အမေရိကန်သံရုံးအတွင်း မျက်ရည်ယိုဗုံး စမ်းသပ်ရာမှ အနံ့ထွက်၍ ရဲနှင့် မီးသတ်တပ်ဖွဲ့များ လာရောက်မှု ဖြစ်ပွား
ယနေ့ (ဇူလိုင် ၂၄ ရက်) ည ၈ နာရီခန့် က ကမာရွတ်မြို့နယ်ရှိ အမေရိကန်သံရုံးအတွင်း မျက်ရည်ယိုဗုံး စမ်းသပ်ရာမှတစ်ဆင့် အနံ့များ ထွက်ပေါ်ခဲ့ကြောင်း ကမာရွတ် မြို့နယ် ရဲစခန်းမှ ရဲမှူးဇော်ဝင်းက ပြောကြားခဲ့သည်။
“စမ်းသပ်တဲ့ကွင်းထဲမှာ စမ်းသပ်တာ အဲ့ဒီအချိန်က အုံ့ဆိုင်းနေလို့ ဘာမှမဖြစ်ဘူးလို့ ထင်ရတာ။ နောက်မှ ပျံ့လွင့်သွားတယ်လို့ ယူဆပါတယ်တဲ့။ အဲ့ဒီအတွက်ကို တောင်းပန်ပါတယ်တဲ့။ ဒါ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ပါပဲတဲ့။ နောက်ဆိုရင် လေ့ကျင့်မယ်ဆိုရင် ဌာနဆိုင်ရာတွေကို တင်ပြပြီးတော့ ခွင့်ပြုချက်ရယူပြီးတော့ လေ့ကျင့်မယ်တဲ့။ မျက်ရည်ယိုဗုံးတစ်လုံးပါ လေ့ကျင့်တယ် Gas ထွက်တယ်” ဟု အမေရိကန်သံရုံးအတွင်း ဝင်ရောက်မေးမြန်းပြီးနောက် ပြန်လည်ထွက်ခွာလာသော ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းက ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် ပြောကြားခဲ့သည်။
ယင်းသို့ မျက်ရည်ယိုဗုံး စမ်းသပ်ရာမှ အနံ့ဆိုးများ ထွက်ပေါ်ပြီးနောက် အမေရိကန်သံရုံး အနီးအနားရှိ စားသောက်ဆိုင်နှင့် ကော်ဖီဆိုင်များအတွင်း ရှိနေသူများမှာလည်း တိမ်းရှောင်ခဲ့ရကြောင်း စုံစမ်း သိရှိရသည်။ ထို့နောက် ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီနှင့် နာရေးကူညီမှု အသင်းအဖွဲ့များမှ သံရုံးသို့ ကူညီရန် ရောက် ရှိလာခဲ့ကြသည်။ သို့သော် အကူအညီပေးရန် မလိုအပ်မှုကြောင့် ည ၉ နာရီခန့်တွင် မီးသတ်ယာဉ်၊ ကြက်ခြေနီနှင့် လူနာတင်ယာဉ်များ ပြန်သွားခဲ့သည်။
အဆိုပါ အနံ့သည် ပုပ်အက်အက် အနံ့ရှိကြောင်း၊ တာဝန်သိ ပြည်သူတစ်ဦးမှ သတင်းပေး၍ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း အနောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူးက အခင်းဖြစ်ရာ နေရာတွင် ပြောကြားခဲ့သည်။
Eleven
0 comments:
Post a Comment