Pages

Tuesday 3 November 2015

ကောင်းနိုးရာရာ လွတ်​​တော်​ အမတ်​​လောင်းများ

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် လွှတ်တော်သုံးရပ်အတွက် နိုင်ငံရေးပါတီ ၉၀ကျော်နှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၃၀၀ ခန့် စုစုပေါင်း အမတ်လောင်း ၆,၀၇၄ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အမတ်လောင်းအားလုံးကို မိတ်ဆက်ပေးရန် အချိန်နှင့်စာမျက်နှာအခက်အခဲကြောင့်မဖြစ်နိုင်၍ အလားအလာရှိပြီး စိတ်ဝင်စားဖွယ်ရာကောင်းသော အမတ်လောင်းအချို့ကို ရွေးချယ်မိတ်ဆက်ပေးလိုက်ပါသည်။
ဦးခင်လှိုင်(ဇောတိက)
တစ်သီးပုဂ္ဂလပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ်
ယခုရွေးကောက်ပွဲတွင် ကြည့်မြင်တိုင်မြို့နယ်မှ    တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ပြည်သူ့လွှတ်တော်နေရာသို့ ၀င် ရောက်ယှဉ်ပြိုင်မည့်  ဦးခင်လှိုင်(ဇောတိက)မှာ ရွေးကောက်ပွဲနှင့် စိမ်းသူတစ်ဦးတော့မဟုတ် ပေ။ ၂၀၁၀ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများ၌ လည်း   တစ်သီးပုဂ္ဂလအဖြစ်ပင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည်။ ထို့အပြင် ၂၀၁၄ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲ၌ လည်း  ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကော်မတီဝင်တစ်ဦးဖြစ်သည်။ ထို့ကြောင့် ၎င်းအနေဖြင့် ငါးနှစ်တာကာလအတွင်း ရွေးကောက်ပွဲများ နှင့် ရင်းနှီးအသားကျနေသူတစ်ဦး ဟု ဆိုရမည်ဖြစ်သည်။
သို့သော်လည်း စည်ပင်သာ ယာရွေးကောက်ပွဲမှအပ ၂၀၁၀ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲ တို့တွင်မူ ရှုံးနိမ့်ခဲ့သည်။
ဦးခင်လှိုင်သည် ဥပဒေဘွဲ့ရ တစ်ဦးဖြစ်ပြီး စီးပွားရေးလောကတွင်လည်း အတော်အသင့် လူသိများသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သည်။ ဇောတိကကုမ္ပဏီကို ထူထောင်ထား၍ ရန်ကုန်တွင် လူသိများသည့်ဇောတိကသင်္ကန်းဆိုင်များကိုလည်း ဖွင့်လှစ်ထားသည်။ မြန်မာဘစ်ရှော့ဈေးဝယ်စင်တာကိုလည်း ထူထောင်ထားပြီး နဂါးနီစာအုပ်ဆိုင်များဖွင့်လှစ်ထားသူဖြစ်သည်။
ဦးခင်လှိုင်(ဇောတိက)အ နေဖြင့် ရန်ကုန်စည်ပင်ရွေး ကောက်ပွဲမတိုင်မီအထိ နိုင်ငံရေးလောကတွင် သိသိသာသာထင်ရှားမှုမရှိသော်လည်း ယင်းရွေးကောက်ပွဲ၌ ကော်မတီဝင်အဖြစ်ရွေးချယ်ခံရပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဆောင်ရွက်ချက်များအပေါ် ဝေဖန်သုံးသပ်မှု၊ အစိုးရအဖွဲ့ဝန်ကြီးအချို့၏ မူဝါဒပိုင်းဆိုင်ရာအားနည်းချက်များအပေါ် ဝေဖန်စိန်ခေါ်မှုများကြောင့် ထင်ရှားလာခဲ့သူဖြစ်သည်။
အထင်ရှားဆုံးအနေဖြင့်ရွှေ တိဂုံစေတီတော် အနီးတပ်မတော်ပိုင်မြေတွင် ဒဂုံစီးတီးစီမံကိန်းကို BOTစနစ်ဖြင့် အထပ်မြင့်အ ဆောက်အအုံများဆောက်လုပ် မည့်အပေါ် စတင်ထောက်ပြကန့် ကွက်ခဲ့ပြီးနောက် ယင်းစီမံကိန်း ရပ်ဆိုင်းခဲ့ရချိန်တွင် ၎င်း၏ကန့်ကွက်ထောက်ပြမှုအပေါ် အသိအမှတ်ပြုမှုပိုမိုရရှိခဲ့သည်။
