အသက် ၉၀ ကျော် အဘိုး ၊ အဘွားတိုင်း လစဉ် အစိုးရထောက်ပံ့ငွေကြေး ၁၈၀၀၀ ကျပ် ရယူနိုင်ပါပြီ ။
သတင်း အပြည့်အစုံ >>>
အသက် (၉၀)နှစ်နှင့် အထက် သက်ကြီးရွယ်အို
အဘိုးအဘွားတဦးလျှင် ထောက်ပံ့ကြေး ၁၈၀၀၀ ကျပ် လစဉ်ပေးနေပြီး မရရှိပါက သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများတွင် စုံစမ်းမေးမြန်းနိုင်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်က ဇူလိုင်၂၁ ရက်တွင် ပြောကြားသည်။
''ကျွန်တော်တို့ ၀န်ကြီးဌာနအနေနဲ့ ဒီလကစပြီး အသက်(၉၀)နှစ်နှင့်အထက် သက်ကြီးရွယ်အို အဘိုးအဘွားတွေကို ထောက်ပံ့ကြေးတွေပေးနေပါတယ်။ အသက် (၉၀)ကျော်ပြီး ထောက်ပံ့ကြေး မရသေးဘူးဆိုရင် မြို့နယ်ထွေအုပ်ရုံးတွေမှာ သက်ဆိုင်တဲ့ အထောက်အထားတွေပြပြီး စာရင်းပေးနိုင်ပါတယ်''ဟု ၎င်းက ပြောသည်။
လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် နှစ်စဉ်ရရှိသည့် ဘတ်ဂျက်ခွဲဝေမှုအပေါ်မူတည်ကာ ထောက်ပံ့ကြေးများကို တိုးမြှင့်ပေးသွားရန် စီစဉ်ထားကြောင်း ဦးစိုးကြည်က ဆက်လက်ပြောကြားသည်။
''အဘွားကိုတော့ ဘာမှအကြောင်းကြားတာ မရှိသေးပါဘူး။ ပိုက်ဆံရတော့ အလှူအတန်းလေးဘာလေး လုပ်ရတာပေါ့''ဟု ရန်ကုန် လမ်းမတော်မြို့နယ်တွင် နေထိုင်သည့် အသက်(၉၅)နှစ်အရွယ် အဘွား ဒေါ်နှင်းမေက ပြောသည်။
တနိုင်ငံလုံးတွင် အသက် (၉၀)နှစ်နှင့် အထက် သက်ကြီးရွယ်အို သုံးသောင်းခန့်ရှိကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရှိရသည်။
၂၀၁၆ ခုနှစ်အတွင်း အတည်ပြုပြဋ္ဌာန်းနိုင်ရန် ပြင်ဆင်နေသည့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေမူကြမ်းတွင် အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကို သက်သေခံကတ်ပြားများ ထုတ်ပေးရန်နှင့် သက်ကြီးရွယ်အို တဦးဦးက သက်သေခံကတ်ပြားကို ပြသပြီး အခွင့်အရေးခံစားခွင့် တောင်းခံသည့်အခါ ငြင်းပယ်ခြင်း (သို့) လျစ်လျူရှုကြောင်း ပြစ်မှုထင်ရှားလျှင် နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ်တသိန်းမှ ဆယ်သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။
Source: News Watch
0 comments:
Post a Comment