Pages

Monday 28 March 2016

အထူး​ကျေးဇူးတင်​လွှာ

အထူး ကျေးဇူးတင်လွှာ...........

နှလုံးလှသူငယ်ချင်းတစ်စု(ပွင့်လင်းမေတ္တာ ပညာဒါန)အဖွဲ့၏ နည်းပညာ(စာအုပ်နှင့်ခွေ)အလှူအား မော်လူးပုံရိပ်အဖွဲ့သားများမှ  ကျေးဇူးဥပက္ခာရတင်ရှိကြောင်းမှတ်တမ်းတင် ဂုဏ်ပြုဖော်ပြအပ်ပါသည်။

ကျနော်တို့နိုင်ငံရှိ တစ်ချို့သောဒေသများမှာ မြို့နှင့်လည်းမနီး၊နည်းပညာကဏ္ဍအနေဖြင့် သင်ယူချင်လျှင်သော်မှ သင်တန်းများ မရှိ၊စာအုပ်များ ခွေများပင် အလွယ်ဝယ်၍မရနိုင်သည်မှာ ကျနော်တို့ကိုယ်တိုင် ကြုံတွေ့နေရသည်။

အချို့ဒေသများ၌ နည်းပညာရှင်များရှိပေငြား ပြန်လည် ဖြန့်ဝေပေးလိုသည့် စိတ်ဓာတ်မျိုးကား ရှားလှပေသည်။

နည်းပညာပိုင်းအားနည်းသူ၏ အမှားကိုသာ ထောက်ပြဝေဖန်တတ်ကြပြီ စိတ်ကောင်းစေတနာနှင့် ကူညီ လမ်းပြပေးသူကားလွန်စွာနည်းလှသည်။

လူဆိုသည်မှာ အသိပညာ၊အတတ်ပညာတို့အား မွေးကတည်းက မည်သူမျှ တတ်မြောက်သည်မရှိပါ။အတွေ့အကြုံများ၊သင်ခန်းစာများမှ သင်ယူရင်း၊လေ့လာရင်းဖြင့်သာ တိုးတက်အောင်ကြံဆောင်ရလေသည်။

ထို့သို့သင်ယူလေ့လာရင်း၌ မိမိလုပ်ဆောင်ချက်များ အဆင်မပြေ၊ မှားသည့်အခါလည်းရှိပေမည်။

မည်မျှပင် သင်ယူနေအုံးတော့ အသစ်အသစ်သောနည်းပညာတို့ကားတိုး၍သာ များလာသည်ဖြစ်ရာ ပညာရပ်မှာဆုံးခန်းတိုင်တတ်မြောက်သည်ဟူ၍ မရှိနိုင်ပေ။

ပညာပါရမီ ဖြည့်သည့်အနေဖြင့် မိမိသိသောနည်းပညာကို မသိသောသူများအား မျှဝေပေးဖို့ရန်လည်း လိုအပ်ပေသည်။

သို့မှသာ ကျနော်တို့ဒေသတွင် အစဉ်မပြတ်လေ့လာသင်ယူနေသော လူ့အဖွဲ့အစည်းကို လက်ဆင့်ကမ်းသယ်ဆောင်နိုင်မည်ဖြစ်သည်။

တစ်ချို့ပညာရှင်များကား ကူညီလိုသည့်စိတ်၊သင်ကြားပြသပေးလိုသည့်စိတ်မျိုးမရှိကြ။ပညာမာန တက်ကြသည်။
(အားလုံးကိုမဆိုလိုပါ။)
ပညာရပ်ကို မိမိတစ်ဦးတည်းသာ တတ်မြောက်လိုပြီး သူတစ်ပါးအားမိမိလောက်မသိ၊မိမိလောက်မတတ်ဟု အမြဲ အထင်အမြင်သေးတတ်လေသည်။

ကျနော်ကိုယ်တွေ့ အပြောခံခဲ့ရသော စကားများကား "ဘာမှမသိပဲလျှောက်လုပ်တယ်၊မတတ်ပဲ လုပ်တာကိုး""ဒီဆော့ဝဲ သွင်းတာလောက်က ကလေးတောင်တတ်တယ်"အစရှိသည့်စကားမျိုးပင် ဖြစ်သည်။"တတ်ယောင်ကား ဆရာများသတိထား"ဟုလည်း ရွဲ့တာ ခံခဲ့ရသည်။(မည်သူ့ကိုမှ မဆိုလို၊တိုက်ဆိုင်မှုရှိကခွင့်လွှတ်ပါ။)

