Pages

Friday, 25 September 2015

ဖဲကြိုးစိမ်းလှုပ်​ရှားမှု

ပညာရေး ၀န်ကြီးဌာနသို့ တပ်မတော်မှ အသွင်ကူးပြောင်းလာသည့် အရာထမ်းများ ထပ်မံရောက်ရှိ မလာစေရေး အတွက် ဖဲကြိုးစိမ်း လှုပ်ရှားမှုဖြင့် ဆရာ၊ ဆရာမများ သဘောထားဆန္ဒ ထုတ်ဖော်မည်

ပညာရေး ၀န်ကြီးဌာနသို့ တပ်မတော်မှ အသွင်ကူးပြောင်း ရောက်ရှိလာသည့် အရာထမ်းများ ထပ်မံရောက်ရှိ မလာစေရေးအတွက် ဖဲကြိုးစိမ်း လှုပ်ရှားမှုဖြင့် ဆရာ၊ ဆရာမများ သဘောထားဆန္ဒ ထုတ်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။  

အဆိုပါ ဖဲကြိုးစိမ်း လှုပ်ရှားမှုဖြင့် သဘောထားဆန္ဒ ထုတ်ဖော်ပြသမှုများကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၅ ရက်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး လက်ရှိအချိန်တွင်လည်း လူမှုကွန်ရက် စာမျက်နှာများ ပေါ်တွင်လည်း စတင်ဆန္ဒထုတ်ဖော် ပြသနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများ အဖွဲ့ချုပ်မှ သိရသည်။

“ကမ္ဘာ့ဆရာများနေ့ အခမ်းအနား ကျင်းပရင်းနဲ့ ဖဲကြိုးစိမ်း လှုပ်ရှားမှုကို တစ်ပြိုင်တည်း စတင်ဆောင်ရွက်မှာပါ။ စတဲ့နေရာတွေတော့လည်း စနေကြပါပြီ။ အဓိကဖြစ်နေတာက အဆင့်မြင့်မှာ ဖြစ်တာထက် အခြေခံမှာ များပါတယ်။ အခြေခံမှာ ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ တိုင်းပညာရေးမှူးတို့လို အဆင့်တွေမှာ တော်တော်များများ ရောက်လာတယ်။ အဲဒီအတွက် အခြေခံက ဆရာ၊ ဆရာမတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကို လှမ်းအကူအညီ တောင်းပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ အားလုံးဝိုင်းပြီး ဆန္ဒထုတ်ဖော် ကြမှာပါ။ ကျွန်တော်တို့ အနေနဲ့ အများကြီးတော့လည်း မမျှော်လင့်ထားပါဘူး။ စဖြစ်တာက အခြေခံမှာ ဖြစ်တယ်ဆိုပေမယ့် အခြေခံက ဆရာ၊ ဆရာမတွေက အကြောက်တရား အများကြီးနဲ့ ရင်ဆိုင်နေရတယ်။ အပြောင်းအရွှေ့ တာဝန်တွေက မြို့နယ်အဆင့်လောက် အထိကို ခွဲပေးထားတာပါ။ အဲဒီခွဲပေးထားတဲ့ တာဝန်ကို ကျွန်တော်တို့ လက်ခံနိုင်ပါတယ်။ Decentralization ပေါ့။ အကုန်လုံးကို ဗဟိုက တိုက်ရိုက်မချုပ်ထားဘူး ဆိုပေမယ့် လုပ်ပိုင်ခွင့်ကို လွဲသုံးစားလုပ်ပြီးတော့ အရေးကိစ္စတွေ ဆောင်ရွက်တဲ့ ဆရာ၊ ဆရာမ တွေကို နယ်ပို့ပစ်လိုက်တာမျိုးတို့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး ခြိမ်းခြောက်တာမျိုးတွေ လုပ်လာမှာ စိုးလို့ပါ။ ဆရာ၊ ဆရာမ အများစုက ဒီလိုမျိုးလှုပ်ရှားမှုတွေ လုပ်ရမှာကို စိုးရိမ်နေတာ မျိုးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဘယ်သူပါပါ မပါပါ ကျွန်တော်တို့  ဆရာများ အဖွဲ့ချုပ်ကနေ လုပ်ကြပါမယ်။ ဆရာများ အဖွဲ့ချုပ် အဖွဲ့ဝင် ဆရာ၊ ဆရာမတွေက ဖဲကြိုးစိမ်းကို တပ်ဆင်ပြီး ကမ်ပိန်းလုပ်ကြပါမယ်။ ဒါက ပထမအဆင့် လှုပ်ရှားမှုပေါ့။ အဲဒီအဆင့်ပေါ် မူတည်ပြီးတော့ နောက်အဆင့်တွေကို ဆွေးနွေးတိုင်ပင် ဆုံးဖြတ်ကြမှာပါ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးဇော်မျိုးလှိုင်က ဆိုသည်။

ယခုနှစ် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို မန္တလေးမြို့၊ ၈၄ လမ်းရှိ ဓမ္မသာလ ဓမ္မာရုံတွင် ကျင်းပပြုလုပ် မည်ဖြစ်ပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်၌ အဖွဲ့ဝင် လေးထောင်ကျော် ရှိကြောင်း သိရသည်။      

0 comments:

Post a Comment