ယခင်က “စ” ခေတ် (စစ်အစိုးရခေတ်) ယခုတော့ “ဆ” ခေတ် (ဆရာဝန်ခေတ်)
========================================
အစိုးရသစ်ရဲ့ ပျားရည်ဆမ်း ကာလကတော့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ရက် ၁၀၀ ပြီးတဲ့နောက်မှာတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၀န်ကြီးချုပ် ၁၄ယောက်ရဲ့ စွမ်းဆောင်မှု အခြေအနေတွေ အပေါ်မှာ ပြည်သူတွေ မီဒီယာတွေရဲ့ ဝေဖန်ပြောဆိုမှု အများအပြားကို ဖတ်ရှုလေ့လာခဲ့ရပါတယ်။ ချီးကျူး ထောပနာပြုသံတွေ၊ ဝေဖန်အကြံဉာဏ်ပေးတာတွေ၊ ကဲ့ရဲ့ရှုတ်ချတာတွေ မျိုးစုံပါပဲ။ ရက် ၁၀၀အတွင်း တချို့ဝန်ကြီးချုပ်တွေ ဘာလုပ်လို့ ဘာကိုင်မှန်း မသိရလောက်အောင် တိမ်မြုပ်ပျောက်ကွယ်နေတာတွေလည်း ရှိပါတယ်။
အထူးသဖြင့် မီဒီယာမှာ မတွေ့သလို အသံတိုးတိတ်နေတဲ့ ၀န်ကြီးချုပ်တွေထဲမှာ ကချင်ဝန်ကြီးချုပ်၊ ချင်းဝန်ကြီးချုပ်နဲ့ ကယားပြည်နယ် ၀န်ကြီးချုပ်တို့ကတော့ ထိပ်ဆုံးကပါပဲ။ မြန်မာနိုင်ငံရဲ့ အချက်အခြာကျတဲ့ မြို့တော်တွေရှိတဲ့ ရန်ကုန်တိုင်း ဒေသကြီးနဲ့ မန္တလေးတိုင်း ဒေသကြီးတို့က ၀န်ကြီးချုပ် နှစ်ယောက်ကတော့ မီဒီယာမှာ ရေပန်းအစားဆုံး ဖြစ်ပါတယ်။ တကယ်တော့ နိုင်ငံရေး အကူးအပြောင်းကာလ အစိုးရသစ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေမှာ ပါဝင်ဆောင်ရွက်ရတာ လွယ်ကူတဲ့ လုပ်ငန်း မဟုတ်ပါဘူး။ အထူးသဖြင့် အုပ်ချုပ်ရေး နယ်ပယ်မှာ ရင်းနှီးကျွမ်းဝင်မှု မရှိဘဲ ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ပါတီရဲ့ ညွှန်ကြားချက်နဲ့ တာဝန်ကြီးကြီးတွေ ယူခဲ့တဲ့သူတွေအတွက် ဖိအားတွေ အများကြီးရှိပါတယ်။ ဒီဖိအားတွေဟာ ရက် ၁၀၀အတွင်းမှာ လျော့ပါးသွားပုံ မပေါ်ပါဘူး။
လာဘ်ပေးလာဘ်ယူ ကိစ္စကို အထူးဂရုပြု ဆောင်ရွက်နေတဲ့ အစိုးရရဲ့ ရည်မှန်းချက်ကတော့ ရက် ၁၀၀ အတွင်းမှာ ၁၀၀ ရာခိုင်နှုန်း အောင်မြင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီအောင်မြင်မှုနဲ့အတူ ၀န်ကြီးချုပ်တွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီခေါင်းဆောင်လည်းဖြစ်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ်္ဂိုလ်လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အလွန်အမင်း