Pages

Sunday 29 November 2015

ဗဟိုဘဏ်၏ဆေးမြီးတို ရွက်စိမ်း၏ကောက်ရိုးမီး ဖွဲမီး

ဗဟိုဘဏ်၏ဆေးမြီးတို ရွက်စိမ်း၏ကောက်ရိုးမီး ဖွဲမီး

ဒေါ်လာနှင့်  ကျပ်ငွေတို့လဲလှယ်ရာတွင် ကာလကြာမြင့်စွာအသုံးပြုခဲ့သည့် ပုံသေငွေလဲလှယ်နှုန်းစနစ်မှ အစီအမံဖြင့် နှုန်းရှင်စနစ် (သို့မဟုတ်) ထိန်းကျောင်းမှုရှိသောနှုန်းရှင်စနစ်သို့ ပြောင်းလဲကျင့်သုံးခဲ့သည်မှာ ယခုအချိန်တွင် သုံးနှစ်တာမျှအချိန်ရှိခဲ့ပြီ။ ထိုစနစ်စတင်ပြောင်းလဲကျင့်သုံးစဉ်က တစ်ဒေါ်လာလျှင် ၈၂၀ ကျပ်ဝန်း ကျင်၊ ယခုအချိန်တွင် (၂၀၁၅ နိုဝင်ဘာ ၁၁ ရက်အထိ) ၁,၃၀၀နီးပါးဖြစ်လာနေသဖြင့် သုံးနှစ်တာကာလအတွင်း မူလလဲလှယ်နှုန်း၏ ၆၀ ရာခိုင်နှုန်းနီး ပါးမြင့်တက်ခဲ့ပြီဖြစ်သည်။ နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့်ပတ်သက်သည့်ကိစ္စအဝဝကို တာဝန်ယူဖြေရှင်းနေရသည် မှာ ဗဟိုဘဏ်ဖြစ်၏။ ဗဟိုဘဏ်သည် ၂၀၁၃ ဇူလိုင်တွင် မြန်မာနိုင်ငံ ဗဟိုဘဏ် ဥပဒေပြဋ္ဌာန်းခဲ့ပြီးနောက်မှ လွတ်လပ်သောအဖွဲ့အစည်းအဖြစ် လှုပ်ရှားခွင့်ရရှိခဲ့ ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ ဗဟိုဘဏ်သည် နိုင်ငံ့ငွေကြေး ကိစ္စများကို ထိထိရောက်ရောက်ပိုမိုဖြေရှင်းနိုင်ရေးအတွက် အဖွဲ့အစည်းအတွင်းရှိ  လူ့စွမ်းအားအရင်းအမြစ်များကို   ပြုစုပျိုးထောင်ရေး၊  ပြည်တွင်း ပြည်ပပညာရှင်များ၊ အဖွဲ့အစည်းများ ၏ အကြံဉာဏ်များ ရယူဆောင်ရွက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ပိုမိုဆောင်ရွက်လာခဲ့သည်။ အထူးသဖြင့် ကျပ်၊ ဒေါ်လာလဲလှယ်နှုန်းတည်ငြိမ်ရေးနှင့်ပတ် သက်၍ ထဲထဲဝင်ဝင် ပိုမိုပတ်သက်လာရသည်။ ထိုသို့ပတ်သက်အားထုတ် ဆောင်ရွက်လာရသည့် အချိန်တိုအတွင်း ဗဟိုဘဏ် မကြာခဏခေါင်းခဲရသောပြဿနာမှာ နိုင်ငံခြားငွေဈေးကွက်တွင် ဒေါ်လာလဲလှယ်နှုန်း၌  မြန်မာကျပ်ငွေတန်ဖိုးကျဆင်းနေသည့် ကိစ္စဖြစ်နိုင်သည်။ ပင်ပင်ပန်းပန်း ကြိုးစားလုပ်ဆောင်နေသည့်တိုင် အလုပ်မဖြစ်ခဲ့။ နိုင်ငံခြားငွေဈေးကွက်ထဲ၌  ကျပ်ငွေတန်ဖိုး မြင့်တက်လာရေးအတွက်  ဗဟိုဘဏ်၏ အားထုတ်မှုသည် ခရီးမပေါက်ခဲ့ပေ။

