Pages

Thursday 14 July 2016

နတ်မောက် မင်းဘာမှထပ်မလုပ်နဲ့ ***********************

နတ်မောက် မင်းဘာမှထပ်မလုပ်နဲ့
************************

နတ်မောက်
မင်းဘာမှ  ထပ်မလုပ်နဲ့
ထိန်လင်း ကို
ငါတို့ဆီပေးပြီးကတည်းက
ဆယ်ကမ္ဘာစာလောက်
တာဝန်ကျေပြီ။

ခင်ကြည်
ညည်းယောင်္ကျားကို
သေချာကြည့်ထား
သမီးကလေး  ခမည်းပေးဖို့
ရွှေကလေးတစ်ပဲတစ်မူးတောင်
အမေအိုဆီ
လက်ဖြန့်တဲ့လူသား
နိုင်ငံ့ခေါင်းဆောင်ငမွဲကို
ညည်းစိတ်ပျက်ချင်ပျက်
သမိုင်းက  စိတ်မပျက်စေနဲ့  ။

ဗိုလ်ထွန်းလှ
ခင်ဗျားဆရာကိုကြည့်ပြောဦး
လမ်းဘေးမှာ အကြော်ဝင်စားနေတာ
နှောင်းလူတွေသိရင်
မျက်နှာမထားတတ်အောင်
ရှက်နေရှာဦးမယ်  ။

ဆရာတော်  ဦးသောဘိတ
ဒီတစ်ခါကြမ်းတမ်းမိလို့
ဒီကလေးကို  မရိုက်ပါနဲ့
ရရင်ရ  မရရင်ချဆိုတာ
ကျွန်တော်တို့အတွက်ပါဘုရား  ။

ဦးဘဝင်း
ခင်ဗျားညီအငယ်ဆုံးလေးကို
ခွင့်လွှတ်ပေးပါ 
သူပြောခိုင်းတဲ့
ရည်းစားစကားပြောပေးလိုက်ပါ 
စစ်သားကြီးအသည်းက
ဆေးရုံပေါ်မှာ  ကျန်ခဲ့ရင်
ကျွန်တော်တို့ပဲ  နစ်နာကြမှာ  ။

ရဲဘော်ကျော်စိန်
ခင်ဗျားကားမောင်းရင်  သတိကို
ငယ်ထိပ်မှာကပ်ထား
ခင်ဗျားတင်မောင်းလာတာ
ကျွန်တော်တို့
အတိတ်ကြီး ပစ္စုပ္ပန်ကြီး
အနာဂတ်ကြီး  ။

ဟေ့လူ
ပလေဒီယံရုပ်ရှင်ရုံမန်နေဂျာ
သူ့ဟာသူ
ငါးမူးတန်းကကြည့်ကြည့်
တစ်မတ်တန်းကကြည့်ကြည့်
သွားမတားပါနဲ့ 
ဘဝမှာ  အပန်းဖြေနည်း
လက်တစ်ဖက်မပြည့်ခဲ့တဲ့သူ
စိတ်လွတ်ကိုယ်လွတ်ခံစားပါစေဗျ  ။

ဗိုလ်မှူးကြီး ဆူဇူကီး
တွေ့တယ်မလား ခင်ဗျားကို
လက်ဆွဲနှုတ်ဆက်ရင်း
ခင်ဗျားကို  တိုက်သင့်ရင်
တိုက်ရမှာပဲလို့ပြောခဲ့တဲ့
အညာသားလေးကို
အဲ့သတ္တိ  အဲ့စကားကို
သေချာမှတ်ထား
နှောင်းမြန်မာတွေထဲမှာ
ပြောရဲတာ တစ်ကောင်မှမရှိဘူး  ။

အမွိုင်
မင်းမြေကို  သူနင်းလိုက်တော့
တွန့်မသွားဘူးလား အာရှတိုက်ရဲ့
ကြယ်တစ်လုံးကို နှစ်လလောက်
ထမ်းထားလိုက်ရတာ အခုထိ
ဂုဏ်ယူမဆုံးမဟုတ်လား ။

ဦးစော
ခင်ဗျားကို  မေ့ထားပါ့မယ်
ခွင့်လွှတ်လို့တော့  မရသေးဘူး
ဒါပေမဲ့ မပူပါနဲ့
ဒီနေ့ခေတ်မှာလည်း  ခင်ဗျားလို
လူတွေအများကြီးရယ် ။

မစ္စတာနေရူး
ခင်ဗျားသူ့ကို
လောင်းကုတ်ကြီးပေးလိုက်တာ
ကျေးဇူးတင်တယ်ဗျာ
အခု ကျွန်တော်တို့မှာ
ဒါကြီးခြုံပြီး နွေးနေရတာ ။

