Black list အဖြူစာရင်းမှာ နာမည်သွင်းခံရပြီ
လက်ရှိအစိုးရကနေ လူပေါင်း (၆ဝ၇) ယောက်ကို နာမည်မည်းစာရင်းကနေ ပယ်ဖျက်ပေးလိုက်ပါတယ်။ နိုင်ငံခြားသား (၃ဝဝ) နဲ့ မြန်မာလူမျိုး (၂ဝဝ) ကျော်ပါတယ်။
၂ဝ၁၂ သြဂုတ်လထဲမှာ အရင်အစိုးရကနေ အမည်မည်းစာရင်းထဲက နှစ်ထောင်ကျာ်ကို ပယ်ဖျက်ခဲ့ပါတယ်။ အဲဒီတုံးက ၁၉၉ဝ တုံးကအရွေးခံရပြီး အပြင်ထွက်လာကြတဲ့ လွှတ်တော်အမတ်ကို ထိပ်မှာတွေ့ရတယ်။ ကိုယ့်နာမည် ပါမယ် ထင်မထားပေမဲ့ နံပါတ် (၇) မှာတွေ့ပါတယ်။ အဲဒီစာရင်းထဲမှာ တာဝန်တခုမကရှိတဲ့သူ နှစ်ခါထပ်ပါနေတယ်။ နာမည်ဖြူ လူတူမရှားဖြစ်သွားတယ်။
တိုင်းပြည်ထဲမှာ အပ်ကျတာကအစသိတယ်လို့ ကြွားဝါခဲ့တဲ့ စစ်ထောက်လှမ်းရေးကနေ အမည်းစားရင်းကို ပြုစုခဲ့တာပါ။ ပြည်ပအန္တရာယ်ကိုတော့ အနှစ် (၂ဝ) ကျော်မှ သတိပြုမိပုံရတယ်။
အရင်သတင်းကို ရေဒီယိုတခုကတော့ နာမည်ပျက်စာရင်းလို့ ခပ်လွယ်လွယ် သုံးသွားတယ်။ Black list ဆိုတာ နာမည်ပျက် မဟုတ်ပါ။ Disgraced, Dishonored, Shamed တို့ကိုသာ နာမည်ပျက်လို့ပြန်သင့်ပါတယ်။
အချင်းချင်းတော့ အောင်စာရင်းခေါ်ကြတယ်။ မဖြေတဲ့စာမေးပွဲ အောင်ကြတာပါ။ ရင်းနှီးတဲ့တယောက်က ဆရာရော ဖြူသွားတယ်ဆိုတော့ ဝမ်းသာရပြီပေါ့။ ဒါပေမဲ့ ကိုယ့်ဖာသာ ဘယ်တုံးကမှ မမည်းခဲ့ဘူးမို့လားဆရာတဲ့။ ဟုတ်ပါတယ်။ ကျွန်တော့်အဖို့တော့ အနှစ်နှစ်ဆယ်အတွင်းမှာ မတူတော့တာကဆံပင်။ ဒါကြောင့်လို့ မထင်ပါ။ ဆံပင်ဖြူတာတော့ ၂ဝ၁၂ အရင်ကဆိုတော့ ကြာပြီပေါ့။
ကျွန်တော့်ရှေ့က (၆) ယောက်ထဲမှာ ဦးပီတာလင်းပင်ကတော့ သမတ ပဌမအကြိမ်ခေါ်ကတည်းက (ဘလက်လစ်စ်) မထွက်ခင်ကတည်းက ပြည်တွင်းပြန်ဝင်တယ်။ ဒေါက်တာမျိုးဝင်းက ကွယ်လွန်ပြီးဖြစ်တယ်။ ဒေါ်စန်းစန်းနဲ့ ဒေါက်တာစန်းအောင်တို့က အလည်ပြန်ကြတယ်ထင်တယ်။ ဦးတက်ဒီဘူးရီ ပြန်-မပြန် မသိပါ။ ဒေါက်တာစိန်ဝင်းက အခုမှသာ ဗီဇာလျှောက်တယ်။
ကျွန်တော့်မှာ စာရွက်စာတမ်း မရှိသေးပါ။ (၆) တန်းကျောင်းသားဘဝကရခဲ့တဲ့ သုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင်တော့ ရှိသေးတယ်။ နံပါတ်လည်း အလွတ်ရတယ်။
ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၆