"တည့်တည့်ပြောမှ သဘောပေါက်တော်မူမယ်ထင်"
****************************************************
အင်္ဂလိပ်စကား၊ ဂျပန်စကားကို မြန်မာလို ဘာသာပြန်ရတာထက် မြန်မာစကားကို မြန်မာလို ဘာသာပြန်ရတာ အခက်ခဲဆုံးပဲ။ ပြောသူရဲ့ ဆိုလိုရင်း အဓိပ္ပာယ်ကို နားမလည်ဘဲ ထင်ရာမြင်ရာ တလွဲတွေ လျှောက်ပြောသူက ပြော၊ တဆင့်စကားနဲ့ လေဖမ်းဒန်းစီးသူတွေကြောင့် စကားရှုပ် နားရှုပ် ဒုက္ခရောက်ကုန်ကြပါရောလား။
UNFC တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဇူလိုင် ၁၇ ရက်နေ့က တွေ့ဆုံဆွေးနွေးရာမှာ ဘွားတော်ကြီးရဲ့ စကားကို အစာမကျေ ဖြစ်သူတချို့ ဟိုပြောဒီပြော လုပ်တာ ကြားမိတယ်။
"ကျနော်တို့ဆီက ဘာလိုချင်သေးလဲ ။ ဘာထပ်ပေးရဦးမှာလဲ” လို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဒုတိယ ဥက္ကဋ္ဌလည်းဖြစ် UNFC အထွေထွေ အတွင်းရေးမှူးလည်းဖြစ်တဲ့ ခူးဦးရယ်က ပြောလိုက်တာကို ထပ်ဆင့် ဖြန့်ပြီး စိတ်ခုသူတွေ ရှိတယ်လေ။ ဖွသူတွေလည်း ဖွကြတာပေါ့။ သူပြောတာ ဟုတ်သားပဲလို့ ဇဝေဇဝါ ဖြစ်သူတွေလည်း ဖြစ်ကြတယ်။
မိမိဖက်က ဘာပေးဆပ်နိုင်မလဲဆိုတာကို အဓိကထားပြီး ဆွေးနွေးကြဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောတာကို နားမလည် သဘောမပေါက်တော့ မြန်မာစကားကို မြန်မာလို ဘာသာပြန်ရမယ့် အခြေအနေတွေ ဆိုက်ကုန်ပါလေရော။
အမှန်တော့၊ တည့်တည့်ပြောရင် ပိဿလေးနဲ့ ဘေးပစ်သလို နာကုန်မှာစိုးလို့ ဒေါ်အောင်ဆန်းစုကြည်က စကားလှအောင် သွယ်ဝိုက်ပြီး ပြောလိုက်တာကြောင့်ပါ။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဘဏ္ဍာရေးဟာ ဘယ်က ရသလဲ။ သေနတ်လက်နက်၊ ခဲယမ်းမီးကျောက်၊ ယူနီဖောင်း တန်ဆာပလာ၊ ရိက္ခာစို၊ ရိက္ခာခြောက်တွေရဲ့ ကုန်ကျစရိတ်က နည်းတာမဟုတ်ဖူး။ အများကြီးမှ အများကြီး။ ဒါတွေကို သိကြားမင်းကြီး ဆင်းပေးထားတာမဟုတ်ဖူး။
တောတွင်းလက်နက်ကိုင်အဖွဲ့တွေလည်း သစ်တောရောင်း၊ သယံဇာတရောင်း၊ တချို့လည်း ဘိန်းနဲ့ မူးယစ်ဆေးရောင်း စတဲ့ နည်းလမ်းတွေနဲ့ ရှာဖွေစုဆောင်းကြတာပဲ။ ခူးဦးရယ်ပြောသလို သစ်တောတွေ၊ မြေပေါ်မြေအောက် သယံဇာတတွေ အကုန်ပြောင်တာ သူတို့ပယောဂလည်း မကင်းဘူးဆိုတာ သိစေချင်တယ်။
ဒီလို ရောင်းချပြီး ရန်ပုံငွေရှာရတာဟာ ကိုယ့်တိုင်းရင်းသားလူမျိုးစု လွတ်မြောက်ရေးအတွက် မလွှဲမရှောင်သာ လုပ်ရတယ်ဆိုတာ လက်ခံပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေလည်း ကိုယ့်လူမျိုးကို ချစ်လို့ ကိုယ်ကျိုးစွန့်ပြီး တော်လှန်ရေးထဲမှာ ပါဝင်ဦးဆောင်နေကြတာပါ။
ဒါပေမယ့်၊ တစ်ချို့ခေါင်းဆောင်တွေဟာ ဒီက ရတဲ့ ဘဏ္ဍာငွေတွေနဲ့ စည်းစိမ်ယစ်မူးနေတာတွေ ရှိတယ်ဆိုတာ မငြင်းပါနဲ့။ ထိုင်း၊ တရုတ် စတဲ့ နိုင်ငံတွေမှာ နန်းတော်ကြီးတမျှ အိမ်ကြီးတွေ စည်းစိမ်ဥစ္စာတွေ ပိုင်ဆိုင်ထားတယ်ဆိုတာ တော်တော်များများ သိကြပါတယ်။ (ရိုးသားဖြောင့်မတ်တဲ့ တိုင်းရင်းသားခေါင်းဆောင်များကို မဆိုလိုပါဘူး။)
ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ပေးဆပ်ပါဆိုတဲ့ စကားဟာ တိုင်းရင်းသားပြည်သူတွေကို ဆိုလိုတာမဟုတ်ဖူး။ တော်လှန်ရေးဗန်းပြပြီး ကြွယ်ဝချမ်းသာနေတဲ့ သူပုန်ခေါင်းဆောင် ခရိုနီကြီးများကို ပြောနေတာပါ။
အဲဒီလို ကျိကျိတက် ချမ်းသာနေတဲ့ လက်နက်ကိုင်ခေါင်းဆောင်ကြီးများကတော့ သူတို့ စီးပွားဥစ္စာ ကြီးပွားလန်းဖြာအောင် "တော်လှန်ရေးကြီး အဓွန့်ရှည်ပါစေ" ဆိုပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကပျက်ယပျက် လုပ်မှာ ဘွားတော်က ကြိုမြင်လို့ ပြောနေတာဗျို့။
(ပြဿနာအရင်းအမြစ် သိချင်ရင် အောက်မှာ တင်ထားတဲ့ မူလသတင်းကို ဖတ်ကြည့်ပါ။)
__________________________________
[ #တိုင်းရင်းသားနယ်မြေများမှာ ပျက်စီးကုန်ပြီဖြစ်သောကြောင့် ဘာပေးဆပ်စရာကျန်သေးလဲဟု ဒေါ်အောင်ဆန်းစုကြည်အား UNFC အတွင်းရေးမှူး ခူးဦးရယ်မှ မေးခွန်းထုတ် ]
တိုင်းရင်းသားနယ်မြေအတော်များများမှာ ပြည်တွင်းစစ်ဒဏ်ကြောင့် ပျက်စီးကုန်ပြီဖြစ်ပြီး တိုင်းရင်းသားများ၏ ကျေးရွာများမှာလည်း ပျက်စီးကုန်ပြီဖြစ်သောကြောင့် တိုင်းရင်းသားများတွင် ပေးဆပ်စရာ မရှိတော့ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ၏ အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က ပြောသည် ။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များသည် ဂျူလိုင်လ ၁၇ ရက်နေ့က တွေ့ဆုံခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ ဂျူလိုင်လ ၁၈ ရက်နေ့က သတင်းစာရှင်း လင်းပွဲ ပြုလုပ်ရာတွင် “ခင်ဗျားတို့တောင်းချင်ရာတောင်း ဒါပေမဲ့ တောင်းတိုင်းရာနှုန်းပြည့်ပေးနိုင်မယ်လို့ အာမ မခံဘူး ” ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့မှုနှင့် စပ်လျဉ်း၍ ခူးဦးရယ်က ပြောဆိုခဲ့ခြင်းဖြစ်သည် ။
“ ကျနော်မေးချင်တာက ကျနော်တို့တိုင်းရင်းသားတွေဟာ ကျနော်တို့တောင်ပေါ်ဟာ မြေပြန့်ဖြစ်ကုန်ပြီ ။
မြစ်ချောင်းအင်းအိုင်တွေဟာလဲ ခန်းခြောက်ကုန်ပြီ ။
ကျနော်တို့လူထုကျေးရွာဟာ ပျက်စီးကုန်ပြီး ။
တချို့က တောထဲ တောင်ထဲရောက်ကုန်ပြီး ။
တချို့က IDPs တချို့က နိုင်ငံတကာရောက်သွားပြီး ။
မြေပေါ်မြေအောက် သယံဇာတတွေလည်း ဘာမှမကျန်တော့ဘူး ။
သစ်ပင် ဝါးပင်တွေ မရှိဘူး ။ ကျနော်တို့ ဆီက ဘာလိုချင်သေးလဲ ။
ဘာထပ်ပေးရဦးမှာလဲ ” - ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဒုတိယ ဥက္ကဌလည်းဖြစ် UNFC အထွေထွေ အတွင်းရေးမှူးလည်းဖြစ်သည့် ခူးဦးရယ်က ပြောသည် ။
Cd; min myat maung
0 comments:
Post a Comment