ထို့အပြင် ဗိုလ်တထောင် ဆိပ်ကမ်းအမှိုက်ပုံနှင့် ပတ်သက် ၍ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က ရန်ကုန်စည်ပင်ကို ပြစ်တင်ပြော ကြားချက်အပေါ် အချက်အလက် နှင့်တကွ ပြန်လည်တုံ့ပြန်ခဲ့မှုနှင့် ပတ်သက်၍လည်း လူသိများခဲ့ သည်။ ထို့အပြင် စည်ပင်သာယာ ရေးကော်မတီအတွင်းလုပ်ငန်း စဉ်များနှင့်ပတ်သက်၍  မကြာခဏထောက်ပြဝေဖန်မှုများပြုလုပ်ခဲ့ခြင်းကြောင့်လည်း အခြားကော်မတီဝင်များထက်စည်ပင်သာယာတွင်အချိန်တိုအတွင်း လူသိများလာသူတစ်ဦးဖြစ်သည်။ ထိုသို့လုပ်ဆောင်ချက်များကြောင့် ၎င်းအားသတိပေးခံရမှုများလည်းရှိခဲ့သည်ဆိုသည်။
ဦးခင်လှိုင်က ၎င်း၏လုပ်ပိုင် ခွင့်ထဲမှ ပြည်သူ့အကျိုးအတွက် ဝေဖန်ထောက်ပြမှုများ ပြုလုပ်နေ ရခြင်းကို ပိုမိုထိရောက်စွာလုပ်ဆောင်နိုင်ရန် ပြည်ထောင်စုအ ဆင့်လုပ်ပိုင်ခွင့်ရရှိရန် ၂၀၁၅အထွေထွေရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်ဟုဆိုသည်။
‘‘ဘယ်ပါတီနိုင်နိုင်၊ ဘယ်အ စိုးရတက်တက် ကျွန်တော့်အနေနဲ့ ကတော့ ပြုပြင်ပြောင်းလဲရေးတွေ မှာ ကိုယ့်နဂိုခံယူချက်အတိုင်း ထောက်ပြတင်ပြပြောသင့်တာ တွေလုပ်မယ်။ ပြည်သူ့အကျိုးအ တွက်ဆို မျက်နှာနာရတာမျိုးမဖြစ် စေရဘူး။ တစ်သီးပုဂ္ဂလဖြစ်နေ တော့ ပိုလွတ်လပ်တယ်’’ဟု ဦးခင် လှိုင်(ဇောတိက)ကပြောသည်။
ရွေးကောက်ပွဲတွင် အင်အား ကြီးပါတီနှစ်ခုသည် အနိုင်ရရှိရေးအတွက် အရှိန်အဟုန်မြှင့်စည်းရုံးမှုများပြုလုပ်နေချိန်တွင် ပါတီအင် အားမရှိဘဲ တစ်သီးပုဂ္ဂလအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးခင် လှိုင်တို့ကဲ့သို့ တစ်သီးပုဂ္ဂလအမတ်များအတွက် အခက်အခဲက အဘက်ဘက်တွင်ရှိနေသည်။
သို့သော်လည်း ဦးခင်လှိုင် (ဇောတိက)ကမူ ယခင်ရွေး ကောက်ပွဲနှစ်ကြိမ်ယှဉ်ပြိုင်ခဲ့ဖူး သည့်အတွေ့အကြုံများကြောင့် တစ်သီးပုဂ္ဂလအနေဖြင့် ပါတီကြီး များနှင့်ယှဉ်ပြိုင်ရမည့်အပေါ် စိုး ရိမ်မှုမရှိဟုဆိုသည်။
ယခုရွေးကောက်ပွဲကို အ နိုင်ရရှိရန် ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်ဟု ကြွေးကြော်ထားပြီး မဲဆွယ်စည်းရုံးမှုကိုလည်း ပါတီကြီးများထက် တစ်လကျော် နောက်ကျပြီးမှသာ ပြုလုပ်ခြင်းကို ကြည့်ခြင်းအားဖြင့် ၎င်းအနေဖြင့် ရွေးကောက်ပွဲအတွက် အစီအစဉ် များကြိုတင်ချမှတ်ပြီးလုပ်ဆောင် နေဟန်ရှိသည်။
ဦးခင်လှိုင်သည်အကြောင်းအရာတစ်ခုကို စေ့စေ့စပ်စပ်ပြင် ဆင်ပြီးမှ ထောက်ပြမှုပြုလုပ်ခဲ့သူ တစ်ဦးဖြစ်သည်ဟု ၎င်းနှင့်နီးစပ် သူအချို့က မှတ်ချက်ပြုထား သည်။ လာမည့်ရွေးကောက်ပွဲအ တွက် ၎င်းအနေဖြင့် မည်မျှစေ့စပ် သေချာအောင်ပြင်ဆင်မှုပြုလုပ် ထားသည်ကို ထုတ်ဖော်ပြောကြား ထားခြင်းမရှိပေ။
