Pages

Monday, 5 October 2015

ရွေး/​ကော်​ ဥက္ကဌ အား​ဝေဖန်​ပြီ

ရွေးကောက်ပွဲ ဖြစ်မြောက်ရေး အစိုးရမှ ဖွဲ့ထားသည့် အဖွဲ့တစ်ခု အနေဖြင့် မဲစာရင်းမှန်ကန်ရေး ရာခိုင်နှုန်း ၃၀ သာ တာဝန်ယူမည် ဆိုသည်မှာ တာဝန်မကျေရာ ရောက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အား ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဟောပြောပွဲ ပြုလုပ်နေသည်ကို အောက်တိုဘာ ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)
ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် အစိုးရမှဖွဲ့ထားသည့် အဖွဲ့တစ်ခု အနေဖြင့် မဲစာရင်း မှန်ကန်ရေးကို ၃၀ ရာခိုင်နှုန်းသာ တာဝန်ယူမည် ဆိုသည်ရာ တာဝန်မကျေရာ ရောက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အား ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားသည်။

ကချင်ပြည်နယ် မိုးညှင်းမြို့လျောင်းတော်မူ ဘုရားကြီးက ဇာတ်ရုံ၌ အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲတွင် ၎င်းကထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား မဲပေးလိုပါက မဲပေးပိုင်ခွင့်ရအောင် အရင်လုပ်ရမည် ဖြစ်ကြောင်း၊ ပြည်သူတစ်ယောက်ချင်းသည် ကိုယ့်တာဝန် ကိုယ်ကျေအောင် လုပ်ရမည်ဖြစ်ကြောင်း၊ အဖွဲ့ချုပ်အနေဖြင့် ပြည်သူများအားလုံး မဲပေးပိုင်ခွင့်ရအောင် လုပ်ပေးချင်ကြောင်း၊ ပြည်သူများ မဲပေးပိုင်ခွင့်ရမည်ကို မိမိတို့ အနေဖြင့် လုံးဝမကြောက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ပြည်သူများများ မဲပေးနိုင်လေလေ ကျွန်မတို့အတွက် ကောင်းလေလေလို့ပဲ မြင်ပါတယ်။ ဒါပေမဲ့ တချို့အဖွဲ့အစည်းတွေက အဲဒီလို မြင်ပုံမရဘူး။ ပြည်သူများများ မဲပေးမှာကို စိုးရိမ်နေပုံရတာကို တွေ့ခဲ့ရပါတယ်။ ဘာကိုစိုးရိမ်မှန်းတော့ ကျွန်မမသိပါဘူး။ အခု ရွေးကောက်ပွဲ ကော်မရှင်က မကြာခင်တုန်းက ပြောခဲ့တာဟာ ရွေးကောက်ပွဲ မဲဆန္ဒရှင် စာရင်းတွေအတွက် ၃၀ ရာခိုင်နှုန်းပဲ တာဝန်ယူပါမယ်လို့ ပြောပါတယ်။ ကျွန်မတော်တော် အံ့အားသင့်သွားတယ်။ ဒီအစိုးရကနေပြီးတော့ ဖွဲ့ထားတဲ့ အဖွဲ့တစ်ခု။ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ဖွဲ့ထားတဲ့ အဖွဲ့တစ်ခုက ၃၀ ရာခိုင်နှုန်းပဲ တာဝန်ယူမယ်ဆိုတော့ ဒါတာဝန်မကျေရာ ရောက်တယ်လို့ ကျွန်မ မြင်မိပါတယ်။ ဒါပေမဲ့လည်း ကိစ္စမရှိဘူး။ ကော်မရှင်ကနေပြီးတော့ အစိုးရကနေပြီးတော့ ၃၀ ရာခိုင်နှုန်းပဲ တာဝန်ယူမယ်ဆိုရင် ကျွန်မတို့ ပြည်သူတွေက ၇၀ ရာခိုင်နှုန်းကို သတ္တိရှိရှိ တာဝန်ယူကြစို့လို့ ကျွန်မဆော်သြ ချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။



ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဟောပြောပွဲ ပြုလုပ်နေသည်ကို အောက်တိုဘာ ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)

ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး ခရီးစဉ်အတွင်း မဲစာရင်း ကိစ္စရပ်အား ဟောပြောပွဲတိုင်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ပထမအကြိမ် အခြေခံ မဲစာရင်းကြေညာစဉ်က လာရောက် ကြည်ရှုသူ ၃၀ ရာခိုင်နှုန်း၏ မဲစာရင်းသာ မှန်ကန်နိုင်မည်ဖြစ်ပြီး လာရောက်ကြည့်ရှု စစ်ဆေးခြင်း မရှိသူများ၏ မဲစာရင်းများ မှန်ကန်ရေးကို တာဝန်ယူနိုင်မည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မီဒီယာအချို့အား ပြောကြားထားသည်။

ထို့အတူ ပထမအကြိမ် အခြေခံမဲစာရင်း ကြေညာစဉ်က မိသားစုအလိုက် အမည်စာရင်းများ ကြေညာခဲ့ပြီး အဆိုပါ မဲစာရင်းတွင် မှားယွင်းမှုများအား ပြည်သူများက ဖြည့်စွက်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြသည်။

သို့ရာတွင် စက်တင်ဘာ ၁၄ ရက်မှ ၂၇ ရက်ထိ ၁၄ ရက်ကြာ ထပ်မံထုတ်ပြန်သည့် မဲစာရင်းတွင်   လမ်းအလိုက်၊ အမည်အက္ခရာစဉ်၍ ကြေညာခဲ့သောကြောင့် မဲစာရင်းရှာဖွေရာတွင် ခက်ခဲမှုဖြစ်ပေါ်ခြင်း၊ ယခင်တစ်ကြိမ်က မဲစာရင်း မှားယွင်းမှုများအား ပြင်ဆင်လျှောက်ထား ခဲ့သူများထဲမှ အချို့သည် မှားယွင်းမှုများ ဆက်လက်ပါဝင်နေခြင်း၊ အမည်စာရင်းများ ကျန်ရှိခြင်း စသည်တို့ကြောင့် မဲစာရင်း မှန်ကန်မှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် မဲပေးခွင့် ရရှိရေးသည် မဲစာရင်းတွင် အမည်စာရင်း ပါဝင်မှသာ ရရှိမည်ဖြစ်သည်။




0 comments:

Post a Comment