ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ဓာင့် ခုတ်သတ်ခဲ့သည့် တရားခံ တင်မြင့်အား လုံခြုံရေး အင်အား တင်းကျပ်စွာဖြင့် တောင်ပိုင်းခရိုင် တရားရုံး၌ ရုံးထုတ်
တရားခံ တင်မြင့်အား ရုံးထုတ်လာသည်ကို တွေ့ရစဉ်
သန်လျင်မြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် နှစ်ဦးအား ဓားဖြင့် ထိုးသတ်ခဲ့သည့် တရားခံ တင်မြင့်အား လုံခြုံရေး အင်အား တင်းကျပ်စွာဖြင့် တောင်ပိုင်းခရိုင် တရားရုံး၌ ရုံးထုတ်ကာ ၎င်းအား ဖမ်းဆီးသည့် ရက်က ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးအား စစ်ဆေးခဲ့ကြောင်း သိရသည်။
“ဒီနေ့ တင်မြင့်ကို ဖမ်းဆီးတဲ့နေ့က ပါဝင်ခဲ့တဲ့ ဒုရဲတပ်ကြပ် ဇေယျထွန်းနဲ့ တပ်ကြပ် ကိုကိုထွန်းတို့ကို စစ်ဆေးပါတယ်။ သူတို့နှစ်ယောက်က လိုပြ သက်သေ ထဲမှာပါတယ်။တရားလိုအနေနဲ့ ဒုရဲအုပ် မျိုးမင်းသန်းပါ။ ရုံးချိန်းကို အောက်တိုဘာ ၁၄ ရက်ကို ချိန်းဆို ထားပါတယ်”ဟု ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
ထို့ပြင် တရားခံ တင်မြင့်အား ရုံးထုတ်ရာ၌ လုံခြုံရေးအရ ရဲတပ်ဖွဲ့ဝင် ၂၀ ကျော်ဖြင့် လုံခြုံရေးယူကာ ရုံးထုတ် စစ်ဆေးခဲ့ပြီး ယင်းသို့ စစ်ဆေး နေစဉ်အတွင်း တောင်ပိုင်းခရိုင် တရားရုံးအတွင်းသို့ အပြင်လူဝင်ခွင့် ပိတ်ခဲ့ ကြောင်း သိရသည်။
ထို့ပြင် တရားခံတင်မြင့်အား ၂၀၁၄ ခုနှစ် မေလတွင် အမျိုးသား တစ်ဦးအား ဓားဖြင့်ထိုးကာ ထွက်ပြေး တိမ်းရှောင်ခဲ့သည့် အမှုအား အောက်တိုဘာ ၇ ရက်က သန်လျင်မြို့နယ် တရားရုံးတွင် ပုဒ်မ ၃၂၆ ဖြင့် ဆက်လက် ရုံးထုတ်ခဲ့ကြောင်း သိရသည်။
တရားခံတင်မြင့် အနေဖြင့် ၂၀၁၄ ခုနှစ် မေလတွင် သန်လျင်မြို့နယ်၌ပင် အမျိုးသား တစ်ဦးအား ဓားဖြင့်ထိုးကာ ထွက်ပြေး တိမ်းရှောင်မှုကြောင့် ၂၀၁၅ ခုနှစ် စက်တင်ဘာတွင် တရားခံပြေးအဖြစ် ကြေညာထားခံရပြီး စက်တင်ဘာ ၂ ရက်တွင် ၎င်းတိမ်းရှောင်နေသည့် သန်လျင်မြို့နယ် ဘုရားကုန်း ကျေးရွာရှိ သဘာဝ တည်းခိုခန်း၌ ရှိနေစဉ် ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက် ဖမ်းဆီးရာ ဓားဖြင့် ပြန်လည် ခုခံ ထိုးသတ်ခဲ့သဖြင့် ရဲတပ်ဖွဲ့နှစ်ဦး ဖြစ်သည့် ရဲအုပ်အောင်နိုင်နှင့် တပ်ကြပ်သူရလွင်တို့ သေဆုံးခဲ့ကြောင်း သိရသည်။
ပြစ်မှု ကျူးလွန်သူ တင်မြင့်မှာ အသက် (၄၇) နှစ် ရှိပြီဖြစ်ကာ ၎င်းကို ပဲခူးတိုင်း ဒေသကြီး ဝေါမြို့နယ်တွင် မွေးဖွားခဲ့ပြီး လူငယ် ဘ၀ကပင် ရန်ကုန် ဘူတာကြီး၌ ဒုစရိုက်သမားများနှင့် ပူးပေါင်းကာ ခိုး၊ ဆိုး၊ လု၊ နှိုက် စသည့် အမှုပေါင်းများစွာကို ကျူးလွန်ခဲ့သူ ဖြစ်ကြောင်း သိရသည်။
တင်မြင့်သည် ၁၉၉၀ ပြည့်နှစ်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၌ အမျိုးသားတစ်ဦးအား ဓားဖြင့် ထိုးပြီး ပဲခူးမြို့သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရာ လိုက်လံ ဖမ်းဆီးသည့် ဝေါမြို့နယ်မှ ရဲတပ်ဖွဲ့ဝင် တစ်ဦးကို ဓားဖြင့် ထိုးသတ်ခဲ့ သဖြင့် ပဲခူးစစ်ခုံရုံးက ထောင်ဒဏ် တစ်သတ် တစ်ကျွန်း ချမှတ်ခဲ့ကြောင်း၊ ထိုကျူးလွန်ခဲ့သည့် ပြစ်မှုအတွက် တရားရုံး၌ ရုံးထုတ် စစ်ဆေးစဉ် သံခြေချင်းအား ဖြုတ်ကာ အစောင့်ရဲအား ရိုက်နှိက်၍ ထွက်ပြေးခဲ့ပြီး ယင်းနေ့၌ပင် ပြန်လည် ဖမ်းဆီး ရမိခဲ့ပြီး အင်းစိန်၊ မြင်းခြံနှင့် အိုးဖိုထောင်တို့တွင် ပြစ်ဒဏ် ကျခံစေခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်ခဲ့ကြောင်း၊ ထိုသို့ လွတ်မြောက် လာခဲ့ပြီးနောက် ၎င်းဇနီး နေအိမ်၌ နေထိုင်စဉ် မယားပါသမီးအား အဓမ္မပြုရန် ကြံစည်မှုဖြင့် ထွက်ပြေး တိမ်းရှောင်ရင်း လုယက် မှုများ ထပ်မံ ကျူးလွန်ခဲ့ပြီး တောင်ဒဂုံ မြို့နယ်၌ လက်နက် ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးရမိခဲ့ရာ ၂၀၁၁ ခုနှစ်တွင် ထောင်ဒဏ်နှစ် ၂၀ ကျော် ချမှတ်ခံရကြောင်း၊ ထောင်ကျနေစဉ် ရဲဘက်စခန်း၌ သံခြေချင်းအား ဖျက်ဆီးကာ ထွက်ပြေးရန် ကြံစည်ခဲ့မှုဖြင့် ထောင်ဒဏ် လေးလ ထပ်မံ တိုးမြှင့်ခံခဲ့ရပြီး ၂၀၁၄ ခုနှစ်တွင် သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်ခဲ့ကြောင်း ရန်ကုန် တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည။
0 comments:
Post a Comment