‘‘သူက တစ်သီးပုဂ္ဂလအနေ နဲ့   ၀င်လာပေမယ့် ကြည့်မြင် တိုင်မြို့နယ်ဒေသအကြောင်း တော်တော်စုံစုံစေ့စေ့လေ့လာပြု စုထားနိုင်တာတွေ့ရတယ်။ အဲဒီ တစ်ချက်ကတော့ တခြားပါတီ ကိုယ်စားလှယ်တွေနဲ့ ကွာတာသ တိထားမိတယ်’’ဟု ကြည့်မြင်တိုင် မြို့နယ် ကမ်းနားလမ်းမှ ဦးလှ အောင်က မှတ်ချက်ပြုသည်။
‘‘သတိထားမိသလောက် တော့ သူက တိုင်းပြည်ကိုကောင်းစေချင်တဲ့ စိတ်ဆန္ဒရှိတဲ့သူတစ် ယောက်ပါပဲ။ သူ့ရည်ရွယ်ချက်က တော့ လွှတ်တော်ထဲရောက်ရင်အ ခုထက်ပိုပြီး လုပ်ကိုင်နိုင်မယ်လို့ ယုံကြည်ပြီးဆောင်ရွက်နေတာ ပေါ့။ လက်ရှိတာဝန်ယူထားတဲ့ လုပ်ငန်းမှာလည်း တာဝန်ကျေ ကျေလုပ်ဆောင်နေနိုင်တာတွေ့ ရပါတယ်’’ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွင် ၎င်းနှင့်အတူ ကော်မတီဝင် အဖြစ်ရွေးချယ်ခံခဲ့ရသည့် ဦးခင် မောင်တင့်ကမှတ်ချက်ပြုသည်။
၎င်းမှာ နဂိုကတည်းက ငွေ ကြေးတတ်နိုင်သူဖြစ်၍  မဲဆွယ်စည်းရုံးရေးအတွက်လည်း ငွေကြေးလုံလုံလောက်လောက်ဖြင့် သုံးစွဲနိုင်သည့် အနေအထားတွင်ရှိသည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင်နှစ်ကြိမ်ရှုံးနိမ့်ခဲ့မှုကို ၎င်းအနေဖြင့်သင်ပုန်းချေရန် စိတ်အားထက်သန်နေပြီး တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး လွှတ်တော်ထဲရောက်ရှိလာနိုင်ခြင်းရှိ၊မရှိမှာမူ စိတ်ဝင်တစားစောင့်ကြည့်ရမည့် အနေအထားတွင်ရှိသည်။

ဒေါက်တာ သက်သက်ခိုင်
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်လောင်း၊ ဒဂုံမြို့နယ်မဲဆန္ဒနယ်)
လာမည့်ရွေးကောက်ပွဲတွင် ဒဂုံမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည့် ဒေါက်တာ သက် သက်ခိုင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မျက်နှာသစ် ကိုယ်စားလှယ်လောင်းများထဲမှ တစ်ဦးအပါအ၀င်ဖြစ်သည်။ နိုင်ငံ ရေးလောကသို့ မျက်နှာစိမ်းတစ် ဦးအဖြစ် ၀င်ရောက်လာသည့် သူ့ ကို နိုင်ငံရေးအသိုင်းအ၀ိုင်းနှင့် ပြည်သူများက စီးပွားရေးလုပ်ငန်း ရှင်တစ်ဦးအဖြစ်သာ သိရှိခဲ့သော် လည်း ရွေးကောက်ပွဲမဲဆွယ်ကာ လစတင်ချိန်တွင် စည်းရုံးရေးများ အားတက်သရောလုပ်ဆောင်လာခဲ့၍ ၎င်း၏ ပြိုင်ဘက်များက သတိထားမိလာကြသည်။
ဒေါက်တာသက်သက်ခိုင်သည် နိုင်ငံရေးအစဉ်အလာကြီးကြီးမားမားမရှိသော်လည်း ၎င်းကိုစီးပွားရေးလောကတွင် အစွမ်းအစရှိပြီး ထက်မြက်သော အမျိုးသမီးလုပ်ငန်းရှင်တစ်ဦးအဖြစ် လူသိများသူတစ်ဦးဖြစ်သည်။  ဆရာဝန်ဘွဲ့ရတစ်ဦးဖြစ်သော်လည်း စီးပွားရေး လောကသို့ ၀င်ရောက်ခဲ့ပြီး အ သင်းအဖွဲ့အတော်များများတွင် ရာထူးအမြင့်ပိုင်း တာဝန်ယူလုပ်ကိုင်ခဲ့ကာ ၎င်းအားယုံကြည်ချက်ဖြင့် လုပ်ကိုင်သည့် ထက်မြက်သူတစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရသည်။
ဒေါက်တာ သက်သက်ခိုင် အနေဖြင့် ၈၈ အရေးတော်ပုံကာလက ကျောင်းသားလှုပ်ရှားမှုအချို့တွင် ပါဝင်ခဲ့သော်လည်း ယင်းနောက်ပိုင်း နိုင်ငံရေးနှင့် ထိတွေ့မှုနည်းပါးခဲ့ပြီး ပညာရေးကို ဦးစားပေးလုပ်ဆောင်ခဲ့သည်။