သီအိုရီအယူအဆသဘော တရားအရဖြစ်စေ၊ ဥပဒေအရဖြစ်စေ နည်းလမ်းအမျိုးမျိုးသုံး၍ ကျပ်ငွေ လဲလှယ်နှုန်းမြင့်တက်လာစေရေးအတွက် ဗဟိုဘဏ်အနေ ဖြင့် အဆက်မပြတ်အားထုတ်နေ သည့်တိုင် မြန်မာကျပ်ငွေသည်ဒေါ်လာနှင့်ယှဉ်ပါက အလူးအလိမ့်ခံနေရဆဲဖြစ်သည်။ မည်သို့ပင်ရှိစေကာမူ  ဗဟိုဘဏ်သည် နောက်ထပ်ခြေလှမ်းတစ်လှမ်း တိုး၍  အားထုတ်ခဲ့ပြန်သည်။ ပြီးခဲ့သည့်အောက်တိုဘာ ၁၃ ရက်က နိုင်ငံခြားငွေလက်ခံကိုင်ဆောင်ခွင့်လိုင်စင်ရုပ်သိမ်းခြင်းကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အားထုတ်မှုအချိန် ဇယားသည်  ယခုနိုဝင်ဘာ ၃၀ ရက်နေ့ရောက်မှ အပြီးသတ်မည်။ ထုတ်ပြန်ကြေညာချက်ထဲတွင် ဒေါ်လာလိုအပ်ချက်ပမာဏ မြင့် မားလာခြင်းလျှော့ချနိုင်ရေး၊ ကျပ်ငွေအသုံးပြုမှုအခန်းကဏ္ဍ လျော့ကျလာခြင်းကို မြှင့်တင်နိုင်ရေးရည်ရွယ်ချက်များလည်းပါသည်။ ရည်ရွယ်ချက်များအားလုံး၏ တစ်ခုတည်းသော နောက်ဆုံးလားရာသည် မြန်မာကျပ်ငွေလဲနှုန်း တန်ဖိုးမြင့်တက်လာစေရေး တစ်နည်းအားဖြင့် ဒေါ်လာဈေးနှုန်းကျဆင်းရေးကိုသာ ရည်ရွယ်နေသည်ကို  အလွယ်တကူမြင်နေရသည်။
သီအိုရီတို့ကို ပြန်၍ခြေရာ ကောက်မိသည်။ ပြည်တွင်းသုံး ငွေတန်ဖိုးကျဆင်းလျှင် ပို့ကုန် များဈေးနှုန်းကျဆင်းလာကာ နိုင်ငံတကာဈေးကွက်ထဲ၌ ပို့ကုန်များ ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်းမြင့်မား လာမည်။ ထိုမှတစ်ဆင့် ပို့ကုန် ပမာဏမြင့်တက်လာမည်။ နိုင်ငံ ခြားဝင်ငွေပမာဏ တိုးတက်လာနိုင်သည် စသည်ဖြင့် ဆက်စပ်နေ သောသီအိုရီအယူအဆများသည် လည်း ကုန်ထုတ်လုပ်မှုအားနည်း သောစီးပွားရေးအဆောက်အအုံ အတွင်း၌  စိတ်ကူးယဉ်စရာ ကောင်းသောအရာများမဟုတ် တော့။ လုံးလုံးလျားလျားဆန္ဒမရှိ သော်လည်း သေချာပေါက်ရလာ နိုင်သည့်အရာများကတော့ရှိနေ သည်။ သွင်းကုန်သမားများနှင့် သွင်းကုန်ကို မှီခိုအားထားနေရသောပြည်တွင်းစားသုံးသူများ၏ ဈေးနှုန်းကြီးမြင့်မှုပူပင်သောက ဖြစ်သည်။ဗဟိုဘဏ်၏ ယခုတစ်ကြိမ်အားထုတ်မှုသည် တစ်လကျော်ကျော်ကြာခဲ့ပြီ။ နိုင်ငံခြားငွေ လက်ခံကိုင်ဆောင်ခွင့် လိုင်စင်ကိစ္စ ပေါ်ထွက်လာပြီး ရက်သတ္တနှစ်ပတ်တာအချိန်ကာလအတွင်း၌ ဗဟိုဘဏ်၏ ထိန်းကျောင်းမှု ကြောင့် အမှန်တကယ် သက်ရောက်မှုရှိလေသည့်ဟန်မျိုးဖြင့် ကျပ်နှင့် ဒေါ်လာလဲနှုန်းသည် ဖြည်းဖြည်းလေးလေး