အရက်ဆိုင် ရှာပုံတော်
-------------------
သီရိလင်္ကာမှာ အရက်ဆိုင် ရှာရတာ တော်တော်ခက်ပါတယ်။ ကံကောင်းချင်တော့ တစ်ဆိုင်တွေ့ပါတယ်။ သောက်ချင်လို့ ရှာတာမဟုတ်ပါဘူး။ သီရိလင်္ကာက အမျိုးသား အမျိုးသမီးတွေ ငါးပါးသီလ လုံမလုံ သိချင်ရုံသက်သက်လေးအတွက် ရှာခဲ့ရတာပါ။
မနက် ၇ နာရီခွဲ ကားစီးပြီးကျောင်းသွားရာမှာ လမ်းဘေးဝဲယာ သတိထားလာခဲ့ပါတယ်။ ရန်ကုန် မြောက်ဥက္ကလာပကနေ ဆူးလေအထိလောက် ဝေးတဲ့ခရီးတစ်လျှောက် အသွားခရီးမှာ တစ်ဆိုင် အပြန်ခရီးမှာ တစ်ဆိုင် ဒါပဲတွေ့ခဲ့ရပါတယ်။
အသွားခရီးမှာ တွေ့ခဲ့ရတဲ့ဆိုင်ဟာ မနက် ၈နာရီမို့ ဆိုင်ပိတ်ထားပါတယ်။ ကျောင်း ၃နာရီးဆင်းလို့ ပြန်လာမှ အဲ့ဒီဆိုင်က ဖွင့်ပါတယ်။
အရက်ဆိုင်ဆိုပေမယ့် မြန်မာနိုင်ငံလို ကြီးကြီးကျယ်ကျယ် ခန်းခန်းနားနား ဖျော်ဖြေမှု ပေါင်းစုံတဲ့ ဆိုင်မျိုး မဟုတ်ပါဘူး။ အစိုးရက တရားဝင် ခွင့်ပြု လိုင်စင်ထုတ်ပေးထားတဲ့ ဆိုင်ခန်းလေးပါပဲ။ အကန့်အသတ်နဲ့ ရောင်းရပါတယ်၊ ဆိုင်တွေဟာ ပုံစံတူတွေပါ။ အပြင်ကနေ မတ်တပ်ဝယ်၊ ကိုယ့်အိမ် ကိုယ့်နေရာယူသွားပြီး သောက်ကြပေါ့။ ဒီမှာ အရက်သောက်တာ လူသိမခံပါဘူး။ အသာလေး ပုန်းလျှိုး ကွယ်လျှိုးနဲ့ သောက်ကြပါတယ်။
ထူးခြားတာက စားသောက်ဆိုင် အအေးဆိုင် စတိုးဆိုင်တွေမှာ အရက်ရောင်းခွင့် မရှိပါဘူး။ သူ့အကန့်နဲ့သူပါ။
အရက်သောက်သူနည်းတာမို့ မှုခင်းတွေ အဖြစ်နည်းပါတယ်။ လူသတ်တယ်ဆိုတာ သတင်းတွေထဲ မပါသလောက်ပဲ။ မုဒိန်းမှု ရှိတော့ရှိတယ်၊ လက်ချက်ကတော့ တခြား လူမျိုးတွေကြောင့်ဆိုတာ ဖတ်လိုက်ရတယ်။
ဒီနိုင်ငံက လူတွေဟာ များသေားအားဖြင့် အသက်ရှည်ကြတယ်။ အသုဘလိုက်ပို့သမျှထဲမှာတော့ အသက်ရှည်တဲ့ လူတွေချည်ပဲ။ စီးပွားရေးဆိုလည်း တင့်တောင့်တင့်တယ် အများစုပါ။
လူငယ် လူလတ်တွေရဲ့ ဥပဓိရုပ်တွေဟာ ကျန်းမာသန်စွမ်းတဲ့ လက္ခဏာတွေ ပြနေပါတယ်။ ကွမ်းယာရှိပေမယ့် ပေစုတ်နေအောင် မစားကြဘူး။
ကဲ မြန်မာနိုင်ငံဘက် လေ့လာကြည့်ရအောင်၊
အရက်ဆိုင် ဘီယာဆိုင် အမှိုက်လို ပေါမှပေါ။ မနက် မိုးမလင်းခင်ကနေ နောက်နေ့ မနက်မိုးလင်းအထိ ရောင်းချနေတယ်။ စားသောက်ဆိုင် လဘက်ရည်ဆိုင် အအေးဆိုင် စတိုးဆိုင် ကွမ်းယာဆိုင်တွေပါ ဝယ်လို့ရနေတယ်။ မသောက်ချင် သောက်ချင်လာအောင် စကဒ်တိုတို ကောင်မလေးတွေက အရက်ပုလင်းတွေဘေးမှာ ဖက်ရှင်ပြနေတယ်။ မခို့တရို့ ဆွဲဆောင်နေတယ်။တချို့ဆိုင်တွေဆို ငှဲ့တောင်ပေးတယ်လို့ ဒကာတစ်ယောက်က ပြောဖူးတယ်။ မိတ်ဆွေတွေ ဧည့်ခံတဲ့အခါ အကြောင်းရှိလို့ ချိန်းကြတဲ့အခါ လဘက်ရည်ဆိုင်မဟုတ်တော့ဘူး။ အရက်ဘီယာဆိုင် ချိန်းကြတယ်လို့ ပြောတယ်။ ပုန်းလျှိုးကွယ်လျှိုးလုပ်ရမှာကို တချို့က fb ပေါ်တင်လိုက်သေးတယ်။
