယ် မိုးညှင်းခရိုင် မဲဆန္ဒနယ် အမှတ်(၉) မှ NLD ပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့် (ခ) ဦးချိုက “ကျွန်တော်တို့ကို ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က ဟောပြောပွဲ ဒီမနောကွင်းမှာ မလုပ်ဖို့ လက်မှတ်ထိုးခိုင်းပါတယ်။ ဒီနေ့မနက်က သော့ပိတ်ထားတာ တွေ့တာပဲ။ အထဲမှာ ဆောက်လက်စစင်ရဲ့ ပျဉ်တွေ၊ လက်သမား ပစ္စည်းတွေ ကျန်နေသေးတယ်။ ကျွန်တော်တို့က ကော်မရှင် အပါအ၀င် အားလုံးပူးပေါင်း လုပ်ဆောင်ကြဖို့ ဆွေးနွေးထားကြတာ ရှိပါတယ်။ ရွေးကောက်ပွဲ ကျင်းပချိန်မှာ ရွေးကောက်ပွဲ ကော်မရှင်ဟာ လုပ်ပိုင်ခွင့် အာဏာနှင့် ဆောင်ရွက်ခွင့်တွေ ရှိပါတယ်။ အခုက ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ပြည်သူဆန္ဒမပါတဲ့ ထုတ်ပြန်ချက်ကို ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က မလွန်ဆန်နိုင်ဘူး။ သမာသမတ် ကျအောင်လည်း မဖြေရှင်းနိုင်ဘူး။ ဒီလိုဆိုရင် ဒီရွေးကောက်ပွဲကြီးကို တရားမျှတမယ်လို့ ဘယ်လို ယူဆရမလဲ။ ကြိုတင်ပြီး ကောက်ကျစ်နေကြပြီလို့ ပြောရမှာပါ။ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲမှာလည်း ဒီကွင်းထဲမှာ ဟောပြောခဲ့ကြတာပဲ။ မနက်ဖြန်တော့ ကချင်ရိုးရာ ယဉ်ကျေးမှု ပြည်သူ့အားကစားကွင်းကို ပြောင်းရမှာပေါ့။ ကွင်းကတော့ ဗွက်နဲ့ မြက်တောကြီး ဖြစ်နေပါတယ်” ဟု ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲ ပြုလုပ်မည့် မနောဘက်စုံ အားကစား ဥယျာဉ်အား ပြင်ဆင်နေသည်ကို အောက်တိုဘာ ၁ ရက်က တွေ့ရစဉ်
ယင်းပိတ်ပင်မှုကို အောက်တိုဘာ ၁ ရက် နံနက်ပိုင်းမှ စတင်ကာ ညနေ ၄ နာရီ ကျော်သည်အထိ ပိတ်ထားသည်ကို တွေ့ရပြီး မနောကွင်း ခြံစောင့်သူများအား တွေ့ဆုံမေးမြန်းရာ ညကိုးနာရီတွင် ၀င်းတံခါး အားလုံးကို ပိတ်ပင်ခဲ့ကြောင့် သော့ပိတ်ထားသည်ကို မတွေ့ရသေးကြောင်း၊ နံနက်ငါးနာရီ အချိန်တွင် သွားရောက် ဖွင့်လှစ်ရာ အပေါ်တွင် သံကြိုးဖြင့်တုတ်ပြီး သော့ခတ်ထားသည်ကို တွေ့ရကြောင်း၊ စုံစမ်းချက်အရ ပြည်နယ်အစိုးရ ညွန်ကြားချက်အရ လာရောက် ခတ်သွားခြင်းဖြစ်ကြောင်း မနောကွင်း ခြံစောင့်များက ဆိုပါသည်။
မနောကွင်းအတွင်း ရုံးစိုက်ထားသည့် ကချင်ရိုးရာ စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီရုံးမှ အသက် ၆၅ နှစ်ရှိ ရုံးအုပ်ကြီး ဦးလကျန်းက “ကျွန်တော်တို့အဖွဲ့က ပိတ်တာမဟုတ်ဘူး။ အစောင့်နှစ်ယောက်ကိုမေးတော့ အစိုးရအဖွဲ့က ပိတ်သွားတယ် ပြောတယ်။ ကျွန်တော် ဒီမှာဝန်ထမ်းတာ နှစ်ဆယ်ချီပြီ။ အရင်ကတော့ ဒါမျိုးပိတ်ပင်တာ မရှိဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်တဲ့ မဂျွယ်ခန်းမကိုတော့ ဆွေးနွေးပွဲလုပ်ကတည်းက ဘယ်အဖွဲ့ကိုမှ ခွင့်မပြုတာ ကျန်တာတွေကတော့ လုပ်နေကြတာပဲ။ အသက် ၆၅ နှစ်ရောက်ပြီ ဒီလိုမနောကွင်း သော့ခတ်ပိတ်ပင်တာ တစ်ခါမှ မရှိသေးဘူး” ဟု ပြောကြားသည်။