ပမာဏနည်းနည်းဖြင့် အကျဘက်သို့ရွေ့နေခဲ့သည်။ ယခုအချိန်တွင် တကယ်ပင် ဗဟိုဘဏ်အားထုတ်မှုထိထိရောက်ရောက်ဖြစ်နေပြီလောဟု စောင့်ကြည့်ကာလမဆုံးသေးမီမှာပင် အခြေအနေကမူမမှန်တော့။တိုက်တိုက်ဆိုင်ဆိုင် အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းမြှင့်ရန် အလားအလာရှိကြောင်း နိုင်ငံတကာသတင်းများတွင် ကြားလိုက်ရပြန်သည်။ အခြေအနေက ကျပ်ငွေဈေးနှုန်းမြင့်မားရေးမျှော်လင့်ချက်တို့ကို  ရပ်တန့်သွားစေခဲ့ပြီဖြစ်သည်။ နိုဝင်ဘာလအစတွင် သိသာသောပမာဏဖြင့် ပြန်လည်မြင့်တက်ခဲ့သော ဒေါ်လာဈေးနှုန်း သည်အမြင့်ဘက်ဆီသို့ ဆက်လက်ချီတက်နေတော့သည်။
ကျပ်ငွေသည် မြန်မာ့စီးပွား ရေးအဆောက်အအုံအတွင်း မူလ ကတည်းက ၎င်း၏ပကတိတန်ဖိုး အားဖြင့် တဖြည်းဖြည်းကျဆင်း နေခဲ့ပြီဖြစ်သည်။ ဆိုလိုသည်မှာကျပ်ငွေသည် ဒေါ်လာနှင့် ဖလှယ် နှိုင်းယှဉ်သောကြောင့်သာ တန်ဖိုး ကျဆင်းခြင်းဝေဒနာကိုခံစားနေရ ခြင်းမဟုတ်။ ၎င်း၏မူရင်းတန်ဖိုး ကိုက ကျဆင်းနေခြင်းဖြစ်သည်။ ကျပ်ငွေထုတ်ဝေသုံးစွဲနေသည့် မြန်မာ့စီးပွားရေးအဆောက်အအုံ အတွင်းမှာပင် ကျပ်ငွေနှင့်ကုန် စည်ဝယ်ယူနိုင်မှုကျဆင်းနေခြင်း ဖြစ်သည်။ ကုန်ထုတ်လုပ်မှုအား နည်းခြင်းမှအစပြုသည့် ပို့ကုန်ကျ ဆင်းမှု၊ သွင်းကုန်အားကောင်းနေ မှုတို့မှ ဆက်စပ်ဖြစ်ပေါ်လာသော အတွင်းကြေဒဏ်ရာများ၏ နာတာရှည်ဝေဒနာသည် ကျပ်ငွေကို တိုက်ရိုက်ထိမှန်နေခဲ့သည်။ အထူး သဖြင့် နေ့စဉ်စားသောက်ကုန်၊ လူ သုံးကုန်ထက် ပိုမိုတန်ဖိုးများသောသွင်းကုန်များပို၍များပြားလာနေခြင်းနှင့်ပြုပြင်ပြောင်းလဲရေး ကာလလိုအပ်သောသွင်းအားစုကို သွင်းနေရခြင်း၊ တရားမဝင် ကုန်ပစ္စည်းများ အလွန်အမင်းစီးဝင်လာနေခြင်း၊ ပြည်တွင်းအသေးစား၊ အလတ်စားလုပ်ငန်းများ၊ အိမ်တွင်းမှုလုပ်ငန်းငယ်လေးများ ကျဆင်းနေမှု၊ မြို့ကြီးပြကြီးများတွင် အလုပ်အကိုင်အခွင့်အလမ်းများနည်းပါးနေမှု၊ ကျေးလက် တောရွာများတွင်  လယ်သမား၊  ယာသမားအများစု တွက်ခြေမကိုက်သောကြောင့် လယ်ယာလုပ်ငန်းခွင်မှ  စွန့်ခွာမှုများပြားလာမှု စသည်ဖြင့်အားနည်းချက်က မျိုးစုံသည်။ ထိုအချက်များသည် ပြည်သူလူထုအများစု အနီးကပ်ဆုံးထိတွေ့ခံစားနေရသည့် ဝေဒနာ အချို့သာဖြစ်သည်။ တရားဥပဒေစိုးမိုးမှုအားနည်းခြင်း