၁၉၉၃ တွင် ဆရာဝန်ဘွဲ့ရရှိခဲ့ပြီးနောက် စီးပွားရေး စီမံခန့်ခွဲမှုမဟာဘွဲ့၊ MBA ဘွဲ့များကို ရရှိခဲ့သည်။ လက်ရှိတွင် စီမံခန့်ခွဲရေးနှင့် ခေါင်းဆောင်မှုဆိုင်ရာ ပါရဂူဘွဲ့အတွက် စာတမ်းပြုစုနေသူတစ်ဦး ဖြစ်သည်။
မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် တွဲဖက်အတွင်း ရေးမှူး (၃) အဖြစ် ၂၀၁၃ မှ စတင်တာဝန်ထမ်းဆောင်ခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံအမျိုး သမီးစီးပွားရေးစွမ်းဆောင်ရှင် များအသင်း ဒုတိယဥက္ကဋ္ဌ (၁)အ ဖြစ် ၂၀၁၃ ကတည်းက တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့အပြင်မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်အ သင်း ဘဏ္ဍာရေးမှူးအဖြစ် ၂၀၀၂ မှစတင်၍ တာဝန်ယူခဲ့သူလည်း ဖြစ်သည်။
ဒေါက်တာ သက်သက်ခိုင် အား ပြည်သူအများစုက အခြား သော လုပ်ငန်းနယ်ပယ်နှင့် အ သင်းအဖွဲ့လှုပ်ရှားမှုများထက် ရွှေ နန်းတော်စိန်ရွှေရတနာဆိုင်ပိုင် ရှင်နှင့် သရုပ်ဆောင်အကယ်ဒမီ ထွန်းအိန္ဒြာဗို၏ ညီမအဖြစ် လူသိ များသည်။
၎င်း၏ လုပ်ဖော်ကိုင်ဖက်အ ချို့ကမူ ဒေါ်သက်သက်ခိုင်အနေ ဖြင့် လွှတ်တော်ရောက်ပါက စီးပွားရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ် သက်၍ အကောင်းဆုံးလုပ်ဆောင်နိုင်မည်ဟု ယုံကြည်လက်ခံထားသည်။
‘‘သူက နိုင်ငံရေးမျိုးရိုးထဲက မဟုတ်ဘူး။ နဂိုကတည်းက ချမ်း သာပြီးသားလူတစ်ယောက်။ နိုင်ငံ ရေးအတွေ့အကြုံနည်းပေမယ့် အ တတ်ပညာနဲ့ အသုံးချနိုင်သူတစ် ယောက်လို့တော့ ခန့်မှန်းလို့ရ တယ်။ နိုင်ငံရေးလုပ်စားမယ့်သူ တစ်ယောက်မဟုတ်ဘူး’’ဟု ကုန် သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ်အတွင်း ရေးမှူး ဦးမြင့်ဇော်က မှတ်ချက်ပြု ပြောကြားသည်။
စီးပွားရေးလုပ်ငန်းရှင်တစ် ဦးဖြစ်ပြီး ကုန်သည်/စက်မှုအ သင်းချုပ်၏ တွဲဖက်အတွင်းရေး မှူးလည်းဖြစ်သည့် ဦးအေးလွင်က လည်း ဒေါက်တာသက်သက်ခိုင် အနေဖြင့် ရင့်ကျက်ပြီး အတွေ့အ ကြုံရှိ၍ ထက်မြက်သူတစ်ဦးဖြစ် သည်ဟု ထောက်ခံသည်။
‘‘ပညာရှာခဲ့ပြီးပြီ။ စီးပွားရေး လည်း လုပ်နိုင်သလောက်လုပ် ကိုင်ခဲ့ပြီးပြီ။ နိုင်ငံရေးလှုပ်ရှားမှုကိုစိတ်နှစ်ပြီး လုပ်ကိုင်ဖို့အတွက်ကို အာရုံစိုက်လို့ရနေပါပြီ။ စနစ်တစ် ခုကို ပြောင်းလဲဖို့အတွက် ကျွန်မ အနေနဲ့ အရင်ကတည်းက ဆန္ဒရှိ နေခဲ့တာပါ။ လုပ်ခွင့်ရှိတဲ့အချိန် မှာ အစွမ်းကုန်ကြိုးစားသွားမယ်’’ ဟု ဒေါက်တာ သက်သက်ခိုင်က နိုင်ငံရေးလောကသို့ ၀င်ရောက် လာရခြင်းအကြောင်းကို ပြော သည်။
‘‘စည်းရုံးရေးလာမှ မြင်ဖူး တာပါ။ သူပြောတဲ့အထဲမှာ မဖြစ် နိုင်တာလုပ်ပေးမယ်ဆိုပြီး ကတိ ပြုပြောသွားတာမရှိဘူး။ တက် တက်ကြွကြွလည်း ရှိတယ်။ ရွေး ချယ်ဖို့ သင့်တဲ့ကိုယ်စားလှယ် လောင်းတစ်ဦးလို့တော့ မြင်တယ်’’ဟု ဒဂုံမြို့နယ်မှ မဲဆန္ဒရှင် ဦးဖိုးရွှေက ပြောသည်။