ဘယ်လောက်ဝေးလံ ခေါင်းသီးတဲ့ နေရာပင်ဖြစ်စေ အရက်ဘီယာ ကြော်ငြာတွေ ဖြန့်ချိနေတဲ့ကားတွေက ရောက်ပြီးသား။ ကံစမ်မဲလေးတောင် ဖောက်လိုက်သေးတယ်။( အရက်သမားကုသိုလ်ကံမရှိဘူးဆိုတာ ကုမ္ပဏီတွေက သိတယ်၊စေတနာရှိလို့တော့မဟုတ်ဘူး၊ လူသာသေသွားမယ်၊ ကိုကျော်သူကားတော့ စီးရမှာပေါ့)
ကဲ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာအများစုနေတဲ့နိုင်ငံ။ ဒီလိုအရက်တွေ အလွယ်တကူရနေမှတော့ ငါးပါးသီလလည်း လုံဖို့ခက်သွားပြီ။ အရက်သမားတစ်ယောက်ဟာ ငါးပါးသီလ ချိုးဖျက်ဖို့ လွယ်လွယ်လေးရယ်ပါ။
မှုခင်းတွေ ဖြစ်လိုက်တာ၊ လူ့အချင်းချင်းလည်း တန်ဘိုးထားရမှန်း မသိတော့ဘူး။ fb ပေါ်လည်း အဆဲမျိုးစုံ၊ ကိုယ်တောင် အချောင်အဆဲခံလိုက်ရသေးတယ်။ (အရက်သမားတစ်ယောက်ပါ၊) ဒေါသဖြစ်တာနဲ့ ရိုက်နှက်ပြီးသား၊ ကားသမားတွေသောက်ရင် ပြည်သူတွေပါ သေပြီ။ လူငယ်တွေ သက်တမ်းစေ့ မနေရတော့ဘူး။ လူတွေက ကြောင်တောင်တောင်။ စီးပွားရေးလည်း ကောင်းကောင်းမလုပ်နိုင်။ မိသားစုကိုလည်း တာဝန်မယူတဲ့အပြင် ဒုက္ခပါပေးလိုက်သေးတယ်။ အမျိုးသမီးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်။ တချို့ မိန်းခလေးတွေတောင် သောက်လိုက်သေးတယ်။ အရက်သမားက မွေးတဲ့ကလေး စိတ်မတည်ငြိမ်နိုင်။ ဖခင်ရဲ့ သုက်ပိုးကလည်း သားသမီးတွေရဲ့ ခန္ဓကိုယ်မှာ ပါပြီးသား။ ဒီတော့ သားသမီးကောင်းတွေ ထွန်းကားဖို့ခက်တယ်။
ပြောရရင်တော့ အရှည်ကြီးပဲ။ ဒါဟာ မြန်မာလူမျိုးတွေကို ဖျက်ဆီးနေတဲ့ အဖျက်စက်ပဲ။ မြတ်စွာဘုရားကလည်း အရက်ရဲ့ဆိုးကျိုးတွေကို သုတ်ပေါင်းများစွာနဲ့ ဟောကြားခဲ့တယ်။ အထူးသဖြင့် ၅၅၀ဇာတ်တွေထဲမှာ ကုမ္ဘဇာတ်ဆိုတာရှိတယ်။ ဝါသနာပါရင် ဖတ်ကြည့်ကြပါ။ ခွကျတာက ဘုရားစကားကို လက်တွေ့ မကျင့်သုံးကြတာပါပဲ။ ဖက်ရှင်သဘောတွေများနေတယ်။ ဘွဲ့လက်မှတ်လောက်ပဲ အာရုံစိုက်နေတယ်။
ကဲ စာလည်းရှည်သွားပြီ။ လက်ရှိအစိုးရ မြန်မာနိုင်ငံကို ကယ်တင်ပါလို့ပဲ တောင်းဆိုပါရစေ။
စာဖတ်သူများ ကျန်းမာချမ်းသာကြပါစေ။
ရှဲစေချင်ပါတယ်။
၁၀၊ ၇၊ ၂၀၁၆။
0 comments:
Post a Comment