Pages

Saturday 14 November 2015

နီ၍ ညီ၍ ပြည်သစ်တည်

နီ၍ ညီ၍ ပြည်သစ်တည်



ဗျို့ ... အယ်ဒီတာ...

စိတ်ချမ်းသာကြပါရဲ့လားခင်ဗျာ။ ကျုပ်တို့တော့ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် ရက်ဆက်ထုတ်ပြန်ပေးနေတဲ့ ရလဒ်တွေကို ရင်တမမနဲ့  စောင့်ကြည့်နေရသဗျ။ နိုဝင်ဘာ ၁၂ ရက် ညပိုင်းအထိ ထွက်လာ တဲ့ ရလဒ်တွေအရ ဒီချုပ်က အစိုး ရဖွဲ့နိုင်ဖို့ရာ လိုအပ်တဲ့ ကိုယ်စား လှယ်လောင်းအရေအတွက် စုစု ပေါင်း ၃၂၈ ဦး လိုအပ်ရာမှာ ၃၂၇ ဦး ရထားပြီမို့ နောက်ထပ်တစ်ဦးပဲ လိုတော့သဗျို့။ နို့ပေတဲ့ နိုဝင်ဘာ ၁၂ ရက်က ကော်မရှင်ထုတ်ပြန်ချက်မှာ တစ်ဦးပဲ ကပ်ကျန်သွားတော့ စိတ်လှုပ်ရှားစရာ တောင်မှ ကောင်းသေးတော့။

ဒါပေသိ နိုဝင်ဘာ ၁၃ ရက် မှာ ထပ်မံထုတ်ပြန်လာတဲ့ ရလဒ် တွေအရ ဒီချုပ်က အစိုးရဖွဲ့နိုင်ဖို့ အတွက် သတ်မှတ်ကိုယ်စားလှယ် အရေအတွက် ပြည့်သွားတယ်ဗျ။ဒီချုပ်ကို ထောက်ခံအားပေးခဲ့ကြတဲ့ ရွှေပြည်ကြီးသားတွေအဖို့ တော့ ဝမ်းမြောက်စရာ သတင်းပါ ပဲဗျာ။ အယ်ဒီတာများလည်း အသိသား။ ကျုပ်တို့ လူထုအများဟာ မိမိတို့ရဲ့ ဆန္ဒနဲ့အညီ ရွေးချယ်တင်မြှောက်တဲ့ အစိုးရကို မြင်ခွင့်မရ ခဲ့ တာ ဆယ်စုနှစ်တွေနဲ့ ချီခဲ့ပြီလေ ဗျာ။ အခုတော့ ပြည်သူတွေဟာ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ရွေး ကောက်လိုက်တဲ့ ပြည်သူ့အစိုးရ တစ်ရပ်ကို နောက်သုံးလလောက် အကြာမှာ မြင်ရပါတော့မယ်ဗျာ။ အားလုံးအဆင်ပြေချောမွေ့ခဲ့ရင် ပေါ့လေ။ ဟဲ.. ဟဲ။

အဲ.. ထူးခြားတာလေးတစ်ခု ပြောရဦးမယ်။ အယ်ဒီတာမင်း များလည်း သတိထားမိမလားမသိ ဘူး။ နိုဝင်ဘာ ၁၃ ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က နောက်ဆုံးလွတ် မြောက်ခဲ့တဲ့နေ့ခင်ဗျ။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၁၃ လေဗျာ။ ဆိုတော့ကာ ဒီနိုဝင်ဘာ ၁၃ မှာ ငါးနှစ်ပြည့်ပြီပေါ့လေ။ အဲဒါ ဘာ ဖြစ်တုံးဆိုတော့ ဘာမှမဖြစ်ပါ ဘူး။ နို့ပေတဲ့ တိုက်တိုက်ဆိုင်ဆိုင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်မြောက်အ ပြီး ငါးနှစ်တင်းတင်းပြည့်တဲ့နေ့မှာ သူခေါင်းဆောင်တဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဟာ အစိုးရဖွဲ့ နိုင်တဲ့ ကိုယ်စားလှယ်အရေအ တွက်ပြည့်သွားတဲ့အဖြစ်က ထူး တယ်လို့။