သို့သော် ဒေါက်တာ သက်သက်ခိုင်သည် ဒဂုံမြို့နယ် ပြည်သူ့ လွှတ်တော်နေရာအတွက် ၀င် ရောက်ယှဉ်ပြိုင်ရာတွင် ပြည်ခိုင် ဖြိုးပါတီအကြီးကဲတစ်ဦးဖြစ်ပြီး တပ်မတော်အရာရှိဟောင်းတစ် ဦးလည်း ဖြစ်သည့် ပြည်ထောင်စု လွှတ်တော်ဒုတိယနာယက ဦးနန္ဒ ကျော်စွာနှင့် အကြိတ်အနယ်ယှဉ် ပြိုင်ရမည့်သဘော ဖြစ်သည်။

ဒေါက်တာအောင်သူ
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမျိုးသားလွှတ်တော်
ကိုယ်စားလှယ်လောင်း၊ရန်ကုန်တိုင်းအမှတ်−၆မဲဆန္ဒနယ်)
ဒေါက်တာအောင်သူသည် ရှစ်လေးလုံး အရေးတော်ပုံနောက် ပိုင်းတွင် ကာလအတန်ကြာ ပိတ်ထားခဲ့သည့် ရန်ကုန်ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် ပြန်လည်ဖွင့်လှစ်ချိန်တွင် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်းတာ ၀န်ထမ်း ဆောင်စဉ်ကာလအ တွင်း ရန်ကုန်တက္ကသိုလ်အတွင်း ဖြစ်ပွားခဲ့သည့် ကျောင်းသားလှုပ်ရှားမှုများကို အညင်သာဆုံး ကိုင်တွယ်ဖြေရှင်းခဲ့သူ တစ်ဦးလည်း ဖြစ်သည်။
အမျိုးသားပညာရေး ဥပဒေ ကို ဆန့်ကျင်သပိတ်မှောက် ဆန္ဒ ပြခဲ့သည့် ဒီမိုကရေစီပညာရေး လှုပ်ရှားမှု သပိတ်စစ်ကြောင်းမှ ကျောင်းသားများ ၂၀၁၄ နိုဝင် ဘာ ၁၅ ရက်တွင် ရန်ကုန်တက္က သိုလ်ဝန်းအတွင်းရှိ ကျောင်းသား သမဂ္ဂ အဆောက်အအုံမြေနေ ရာသို့ လာရောက်ဂါရ၀ပြုခဲ့ရာ တက္ကသိုလ်ဝင်းတံခါးအား သော့ ခတ်ပိတ်ထားခဲ့သောကြောင့် အချေအတင် ဖြစ်ပွားခဲ့ရာမှ ဒေါက်တာအောင်သူသည် ကျောင်းသားများနှင့် သဘောတူ ညီချက် ရယူခဲ့ပြီး သပိတ်မှောက် ကျောင်းသားများ ၀င်ရောက်ဂါရ ၀ပြုခွင့်ရရှိခဲ့ကြသည်။
ထို့အပြင် ဆဲဗင်းဇူလိုင် (၅၃)နှစ်ပြည့် အခမ်းအနားကို ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက် အအုံမြေနေရာရှေ့၌ ကျောင်း သားသမဂ္ဂများမှ ကျောင်းသား များ လာရောက်ဂါရ၀ပြုရာတွင် လည်း ဒေါက်တာအောင်သူ သည် ကျောင်းသားများနှင့် ညှိ နှိုင်း၍ ပြေလည်အောင်ဖြေရှင်း နိုင်ခဲ့သည်။
ဒေါက်တာအောင်သူသည် ရန်ကုန်တက္ကသိုလ် ပါမောက္ခ ချုပ်အဖြစ် တာဝန်ယူထမ်းဆောင် စဉ် ကာလအတွင်း မြန်မာနိုင်ငံ အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြဋ္ဌာန်းနိုင်ခဲ့သည့် အမျိုးသား ပညာရေးဥပဒေကြမ်းကို ရေးဆွဲ ရာတွင်လည်း အဖွဲ့ဝင်အဖြစ် ပါ ၀င်ခဲ့ပြီး အဆင့်မြင့်ပညာ ဥပဒေ ကြမ်း ရေးဆွဲရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ရေးဆွဲခဲ့သူ တစ်ဦးလည်း ဖြစ်သည်။
ဒေါက်တာအောင်သူသည် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် အဖြစ်မှ အငြိမ်းစားယူခဲ့ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု၍ ရန်ကုန်တိုင်းဒေသ ကြီး မဲဆန္ဒနယ်အမှတ် (၆)မှ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