အပါအဝင် ကိုယ်ကျိုးသက်သက် ရှာတတ်သူ (Rent Seeker) များစွာဖြင့် မြို့ပြစီးပွားရေးလောကကြား တွင်ရှုပ်ထွေးနေသော စီးပွားရေး ဝေဒနာများကလည်း သပွတ်အူ လိုက်လျက်ရှိနေသည်။ မြန်မာ့ စီးပွားရေးအဆောက်အအုံသည် ပုံမှန်ကျန်းမာစွာလည်နေသည့် စီးပွားရေးအဆောက်အအုံ (Heal -thy Economy)မျိုးမဟုတ်။ အင်ဖော်မယ်ကဏ္ဍကြီးမားပြီး ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သွင်းကုန်ပို့ကုန် ကဏ္ဍ၊ ဘတ်ဂျက်လိုငွေပိုငွေ၊ နိုင်ငံခြားငွေပေးငွေယူရှင်းတမ်း၊ စသည့် အားနည်းချက်များစွာ ရှိနေပြီး စာရင်းပျောက်ဒေါ်လာစီးဝင် စီး ထွက်မှုတို့ အားကောင်းနေခဲ့သည့် စီးပွားရေးအဆောက်အအုံဖြစ်နေခဲ့သည်မှာလည်း ကြာမြင့်ခဲ့ပြီဖြစ် သည်။ ငွေကြေးကဏ္ဍတာဝန်ရှိ သည့် ဗဟိုဘဏ်အနေဖြင့် ငွေကြေးဆိုင်ရာကိစ္စရပ်များ ထိရောက်စွာ ကိုင်တွယ်နိုင်ရေးအတွက် ထိုအချက်များကို သတိထားရန်လို ပြီး ဆက်စပ်မှုရှိသောကဏ္ဍများမှ တာဝန်ရှိသူများနှင့် ဟန်ချက်ညီညီအချိန်ယူဆောင်ရွက်နိုင်မှသာ တကယ်အလုပ်ဖြစ်နိုင်သည်။
ဗဟိုဘဏ်တစ်ခု တစ်ဖွဲ့ တည်း ဆောင်ရွက်နေပါက ဒေါ်လာတန်ဖိုးကျဆင်းရေး  မည်သို့မျှမဖြစ်နိုင်။ တစ်ဖွဲ့တည်းအားထုတ်မှုသည် ဆေးမြီးတိုသက်ရောက်မှုလောက်သာဖြစ်၍ ဝေဒနာကို ခဏတာသာ  သက်သာနိုင်ပေ လိမ့်မည်။  မြန်မာ့စီးပွားရေး အဆောက်အအုံအတွင်းရှိ အမေ ရိကန်ဒေါ်လာရွက်စိမ်းနှင့် ကျပ် ငွေတို့၏ လဲလှယ်ရေးဈေးကွက် ထဲ၌ ဒေါ်လာတန်ဖိုးမြင့်တက်မှုမှာ တမြည့်မြည့်ေ တာက်လောင်တတ် သည့်ဖွဲမီးသဖွယ်ဖြစ်နေခဲ့သည် မှာ ကြာမြင့်နေပြီဖြစ်သည်။ ဗဟို ဘဏ်ဝင်ရောက်စွက်ဖက်မှုပြုလုပ် သည့်အခါတွင်မူ ဒေါ်လာငွေကြေးသည် ကောက်ရိုးမီးထတောက်သကဲ့သို့  တန်ဖိုးကျဆင်းမှုကို ခဏတာပြသနေသည့် အခြေ အနေမျိုးဖြစ်နေခဲ့သည်။ အားလုံးသည် ဒေါ်လာ၊ ကျပ်ငွေလဲလှယ်နှုန်းနှင့်ပတ်သက်သည့်  ဖွဲမီးကဲ့သို့ အပူကိုသော်လည်းကောင်း၊ ကောက်ရိုးမီးကဲ့သို့အပူကိုသော် လည်းကောင်း ခံစားခဲ့ကြဖူးပြီ။ ခံစားနေရဆဲဖြစ်သည်။ နိုင်ငံရပ် ခြားမှ သွင်းကုန်အများစုကို မှီခို ရပ်တည်နေရသော ဤစီးပွားရေး အဆောက်အအုံထဲတွင် ဝင်ငွေ နည်းပါးဆင်းရဲသားလူတန်းစား တို့သည် အားလုံးထက် ထိုအပူ ဒဏ်ကို ပို၍ခံစားနေကြရလေ သည်။

0 comments:

Post a Comment