သိတဲ့အတိုင်းပဲလေ။ တချို့ အယူသီးသူတွေအဖို့ကတော့ ၁၃ ဂဏန်းဆိုတာ ကံမကောင်းတဲ့ နိမိတ်လက္ခဏာလို့ ဆိုသမို့လား။ အဲသဟာနဲ့ ဆက်စပ်တွေးကြည့် လိုက်တော့ နိုဝင်ဘာ ၁၃ ရက်ကျ မှ ဒီချုပ်က အစိုးရဖွဲ့နိုင်တဲ့ ကိုယ် စားလှယ်အရေအတွက် ကွက်တိ ပြည့်လာတာ မတော်တဆတိုက် ဆိုင်မှုမှ ဟုတ်လေရဲ့လား။ ဘစီ ကလည်း အားအားယားယားလေး ရှိတော့ စိတ်ကူးတွေ ရွက်လွှင့်နေ မိတာပါဗျာ။

ပြီးတော့ တချို့ဗေဒင်တို့ ဘာတို့ ဝါသနာအားသန်ကြသူ များကလည်း ရွေးကောက်ပွဲ ကျင်းပတဲ့ နိုဝင်ဘာ ၈ ရက်ဟာ ပြဿဒါးနေ့ ဖြစ်တယ်ဆိုသကိုး။ အခုလည်း ဘယ့်နှယ်ဗျာ။ ကတ် သီးနဲ့ ကတ်သတ် နိုဝင်ဘာ ၁၂ ရက် ထွက်လာတဲ့ ရလဒ်ထဲ တစ် ယောက်ပဲ လိုတော့မင့်ဟာ။ ပြည့် ကာ ဖြည့်ကာ ကြေညာလိုက်တာ မဟုတ်ဘူးဗျာ။ အင်း.. ရလဒ်ကို စောစောသိရတော့ ပြည်သူတွေ စောစော ပျော်ကုန်ကြမှာ။ ဒါနဲ့ပဲ တဖြည်းဖြည်း မျှဉ်းကာ မျှဉ်းကာ ရလဒ်ကို ထုတ်ပြန်ပေးရတာ.. နေမှာပါ။

ဘာပဲဖြစ်ဖြစ်ပါလေ။ ပြည် သူတွေသာ အခရာပဲဥစ္စာ။ ပြည် သူကချစ်ခင်နှစ်သက်လိုလား ထောက်ခံတဲ့သူတွေအဖို့မှာ ဘယ်နေ့ကဖြင့် ပြဿဒါးပဲ၊ ဘယ်နေ့ ကဖြင့် ကံမကောင်းဘူးဆိုသဟာ မရှိပါဘူးဗျာ။ ပြည်သူက ချစ်နေ သမျှ နေ့တိုင်းဟာ ရက်ရာဇာ၊ နေ့ တိုင်းဟာ ကံကောင်းနေတာချည်း ပဲဗျာ။ အဲသဟာနဲ့ ပြောင်းပြန်ပေါ့ လေ။ ဘယ်လောက်ပဲ ဗေဒင်တွေ ယတြာတွေ ချေချေ၊ မင်္ဂလာတွေ ယူယူ ပြည်သူက မကြည်ဖြူသမျှ အမြဲတမ်း ပြဿဒါးချည်းပဲ။ တွေး မိတာလေး ပြောကြည့်တာပါ အယ်ဒီတာရေ့။ တိုက်ဆိုင်မှုရှိ သွားရင် ဘယ်သူ့ကိုမှ မရည်ရွယ် ကြောင်းပါခင်ဗျ။