‘‘အငြိမ်းစားယူတဲ့ ကာလမှာ ကိုယ်တတ်ထားတဲ့ ပညာနဲ့ တိုင်း ပြည်ကို အကျိုးပြုဦးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၀င်တာပါ။ ဒီ ပညာရပ်နဲ့ပတ်သက်လို့ ဆရာအ ချိန်ပိုင်းနည်းပြ ဘ၀ကနေ တွက် မယ်ဆို (၃၇)နှစ်ကြာ ရင်းနှီးပြီး တော့ ရခဲ့တဲ့ အသိပညာ၊ အ တတ်ပညာနဲ့ နိုင်ငံကို အကျိုးပြု ဦးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၀င် ရောက်ခဲ့တာပါ’’ဟု ဒေါက်တာ အောင်သူက ဆိုသည်။
ဒေါက်တာအောင်သူကို မကွေးတိုင်းဒေသကြီး ရေစကြို မြို့ ကန်တော်ရပ်တွင် ၁၉၅၅ က မွေးဖွားပြီး ၁၉၇၉ မှစ၍ ဗိုလ်တ ထောင်မြို့နယ်ဒေသ ကောလိပ် (၁)တွင် အချိန်ပိုင်းနည်းပြအဖြစ် စတင်တာဝန်ထမ်းခဲ့ကာ ကျောက်ဆည်တက္ကသိုလ်တွင် ဒုတိယပါ မောက္ခချုပ်၊ အဆင့်မြင့်ပညာဦး စီးဌာန(အောက်မြန်မာပြည်) တွင် ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် ရန်ကုန်တက္ကသိုလ်တွင် ပါမောက္ခချုပ်တာဝန်များကို ထမ်း ဆောင်ခဲ့သည်။
‘‘နိုင်ငံနဲ့ ပြည်သူကို အလုပ် အကျွေးပြုစုမယ့် စေတနာထား တဲ့ ပညာရှင်၊ ပညာတတ်တွေကို ကြိုဆိုပါတယ်။ ဘယ်အစိုးရတက် တက် ကျွန်တော်တို့က ၀န်ထမ်း တွေဖြစ်တဲ့အတွက် အစိုးရက ချ မှတ်တဲ့မူဝါဒ၊ မူဘောင်တွေကို ဖော်ဆောင်ပေးရမှာပါ။ မကိုက် ညီဘူးဆိုရင်လည်း ကျွန်တော်တို့ က ဆက်ပြီးတောင်းဆိုရမှာပါ’’ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်နိုင်ဦးက ပြော သည်။ဒေါက်တာအောင်သူသည် အဆိုပါ မဲဆန္ဒနယ်တွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဒေါ်သင်းသင်းမိုး၊ အမျိုး သားဒီမိုကရေစီ အင်အားစုပါတီ မှ ဒေါက်တာတင်ရွှေ၊ ကရင်ပြည်သူ့ပါတီမှ ဦးကျော်မိုးနိုင်၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုး တိုးတက်ရေးပါတီမှ ဒေါ်လဲ့လဲ့ ထွန်းတို့နှင့်အတူ ယှဉ်ပြိုင် အရွေး ချယ်ခံမည် ဖြစ်သည်။
‘‘ဆရာက တက္ကသိုလ်က လာတာဖြစ်တဲ့အတွက် သုတေ သနတွေကို အခြေခံပြီးတော့ ပညာရေးတစ်ခုတည်းတင် မဟုတ်ပါဘူး။ နိုင်ငံရေး၊ လူမှုရေး၊ စီး ပွားရေး၊ ကျန်းမာရေးကိစ္စတွေက အစ ပညာရှင်တွေနဲ့ သုတေသန တွေ လုပ်ပြီးတော့ ဖြေရှင်းမယ်။ ဥပမာ Traffic Jam ဖြစ်တဲ့ကိစ္စ တွေဆိုရင် ပညာရှင်တွေရဲ့ကဏ္ဍ က နိုင်ငံမှာ ဘယ်လိုဖြေရှင်းနိုင် မလဲဆိုတာကို တက္ကသိုလ်တွေမှာ ရှိတဲ့ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး တော့ ဖြေရှင်းဖို့ လုပ်ချင်ပါတယ်’’ ဟု ဒေါက်တာအောင်သူက  ပြောသည်။

ဦးတင်ထွန်းနိုင်
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်လောင်း၊ ဆိပ်ကြီးခနောင်တိုမဲဆန္ဒနယ်)
၂၀၁၅ ပါတီစုံရွေးကောက်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ မျက်နှာသစ်လူငယ်၊ လူလတ်ပိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်းများအနက် ဆိပ်ကြီးခနောင်တိုမဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် အသက် (၄၅)နှစ်အရွယ် အင်ဂျင်နီယာ ဦးတင်ထွန်းနိုင်လည်း တစ်ဦးအပါအ၀င်ဖြစ်သည်။