ကချင်ပြည်နယ် ပထမတန်း ရဲမှူးကြီး ဦးမြင့်ထူးက အစိုးရအဖွဲ့ အနေဖြင့် မိမိတို့ရဲ ဌာနသို့ မည်သည့် ညွှန်ကြားစာမျှ ထုတ်ပြန်ခြင်း မရှိကြောင်း၊ ယင်းမနောကွင်းမှာ အရင်ကတည်းက ရဲအစောင့်များ ချထားသဖြင့် အရင်အတိုင်းသာ စောင့်ကြပ်မှုများ ရှိနေခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယင်းမနောကွင်းအတွင်း ကချင်ရိုးရာ စားသောက်ဆိုင် နှစ်ခုနှင့် ကိုယ်ကာယ လေ့ကျင့်ရေးရုံတစ်ခု၊ ဘော့လုံးကွင်း တစ်ခုတို့မှာ အောက်တိုဘာ ၁ ရက်တွင် ပိတ်ထားသည်ကို တွေ့ရပြီး ဆိုင်ရှင်များမှာ ရဲအစောင့်များနှင့် စကားအချေအတင် ပြောဆိုနေသည်ကိုလည်း တွေ့ရသည်။ ကချင်စာပေနှင့် ယဉ်ကျေးမှု ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီဥက္ကဋ္ဌ ဦးဟောင်းခေါင်က “မနောကွင်း ပိတ်လိုက်တာလည်း ကျွန်တော်တို့လည်း မသိရဘူး။ ဒီကိစ္စကိုလည်း စည်းဝေးတိုင်ပင်ကြဖို့ လုပ်နေပါတယ်။ လောလောဆယ်တော့ ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ဘူး။ ကျွန်တော်တို့ကတော့ ဒေါ်စုဟောပြောပွဲအတွက် စက်တင်ဘာ ၂၃ ရက်ကတည်းက ခွင့်ပြုထားတာ” ဟုပြောကြား သည်။
မြစ်ကြီးနား မနောကွင်း အ၀င်ဝ တံခါးအား သံကြိုးခတ် ပိတ်ထားသည်ကို တွေ့ရစဉ်
ကချင်ပြည်နယ် ၀န်ကြီးချုပ်က စက်တင်ဘာ ၂၇ ရက်တွင် မြစ်ကြီးနားမြို့ မနောကွင်းအတွင်း မည်သည့် နိုင်ငံရေးပါတီမှ ဟောပြော စည်းဝေးခွင့်မပြုရန် ထုတ်ပြန်တားမြစ်ခဲ့သည်။ နိုင်ငံရေးပါတီ ခေါင်းဆောင်များကမူ ယင်းတားမြစ်ချက်တွက် ပြင်းပြင်းထန်ထန် ဝေဖန်မှုများပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အနီးတွင် ယင်းကဲ့သို့ ပြုလုပ်ခြင်းမှာ သံသယ၀င်စရာဖြစ်ကြောင်း NLD နှင့် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများက ဝေဖန်ခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ခုနှစ်အတွင်း ပူတာအို ခရီးစဉ်ကို မေ ၂၃ ရက် နှင့် ၂၄ ရက် သွားရောက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အစိုးသစ် လက်ထက်တွင် ကချင်ပြည်နယ် ပထမဆုံး ခရီးစဉ်အဖြစ် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၄ ရက်အထိ ကြားဖြတ် ရွေးကောက်ပွဲအတွက် မြစ်ကြီးနား၊ မိုးကောင်း၊ နမ္မတီးမြို့များတွင် သွားရောက် ဟောပြောမှုများ ပြုလုပ်ခဲ့ပြီး ဒေသခံများ သောင်းနှင့်ချီ၍ ကြိုဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
ယင်းခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် မနောကွင်းအတွင်း ဟောပြောမှုများ ပြုလုပ်ခဲ့ရာ လူသောင်းဂဏန်း တက်ရောက်ခဲ့သည်။
Friday, 2 October 2015
Home »
» ကချင်ပြည်နယ်အစိုးရအဖွဲ့မှ မနောကွင်းအားသော့ခတ်ပိတ်သော်ငြား
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ မနောကွင်းအားသော့ခတ်ပိတ်သော်ငြား
10:31
No comments
0 comments:
Post a Comment