အထူး မေတ္တာရပ်ခံ တောင်းခံလွှာ
ဖိုးဖိုး ဖွားဖွား ကြီးကြီး ဒေါ်ဒေါ် ကိုကို မမတို့ ခင်ဗျား သားသား မီးမီး တူ တူမ လေးများကို ချစ်ရင် မဲရုံသွားပြီး မဲထည့်ပေးကြဖို့ သားသားအနေဖြင့် မေတ္တာရပ်ခံချင်ပါတယ်။ သားတို့ရဲ့ အနာဂတ်ကို အာဏာရှင် လူတစ်စုရဲ့လက်ထဲမှာ ၀ကွက် မအပ်နှံခဲ့ဖို့ သား တောင်းဆိုချင်ပါတယ်။ အာဏာရှင်စနစ်ရဲ့ အောက်မှာ နေခဲ့ရတဲ့အတွက် ဝေခွဲမရနိုင်တဲ့ သံသယတွေ ရှိနေမယ်ဆိုတာ သားနားလည်ပါတယ်။ မျက်စိ သူငယ် နားသူငယ် ဖြစ်နေတဲ့ ရေတွင်းထဲက ဖားသူငယ်လိုပါပဲ ကမ္ဘာကြီးရဲ့ သာယာလှပမှုကို မမြင်နိုင်သလို ကြီးကြီး ဒေါ်ဒေါ် ကိုကို မမအနေဖြင့်လဲ မဲသွားပေးရင်လဲ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ သားအနေဖြင့်တော့ ဖားသူငယ်ကိုလဲ ရေတွင်းထဲမှာချည်းပဲ မနေစေချင်သလို မဲပေးပိုင်ခွင့်ရှိသူ အားလုံးလဲ မဲပေးစေချင်ပါတယ်။ မဲတစ်ပြားဟာ မိုးရေတစ်စက် ဖြစ်ရင်ဖြစ်ပါလိမ့်မယ်။ ရေငတ်သူအတွက်တော့ တန်ဖိုးမဖြတ်နိုင်ဘူး။ သားတို့ရဲ့ ဘ၀ ရှင်သန်စေချင်တယ်၊သားတို့ကိုချစ်ရင် နိုဝင်ဘာလ ၈ ရက်နေ့မှာတော့ သက်ဆိုင်ရာ မဲရုံသွားပြီး မဲတစ်ပြားကို မိုးတစ်စက်အဖြစ်ဖြင့် ရွာပေးစေချင်ပါတယ်။ အဲ့ဒီနေ့မှာ ရွာသွန်းမယ့်မိုးရေဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ အညစ်အကြေး အမှိုက်သရိုက်အားလုံးကို ရေစီးနှင့်အတူ မျောပါသွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အာဏာရှင် လောင်ရိပ်အောက်မှ လွတ်မြောက်လာတဲ့တစ်နေ့မှာတော့ သားတို့လို မျိုးဆက်သစ်လူငယ်များနှင့်အတူတစ်နိုင်လုံး သာယာလှပတဲ့ နိုင်ငံတော်ကြီးကို မြင်တွေ့ရမှာ မလွှဲပါဘူး။ မျှော်လင့်ချက် များစွာဖြင့်.....
လောင်ရိပ်အောက်မှ
သစ်ပင်ငယ်
0 comments:
Post a Comment