စိုးရိမ်ကြောက်လန့်နေတာကတော့ ရက် ၁၀၀အတွင်း ဖုံးကွယ်လို့ မရတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒီအကြောက်တရားအောက်မှာ အဖက်ဖက်က ကျရှုံးနေတဲ့ ပြည်ထောင်စုနိုင်ငံကို ဦးမော့လာဖို့အတွက် ကိုယ့်ယုံကြည်ချက်၊ ကိုယ့်အတွေးအခေါ်နဲ့ တာဝန် ရဲရဲယူပြီး ဆောင်ရွက်မယ့် အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်တွေ ပေါ်ထွက်လာဖို့ဆိုတာ အလားအလာ အတော်နည်းနေပါတယ်။
ပြောင်းလဲဖို့ တာစူနေတဲ့ တိုင်းပြည်ကို အဓိက မောင်းနှင်ရတဲ့ ၀န်ကြီးချုပ်တွေရဲ့ ဒုက္ခက မသေးပါဘူး။ အပြောင်းအလဲမှာ ဦးဆောင်ရတဲ့ ၀န်ကြီးချုပ်တွေရယ်၊ အစိုးရဟောင်းနဲ့ အစိုးရသစ်ကြားမှာ ကွဲပြားခြားနားနေတဲ့ ပေါ်လစီကို ကျင့်သုံးရတဲ့ အရာရှိကြီးတွေရယ်၊ သူတို့ရဲ့ကြားက ကွာခြားချက်တွေရယ်ကို လေ့လာကြည့်တဲ့အခါမှာ အောက်ပါ အခက်အခဲတွေကို တွေ့လာရပါတယ်။
အဓိက ပြဿနာကတော့ ပြည်နယ်တစ်ခု ဒါမှမဟုတ် တိုင်းဒေသကြီး တစ်ခုလုံးမှာ သက်ဆိုင်ရာ ဌာနတွေက မဆုံးဖြတ်ရဲဘဲ ၀န်ကြီးချုပ်ဆီအထိ တင်ပြရတဲ့ စာပေလွှာတွေ ရှိပါတယ်။ ဒီစာတွေ အားလုံးကို ၀န်ကြီးချုပ်က နေ့စဉ် ဒိုင်ခံမဖတ်နိုင်ပါဘူး။ ဒါကြောင့် ပြဿနာတွေဟာ ပြီးဆုံးမသွားဘဲ ၀န်ကြီးချုပ် စားပွဲပေါ်မှာ တောင်လိုပုံသွားတော့တာ ဖြစ်ပါတယ်။ စာဖတ်အားနည်းတဲ့ ၀န်ကြီးချုပ်တွေ အတွက်တော့ ပြဿနာပါပဲ။ တချို့ဝန်ကြီးချုပ်တွေဟာ စာမဖတ်နိုင်တော့တဲ့ အတွက် ဌာန အကြီးအကဲတွေရဲ့ အစီရင်ခံမှုကို နားထောင်ပြီး အလုပ် လုပ်နေတာတွေ တွေ့နေပါတယ်။ ဒါကြောင့် အောက်ခြေမှာ ခွင်ရိုက်လိုသူတွေ အတွက် အကြိုက်တွေ့နေခဲ့ပါတယ်။ တကယ်တော့ ပြည်နယ်/ တိုင်း ၀န်ကြီးချုပ်တွေအတွက် အဓိကလိုအပ်ချက်က အကြံပေး ၀န်ထမ်းတွေ အများကြီး ခန့်ထားဖို့ ဖြစ်ပါတယ်။ လာဘ်စားမှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရက ထိန်းချုပ်ထားတာကို ပြည်သူလူထုက သဘောကျပေမယ့် အောက်ခြေမှာတော့ အပေးအယူတွေ ရှိမြဲရှိနေပါတယ်။ အထူးသဖြင့် မော်တော်ယာဉ်နဲ့ ပတ်သက်တဲ့ ဌာနတွေ၊ အမြတ်ခွန်နဲ့ ပတ်သက်တဲ့ ဌာနတွေ၊ စည်ပင်နဲ့ ပတ်သက်တဲ့ ဌာနတွေရဲ့ လာဘ်ပေးလာဘ်ယူမှုဟာ လျော့ကျသွားပေမယ့် ပပျောက်မသွားသေးပါဘူး။ စည်ပင်ဌာနတွေကတော့ အဆိုးဆုံးပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ရပ်ကွက်ဈေးတွေ၊ ပျံကျဈေးတွေမှာ စည်ပင်ဝန်ထမ်းတွေက ဈေးခွန်တွေကို ကောက်နေပေမယ့် ဒါကို စိစစ်မယ့် စာရင်းစစ်တွေ ရှိမနေပါဘူး။ ပြည်သူပိုင် လမ်းမပေါ်မှာ လက်ဖက်ရည်ဆိုင်တွေ၊ မုန့်ဟင်းခါးဆိုင်တွေ အများအပြား ရှိနေပေမယ့် သူတို့က စည်ပင်ကို အခွန်ဆောင်ပြီး ဖွင့်တာလို့ သတင်းထောက်တွေကို ခပ်မာမာ ပြန်ဖြေလေ့ရှိပါတယ်။ ရန်ကုန်တစ်မြို့လုံးမှာ အများပြည်သူပိုင်တဲ့ လမ်းမတွေပေါ် ကျူးကျော်ပြီး ဖွင့်လှစ်ထားတဲ့ ဈေးဆိုင်တွေ ထောင်သောင်းချီပြီး ရှိနေပါတယ်။ ဒါတွေအားလုံးကို လက်ရှိအစိုးရသစ်က မာမာတင်းတင်း မရှင်းလင်းရဲသေးပါဘူး။ ဥပမာအားဖြင့် ရန်ကင်းတစ်မြို့နယ်ထဲကိုပဲ ရှေ့ပြေးစီမံချက်အဖြစ် ဆောင်ရွက်ရင်တောင် ဖြေရှင်းရမယ့် အမှုကိစ္စတွေ တောင်လိုပုံသွားနိုင်ပါတယ်။ ရန်ကုန်မှာ သင်္ကြန်မဏ္ဍပ်ကိစ္စ၊ စည်းမဲ့ကမ်းမဲ့ ကွမ်းတံတွေး ထွေးတဲ့ကိစ္စတွေကို ရှင်းလင်းပြီးတဲ့ နောက်အခု အထပ်မြင့် အဆောက်အဦးတွေ ဆောက်လုပ်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ ပြဿနာတက်နေပါတယ်။ ဒီကိစ္စကိုအခြေပြုပြီး လက်ရှိအစိုးရဟာ နောက်ကြောင်းပြန်လှည့်မှာလား၊ အရင်အစိုးရ လုပ်သမျှ ပြောင်းပြန်ပြန်လုပ်မှာလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်လာပါတယ်။
ရက် ၁၀၀ စီမံကိန်း အပြီးမှာ မဟာဗျူဟာကျတဲ့ လုပ်ငန်းကြီးတွေထဲက စစ်ဘက်အရပ်ဘက် ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်နိုင်တာတွေ၊ ငြိမ်းချမ်းရေးရဖို့ အရှိန်အဟုန်နဲ့ လုပ်ဆောင်နေတာတွေ ရှိပေမယ့် တိုင်းပြည်ရဲ့ စီးပွားရေးအတွက် အရေးပါတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကတော့ ပြည်တွင်းထဲကို ဒလဟော စီးဆင်းမလာခဲ့ပါဘူး။ ဒီကိစ္စရဲ့ အရင်းခံ ပြဿနာကတော့ နိုင်ငံတော်မှာ အနာဂတ်ကို သွားမယ့် စီးပွားရေးပေါ်လစီ၊ စီးပွားရေး Plan မရှိလို့ဘဲ ဖြစ်ပါတယ်။ Economic Road Plan ချမပြနိုင်တဲ့အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေက မ၀ံ့မရဲ ဖြစ်နေပါတယ်။ ဒီကြားထဲမှာ ဥပဒေတွေ အပြောင်းအလဲရှိရင် ပိုဆိုးသွားမှာ ဖြစ်ပါတယ်။ ဒီကိစ္စတွေကို ပြောင်းလဲဖို့ဆိုရာမှာလည်း တာဝန်ရှိပုဂ္ဂိုလ်တွေဟာ နိုင်ငံတော် အတိုင်ပင်ခံ မသိဘဲ ဘာကိုမှ မလုပ်ရဲ၊ မတို့ရဲ၊ မထိရဲ (ရဲသုံးရဲ) ဖြစ်နေပါတယ်။ ဘာသာရေး ကိစ္စမှာလည်း ပြည်နယ်/တိုင်းဒေသကြီး အစိုးရ အဖွဲ့ဟာ Guide Line မပေးနိုင်ပါဘူး။ တချို့ကဆိုရင် “အရင်က “စ”ခေတ် (စစ်အစိုးရခေတ်)၊ အခု “ဆ”ခေတ် (ဆရာဝန်ခေတ်) ဆိုပေမယ့် ဘာမှမပြောင်းလဲပါဘူး” လို့ ဝေဖန်ပါတယ်။ အစိုးရရဲ့ တချို့သော လုပ်ဆောင်ချက်တွေဟာ ပြည်သူတွေ နားမလည်နိုင်တာကြောင့် ငါတို့ မဲပေးလိုက်တာ ဒါမျိုးဖြစ်ဖို့လားဆိုပြီး ညည်းတွားရတဲ့ အထိပါပဲ။ ဒီပြဿနာတွေရဲ့ အကြောင်းအရင်းကတော့ ယိုယွင်းပျက်စီးနေတဲ့ ကိစ္စတွေမှာ အုပ်ချုပ်ရေး လုံးဝ မနိုင်နင်းမှုကြောင့်ပါပဲ။ ပြည်ထောင်စု အစိုးရရဲ့ တိကျတဲ့ Plan မရှိတော့ ဘာကိုရည်မှန်းချက်ထားပြီး လုပ်ရမှန်းမသိ၊ Admin မနိုင်တော့ အောက်ခြေ ၀န်ထမ်းကြီးတွေရဲ့ ပညာပြမှုခံရနဲ့ လုံးချာလည်နေပါတယ်။ ဥပဒေကို ပြဋ္ဌာန်းပေးရတဲ့ လွှတ်တော်အသီးသီးမှာလည်း ကိုယ့်တာဝန် ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်ဖို့ လိုအပ်နေပါတယ်။ တချို့လွှတ်တော် အမတ်တွေဟာ အုပ်ချုပ်ရေးပိုင်းက ကိစ္စတွေ လုပ်လိုလုပ်၊ ယာဉ်ကြော ပိတ်ဆို့ရေးတွေကို သွားရောက်ပြီး ရှင်းလင်းရေး လုပ်လိုလုပ်၊ ဆေးရုံအုပ်ကြီးဆီက နေ့စဉ်အစီရင်ခံစာ တောင်းလိုတောင်းနဲ့ ရှုပ်ထွေးကုန်ပါတယ်။ လွှတ်တော်ကိုယ်စား လှယ်တွေအနေနဲ့ကတော့ လက်ရှိ ဥပဒေတွေဟာ ပြည်သူလူထုနဲ့ အံဝင်ခွင်ကျ ရှိမရှိ လေ့လာဆန်းစစ်ဖို့က အဓိကဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ရက် ၁၀၀ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ လက်ရှိအစိုးရနှင့် လွှတ်တော်မှာ ဆရာဝန်တွေ ၁၀၀ ကျော်ရှိနေပါတယ်။ သူတို့ရဲ့ ဉာဏ်ပညာ အမြော်အမြင်နဲ့ ကျန်ရှိနေသေးတဲ့ အစိုးရ သက်တမ်း အတွင်းအား နည်းချို့ယွင်းချက်တွေကို အမြန်ပြုပြင်နိုင်မလား ဆိုတာ လေ့လာစောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။
ဇော်သက်ထွေး
0 comments:
Post a Comment