"ရင်နာစရာတွေအပြည့်နဲ့ မြန်မာပြည်"
"သယံဇာတ~ပေါတဲ့~တို့ရဲ့တိုင်းပြည်~"
အရင်န၀တခေတ်တုန်းက တီဗီမှာခဏခဏလွှင့်တဲ့ အကော်ဒီယံအုန်းကျော်ရဲ့သီချင်းလေးပါ။ငယ်တုန်းကတော့ ဘာရယ်မဟုတ်ကိုယ့်နိုင်ငံမှာ သဘာဝသယံဇာတတွေ ပေါကြွယ်ဝတာကို ဖော်ကြူးတဲ့သီချင်းမို့ ဒီနိုင်ငံသားဖြစ်ရတာကိုမှ ဂုဏ်ယူချင်သလိုလိုဗျ။
ရေပေါ်ရေအောက်၊မြေပေါ်မြေအောက် သဘာဝအရင်းအမြစ်တွေက ကျနော်တို့နိုင်ငံမှာ ပေါနေတာကိုး။
မော်လူးမြို့ရဲ့အနောက်ဖက်နဲ့ အနောက်မြောက်ဖက်တွေမှာ မိရိုးဖလာလုပ်ကိုင်ကြတဲ့ ထုံးတောင်မှော်၊သူရောင်းမှော်နဲ့ဥသျှစ်ကုန်းမှော်ဆိုပြီး ကျောက်တွင်း(၃)နေရာနဲ့ ရွှေတွင်းအနည်းငယ်လောက်ရှိတယ်။သစ်တွေ၊၀ါးတွေကတော့ မော်လူးဒေသမှာ အင်မတန်မှကိုပေါတာ။ရေခံ၊မြေခံကောင်းပြီး၊သဘာဝသယံဇာတနဲ့ လုပ်ငန်းတွေ ကိုယ်စီအဆင်ပြေကြလို့ မော်လူးသားဖြစ်ရတာ ကျုပ်တော့ တယ်ဂုဏ်ယူမိတယ်။ဒီဒေသသားတွေတော့ ဘယ်တော့မှ သဘာဝဘေးတွေ၊အငတ်ဘေးတွေ မကြုံရလောက်ဘူးလို့ကို ထင်ထားခဲ့တာ။
သြော်...ဒါတွေကလွန်ခဲ့တဲ့နှစ်ပေါင်း(၃၀)ကျော်လောက်က ထင်ခဲ့တာတွေပါ။
၁၉၉၀ ၀န်းကျင်လောက်က မော်လူးမှာမူးယစ်ဆေးတွေ တော်တော်ခေတ်ထလာတော့ လူလတ်ပိုင်းတော်တော်များများ လူ့လောကထဲကနေ ပျောက်ကုန်ကြတယ်။၈၈ အရေးအခင်း ခေတ်ပျက်တုန်းက ဖိုး/ဘိန်း ဖြန့်လို့ ချမ်းသာကုန်တဲ့သူတွေလည်း ဒုနဲ့ဒေးပဲ။အကွက်မြင်တဲ့သူတွေကို ပြောပါတယ်။မူးယစ်ဆေးစွဲတဲ့သူတွေအတွက်တော့ မိမိသာမက မိသားစုကိုပါ စိတ်ရောကိုယ်ပါ အမျိုးမျိုးဒုက္ခပေးပြီးမှ သေကြတာ ကျနော်တို့မျက်မြင်ပဲ။
ဒီနေ့ခေတ်မှာတော့ မော်လူးဒေသမှာ မကြားဖူးတာတွေလည်းကြားရ၊မကြုံဘူးတာတွေလည်းကြုံရ၊မူးယစ်ဆေးကြောင့် လူသတ်မှုတွေ၊လုယက်မှုတွေပါ ကြားနေရပြီလေ။တုံးလုံရွာနား ဆိုင်ကယ်စီးအမျိုးသမီးကို ရိုက်လုတာတွေ၊၊သက်ရင်းတာရွာနား ရေအေးချောင်းမှာ အငြိုးကြောင့် လူသတ်မှုတွေ စသည်တို့ပေါ့ဗျာ။ဒါတွေအားလုံးရဲ့ အဓိကလက်သည်က မူးယစ်ဆေး ကျနော်တို့ဒေသမှာ ပေါများလာခြင်းကြောင့်ပါ။ယနေ့အချိန်ထိအောင် မူးယစ်ဆေးက အန္တရာယ်ပေးနေတုန်းပါပဲ။
သစ်တောတွေလည်း အရှိန်အဟုန်နဲ့ ပြောင်သလင်းခါကုန်တာ မော်လူးတစ်ဝိုက် သစ်တွေကုန်သလောက်နီးပါးပဲဗျ။တရုတ်ပြည်ပဲပို့ပို့၊အထက်ပိုင်းမိုးညှင်းဘက်က ဘာပဲဆောက်ဆောက် မော်လူးဒေသက သစ်တွေက နာမည်ကြီးလေတော့ ကားနဲ့တစ်သွယ်၊ရထားနဲ့တစ်တန် အပြိုင်အဆိုင် ထုတ်ကြတယ်လေ။သစ်တောတွေ ပြုန်းတီးကုန်လို့လဲ မကြုံစဖူး(၂၀၁၅)မှာ တစ်မြို့လုံးရေလွှမ်းကုန်တာပေါ့။ရာသီဥတုဖောက်ပြန်တဲ့ အဓိကလက်သည်က သဘာဝသစ်တော ပြုန်းတီးမှုကြောင့်လို့ဆိုနိုင်ပါတယ်။
အခုလည်းဖားကန့်လို အဝေးကြီးကကျောက်တွင်းတွေကို မြေလှန်တာ၊အုံနဲ့ကျင်းနဲ့သယံဇာတ မျိုးတုန်းအောင်လုပ်တာတွေ မဆိုနဲ့အုံး။ မော်လူးကနေ(၂)မိုင်ကျော်လောက်ဝေးတဲ့ သူရောင်းရွာအနောက်ဖက်က သူရောင်းကျောက်တွင်းကို ယန္တယားကြီးတွေနဲ့ ဖြိုနေတဲ့ပုံတွေသာကြည့်တော့ဗျာ။
ူသယံဇာတကြိမ်စာသင့်တဲ့ ကျနော်တို့မြန်မာပြည်မှာ နောက်ဆို နောင်လာနောက်သားတွေသိအောင်ကျောက်တွင်းတွေ၊သစ်တောတွေ အရင်က မော်လူးဒေသမှာ ရှိခဲ့တဲ့အကြောင်း ပုံပြင်လိုသာ ပြောကြတာပေါ့ဗျာ......နော့်.......။
့
ွ
0 comments:
Post a Comment