မြင်းခြံမြို့နယ်ဇာတိ ဦးတင် ထွန်းနိုင်သည် ၁၉၈၈ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ၈၈ အရေးအခင်းကြောင့် တက္ကသိုလ် ဆက်တက်ရန် သုံးနှစ်ခန့်စောင့်ဆိုင်းခဲ့ရသည်။ ထို့နောက် မန္တလေးနည်းပညာတက္ကသိုလ် (MIT)တွင်   တက်ရောက်ခဲ့ပြီးကျောင်းသားသမဂ္ဂများ၏ လှုပ်ရှားမှုများ၌ ပါဝင်ခဲ့သည်။ ကျောင်းပြီးချိန်တွင်  ရန်ကုန်သို့ ဆင်းလာပြီး လှိုင်သာယာစက်မှုဇုန်၌ ဖိုမင်အဖြစ် စတင်ဝင်ရောက်အလုပ်လုပ် ကိုင်ခဲ့သည်။
ဦးတင်ထွန်းနိုင်သည် ရန် ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်တစ်ခု ဖြစ်သည့် လှိုင်သာယာမြို့နယ် တွင် နှစ် ၂၀ ခန့်နေထိုင်ခဲ့ပြီး အ ခြေခံလူတန်းစားများ၏ ဘ၀အခြေအနေများကို ကိုယ်တိုင်တွေ့ကြုံပြီးနောက် ၂၀၁၅  ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် NLD ပါတီကိုယ်စားပြု၍ ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ် လောင်းများ တရားဝင်မဲဆွယ်ခွင့် ရရှိခဲ့ပြီးနောက် ၂၇ ရက်အကြာ တွင် ဆိပ်ကြီးခနောင်တိုမြို့နယ် အတွင်းရှိ ရပ်ကွက် ကိုးရပ်ကွက်စ လုံးကို ဦးတင်ထွန်းနိုင်မဲဆွယ်ခဲ့ပြီး ဖြစ်သည်။ အချို့ရပ်ကွက်များ တွင် ဒီချုပ်ကို ထောက်ခံသူအ များအပြားရှိသကဲ့သို့ အချို့ရပ် ကွက်များတွင်မူ အခြားပြိုင်ဘက် ပါတီများနှင့် ၅၀-၅၀ အနေအ ထားဖြစ်နေကြောင်း ဦးတင်ထွန်း နိုင်က ပြောသည်။
‘‘မဲဆွယ်ပွဲတွေမှာ ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုကို ကျေနပ်ပါတယ်။ ဒါပေမဲ့ တခြားပြိုင် ဘက်ကိုယ်စားလှယ်လောင်းတွေ ကိုလည်း လျှော့တွက်မထားပါ ဘူး။ နောက်ဆုံးအချိန်အထိ ကြိုး စားမှုမလျှော့ပါဘူး’’ဟု ဦးတင် ထွန်းနိုင်က ဆိပ်ကြီး/ခနောင်တို မဲဆန္ဒနယ်မှ ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အခြေအနေကိုပြောသည်။
အင်ဂျင်နီယာဘွဲ့နှင့် စီးပွား စီမံခန့်ခွဲမှုပညာမဟာဘွဲ့ (MBA)  များရရှိထားပြီး ပြည်ပနိုင်ငံအများ အပြားသို့လည်း လုပ်ငန်းခွင်သင် တန်းများတက်ရောက်ခဲ့သည့် ဦး တင်ထွန်းနိုင်က ၎င်း၏ အသိပညာနှင့် အတွေ့အကြုံများကို လွှတ် တော်အမတ်ဖြစ်လာပါက လက် တွေ့ကျကျအသုံးချမည်ဟု ဆို သည်။
မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်ကျော်ကာလများက စတင်စစ် ဆေးခဲ့သည့် ဘလော့ဂါ (Blogger)များထဲတွင် ထိုစဉ်က လူငယ်တစ် ဦးဖြစ်သည့် ဦးတင်ထွန်းနိုင်သည် နဗန (Navana) အမည်ဖြင့် သုတ/ရသစာပေများကို ယင်းဘ လော့ဂ်မှ မျှဝေရေးသားခဲ့သည်။ စိတ်ဝင်စားဖွယ်အကြောင်းအရာများ ရေးသားသူ၊ မြန်မာစာကို ကောင်းမွန်စွာ ရေးသား၊ ပြောဆိုတတ်သူ၊ လူကြိုက်များသူအဖြစ် ဘလော့ဂ် ရေးသားသူများအကြား ထင်ရှားခဲ့ပြီး ၎င်း၏ ဘလော့ဂ်သို့ ပုံမှန်ဝင်ရောက်ဖတ်ရှုသူများစွာရှိခဲ့သည်။ ထို့ပြင် ၂၀၁၀ နောက်ပိုင်း လူမှုကွန်ရက် စာမျက်နှာတွင်လည်း Navana အမည်ဖြင့် သုံးစွဲသည့် ၎င်း၏ စာမျက်နှာမှ နိုင်ငံရေးခန့်မှန်းရေးသားချက်များကို ထောက်ခံသူများစွာရှိခဲ့သည်။