ပဲခူးဆောင်
ခင်ဗျားအခန်းထဲက
ကြမ်းပိုးတွေ
မောင်းမထုတ်လိုက်နဲ့
စာအုပ်ပုံကြီးကို ရှင်းမပစ်လိုက်နဲ့
မခေါက်ရသေးတဲ့  အဝတ်တွေ
တန်းပေါ်မချိတ်လိုက်နဲ့
သူဇိမ်နဲ့  မနေခဲ့လို့
ကျွန်တော်တို့  ဇိမ်နဲ့
နေနေရတာ ။

ညိုညိုစိန်
ညည်းတစ်သက်လုံး
မင်းသမီးလုပ်လာတာ
အနယ်နယ်အရပ်ရပ်
ရွှေဘိုညချမ်းကလို
သူရဲကောင်းမျိုးတွေ့ဖူးရဲ့လား
" ကျုပ်မှာ  ကာမပိုင်နဲ့ဗျ "  တဲ့
မိန်းကလေးတန်မဲ့
လက်ဆွဲကျီစယ်မယ့်
ညည်းတောင် ကြက်သီးဖြန်းဖြန်း
ထသွားရဲ့မဟုတ်လား ။

ဆြာစတက်ဖို့ကရစ်ပ်
သူ ခင်ဗျားအင်္ကျီအိတ်ကြီး
ပြဲသွားအောင် ဖောင်တိန်ကို 
ဆွဲလုလိုက်တာ မအံ့သြပါနဲ့ ။
၃၂  နှစ်နဲ့  သေခဲ့တာတောင်
ကျွန်တော်တို့  နှလုံးသားတွေကို
သူအခုထိ  ဆွဲလုနေနိုင်တုန်း ။

ဦးဌေးမြိုင် (သို့) ဒဂုန်တာရာ
(ဇွတ်ချစ်မယ်) ဆိုတဲ့
အချစ်သီချင်းအစား
စစ်ချီစစ်တက်သီချင်းတွေပဲ
သူက  ကြားချင်တယ်ဆို
တီးပေးလိုက်ပါဗျ
နှလုံးသားမရှိတာမဟုတ်ပါဘူး
နှလုံးသားရှိလွန်းလို့ပါ ။

ဂျူပလီဟော
ကျေးဇူးပြုပြီး
ရွှေတိဂုံဘုရားလမ်းဘက်
လှည့်မထားပါနဲ့ ။
ခင်ဗျားကိုမြင်တိုင်း
မျက်ရည်ဝဲရင်း  အလေးပြုမိလို့ ။

ရဲဘော်ကလေးတွေ
စိတ်မကောင်းမဖြစ်နဲ့
မင်းတို့ခေါင်းဆောင်ကြီးက
သူ့မင်္ဂလာဆောင်မှာ
တိုက်တွေ ကားတွေ လက်မဖွဲ့လို့
စိတ်ဆိုးမယ့်  လူစားလား
" ငွေသော်တာရောင်ခြည်" ဆိုတာ
အရိုးသားဆုံး  အပြုံးနဲ့
ပျော်နေခဲ့တာလေ ။

ပြည်ထဲရေးဝန်ကြီး  ဦးမြ
ခင်ဗျား မှားတယ်
သူ့ရုံးခန်းရှေ့က  တပ်စိတ်ကို
သူဘာပြောပြော
ပေကပ်ထားခဲ့ရမှာ
အခုတော့  ကျွန်တော်တို့မှာ
ပြောခွင့်မရှိတော့ ။

ကိုကျော့မောင်
သူ့မင်္ဂလာဆောင်မှာ
ရွှေကြိုးသွားတားတော့
ဆွဲယူလွှင့်ပစ်လိုက်တာ
စိတ်မကောင်းမဖြစ်ပါနဲ့
သူအပင်ပန်းခံ  သင်ယူခဲ့တဲ့
ပညာတွေထဲမှာ အဲလို 
အပိုဆာဒါးတွေ  မပါဘူး ။

မေမြို့
ဝမ်းနည်းစိတ်ကို
ကျိတ်မှိတ်ထားတော့
နိုင်ငံရေးလောက  က  ထွက်ရင်
ခြံစိုက်မယ်  စာရေးမယ် ဆိုတဲ့ သူ
ကျည်ဆန်  ၁၃  တောင့်
စိုက်သွားပြီ ရေးလို့မကုန်အောင်
ကျွန်တော်တို့  ရေးနေရပြီ။

                        (ဟိန်း)

0 comments:

Post a Comment