ပိုက်ဆံပေးပြီးလည်းပြင်ရ၊ အပြောလည်းခံရလေသည်။
မိမိပစ္စည်း မိမိဖာသာတတ်သိချင်၍ ကလိသည်ဖြစ်ရာ၊အဆင်မပြေ၊errorတက်ပါက ပြင်နိုင်လျှင်ပြင်ပေးရုံပေါ့၊မပြင်နိုင်၊မပြင်ပေးချင်လည်း ငြင်းလွှတ်ပေါ့ဗျာ။အထင်သေးစကား၊နှိမ်သောစကားများ မပြောသင့်ဟု ထင်ပါသည်။

ကျန်သောညီငယ်များ၊နည်းပညာလိုက်စားသော ညီအကိုများအား ကျနော့်လိုမကြုံတွေ့စေလိုသဖြင့် နည်းပညာကဏ္ဍနှင့်ပါတ်သက်၍ စာအုပ်များ၊ခွေများအား လာရောက် လေ့လာနိုင်ကြောင်း နှင့်ကျနော်သိသမျှ နည်းပညာရှိပါကလည်း ကူညီပြောပြပေးပါမည်ဟုခံယူထားပါသည်။

ကျနော့်၏ မျှဝေလိုသောဆန္ဒကို အွန်လိုင်းမှ ညီငယ်သူငယ်ချင်းတစ်စုတို့မှ တစ်ဖက်တစ်လမ်းမှ စာအုပ်များနှင့် PDFဖိုင်များအား အားဖြည့် ကူညီ၍ အကောင်အထည်ဖော်ပေးကြပါသည်။

ညီငယ်တို့ "ပွင့်လင်းမေတ္တာ" ပညာဒါနအဖွဲ့အား အထူးပင်ကျေးဇူးတင်ကြောင်း နှင့် နည်းပညာ တိုးတက်ရေးအတွက် များစွာအထောက်အပံ့ဖြစ်စေ၍လည်း လွန်စွာဝမ်းမြောက်ကြောင်း ရေးသားဂုဏ်ပြုဖော်ပြအပ်ပါတယ်ခင်ဗျာ။

နှလုံးလှသူငယ်ချင်းတစ်စု(ပွင့်လင်းမေတ္တာ ပညာဒါန)အဖွဲ့မှ လှူဒါန်းသော နည်းပညာ(စာအုပ်နှင့်ခွေ) စာရင်းမှာ
၁။နည်းပညာစာအုပ်(softwareခွေနှင့်)=၂၃အုပ်
၂။ဆော့ဝဲနှင့်စာအုပ်များပါသောDVDခွေ=၃ခွေ
၃။GRADE-11လေ့ကျင့်ခန်းနှင့်အဖြေစုံအထူးထုတ်စာအုပ်=၆အုပ်
၎။GRADE-11 TEXT BOOK=၉အုပ်
တို့ဖြစ်ပါတယ်။

ပို၍လေးစားဖွယ်ရာကား မော်လမြိုင်မှ အထက်ပိုင်းတက်သည့်ကားလိုင်း အဆင်မပြေ၍ ကိုယ်တိုင် မန္တလေးသို့ဆင်းကာ စေတနာသက်သက်နှင့် စာအုပ်များအား ပို့ပေးခြင်းပင်ဖြစ်သည်။

နည်းပညာနှင့်ပါတ်သက်သော စာအုပ်များနှင့် နည်းပညာရပ်ဆိုင်ရာ ခွေများ၊ဆော့ဝဲခွေများ အား လေ့လာလိုပါက လာရောက်ကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ.........။

ပွင့်လင်းမေတ္တာ နှလုံးလှ အဖွဲ့အား များစွာကျေးဇူးတင်လျှက်.......

မော်လူးပုံရိပ် Adminအဖွဲ့သားများ..........

0 comments:

Post a Comment