‘‘ကိုနဗနက ဖော်ရွေတယ်။ နိုင်ငံရေးမှာ တက်တက်ကြွကြွရှိ တယ်။ ပေါင်းသင်းဆက်ဆံရေး လည်း ကောင်းတယ်။ ရှေ့၊ နောက်ဆင်ခြင်နိုင်ပြီး ခေတ်နဲ့လည်း မျက်ခြည်မပြတ်ဘူး။ ဒေသအကျိုးကို ဦးစီးဦးဆောင်နိုင်မယ့် သူတစ်ဦးလို့ မြင်မိတယ်’’ဟု ကိုယ်တိုင်လည်း ဘလော့ဂါတစ်ဦးဖြစ်ပြီး Yangon Heartz Media and Business Solution ၏ မန်နေဂျင်းဒါရိုက်တာ ကိုဇော်ဇော်မျိုးလွင်က မှတ်ချက်ပြုသည်။
လက်ရှိတွင် ဆောက်လုပ် ရေးကုမ္ပဏီတစ်ခုကို ဦးဆောင် လုပ်ကိုင်လျက်ရှိပြီး   အောင်မြင်နေသည့် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည့်အတွက် နိုင်ငံရေး နယ်ပယ်တွင် အမြတ်ထုတ်မည့် သူတစ်ဦးဖြစ်လိမ့်မည့်မဟုတ် ကြောင်း ၎င်းက ဆက်လက်ခန့်မှန်းပြောကြားသည်။
ဦးတင်ထွန်းနိုင်ကိုယ်တိုင်က လည်း ‘‘နိုင်ငံရေးဆိုတာ သီးသန့် ကွဲထွက်နေတယ်လို့ မမြင်မိဘူး။ အစ်ကိုက အောက်ခြေဘ၀က စ တယ်။ နောက်ပိုင်းမှာ ၀န်ထမ်း တွေကို စီမံခန့်ခွဲတဲ့အပိုင်းကိုလည်း တာဝန်ယူခဲ့တယ်။ လွှတ်တော်အ မတ်ဖြစ်လာမယ်ဆိုရင်လည်း သိပ်စိုးရိမ်မှုမရှိပါဘူး။ ကောင်းကောင်းလုပ်နိုင်မယ်လို့ ယုံကြည်တယ်’’ဟု ပြောသည်။
၎င်းသည် ဆိပ်ကြီးခနောင် တိုမြို့နယ်တွင် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦး မင်းသိမ်း၊ အမျိုးသားတိုးတက် ရေးပါတီမှ ဦးဆွေဆန်းဦး၊ မြန်မာ နိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုး တိုးတက်ရေးပါတီမှ ဦးအောင် ဆန်းလင်းနှင့်    တစ်သီးပုဂ္ဂလ ဒေါက်တာ မောင်မောင်တင်တို့နှင့် ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။ အထက်ပါကိုယ်စားလှယ်လောင်းများထဲမှ ပြည်ခိုင်ဖြိုးပါတီ၊ ဒီချုပ် နှင့် တောင်သူလယ်သမားဖွံ့ဖြိုး တိုးတက်ရေးပါတီတို့မှာ အနိုင်ရ ရန် ရေပန်းစားနေကြောင်း ဆိပ် ကြီးခနောင်တိုမှ ဒေသခံဦးအောင်ကိုက ၎င်း၏ အမြင်ကို သုံးသပ်သည်။
‘‘ပြည်ခိုင်ဖြိုးက ပြည်သူတွေကို ပစ္စည်းလက်ဆောင်ပေးတာ တွေရှိတယ်။ NLD ကတော့ သိသ လောက်ဘာမှပေးတာမရှိဘူး။ ပြည်သူတွေရဲ့ အားပေးထောက်ခံ မှုလည်း ဒီချုပ်အမတ်တွေက ပိုရ တယ်။ သူတို့ကတော့ လောလော ဆယ် အပြောအဟောလည်း ကောင်း၊ ပြည်သူတွေက မဲထည့် ကြမှာပါ’’ဟု ဦးအောင်ကိုက သုံး သပ်သည်။
‘‘အစ်ကို့အနေနဲ့ အလွန်အ ကျွံကတိတွေပေးမထားပါဘူး။ ပြည်သူတွေရှိသင့်ရှိထိုက်တာရှိ လာဖို့ ယူသင့်ယူထိုက်တဲ့တာဝန် တွေကို ယူသွားမယ်။ လွှတ်တော် ရောက်ခဲ့ရင် လွှတ်တော်တာဝန် တွေ ထမ်းဆောင်ချိန်ကလွဲပြီး နား ရက်တွေမှာ အစ်ကို့မဲဆန္ဒနယ်ကို သွားမယ်။ တစ်ပတ်တစ်ခါပြန် မယ်။ ပြည်သူတွေအသံကို နား ထောင်မယ်။ အလိုအပ်ဆုံးဆိုတဲ့ အရာတွေကို လုပ်ပေးမယ်’’ဟု မဲဆန္ဒရှင်များအားပေးနိုင်သည့် ကတိကို ဦးတင်ထွန်းနိုင်က ပြော ကြားသည်။

0 comments:

Post a Comment