ဒီအချိန်မယ် ခုနင်က ပြော သလိုပေါ့ဗျာ။ ကျုပ်တို့ ပြည်သူ တွေဟာ အင်မတန်မှ ပျော်ရွှင် ဝမ်းမြောက်ခြင်းများ ဖြစ်နေကြ တယ်။ မျှော်လင့်ချက်တွေနဲ့ နိုး ကြားတက်ကြွနေကြတယ်။ မကြာခင်မှာ ပြည်သူ့အကျိုးအတွက် ပြည်သူတွေကိုယ်တိုင် ရွေးချယ် တင်မြှောက်လိုက်တဲ့ ပြည်သူ့ အစိုးရတစ်ရပ်ကို အကောင်နဲ့ အထည်နဲ့ မြင်ရတော့မှာကိုး ခင်ဗျ။ ဆိုတော့ကာ ဝမ်းမသာသူ ဘယ်သူ ရှိမလဲ။ အဲ.. အဲ.. မရှိဘူးတော့ မဟုတ်ဘူး ရှိမှာပေါ့။ လူအမျိုးမျိုး စိတ်အထွေထွေလို့ ဆိုသမို့လား။ ဝမ်းသာသူလည်း ရှိမယ်။ ဝမ်းနည်းသူလည်း ရှိမယ်။ ဝမ်းနည်းရမှာလား၊ ဝမ်းသာရမှာလား မသိတဲ့သူများလည်း ရှိမှာပဲ။ ထား။

မတော် ကျုပ်တို့ ပြောလိုက် တဲ့ စကားက ရွေးကောက်ပွဲမယ် အနိုင်မရလိုက်ကြတဲ့ လူကြီးမင်း တွေအပေါ်မှာ ရက်စက်သလိုဖြစ် သွားမှာလည်း စိုးရသဗျ။ ဒီတော့ကာ အခုချိန်မယ် အရေးကြီးဆုံးက ဘာလဲ။ တခြားမရှိပါဘူး။ ပြည်သူဆန္ဒမဲတွေနဲ့ဖွဲ့စည်းနိုင်မယ့် အစိုးရသစ်ဆီကို လက်ရှိအစိုးရ လာမယ့် မတ်လမှာ အာဏာကို လက်လွှဲပေးဖို့ပါပဲ။ ဒါကိုပဲ လူထု က အင်မတန်မှ စိုးရိမ်နေကြ သဗျ။ မလွှဲရင် ဘယ့်နှယ်လုပ် မလဲပေါ့လေ။ နို့ပေတဲ့ အခုတော့ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ ပြည်ထောင်စုလွှတ် တော် နာယကတို့နဲ့ တွေ့ဆုံ ဆွေးနွေးလိုတဲ့အကြောင်း နိုဝင် ဘာ ၁၀ ရက်က စာပေးပို့ တောင်း ဆိုထားသဗျာ။ တစ်ဖက်ကလည်း ရွေးကောက်ပွဲကော်မရှင်ဘက်က ရလဒ်တွေ အပြီးအပြတ်ကြေညာ သမှုပြုပြီးတဲ့အခါ တွေ့မယ်လို့ အကြောင်းပြန်ထားသဗျား။ ခန့် မှန်းချက်တွေအရတော့ လာမယ့် ဒီဇင်ဘာ နောက်ဆုံးပတ်လောက် မှာ တွေ့လောက်ပါရဲ့တဲ့။ ကောင်းပါလေ့ဗျာ။

လူထုအကြား နောက်ထပ် စိတ်ဝင်စားမှုကတော့ တပ်မတော်ရဲ့ ရပ်တည်ချက်ပဲခင်ဗျ။ မကြာ သေးမီက ကာချုပ်ကတော့ သူရို့ တပ်မတော်ဟာ ပေါ်ပေါက်လာ မယ့် အစိုးရသစ်နဲ့ လက်တွဲပြီး အကောင်းဆုံးဖြစ်အောင် လုပ် သွားမယ်လို့ ဆိုထားသဗျ။ ဒါပေ တဲ့ လူထုက အနာဂတ်နိုင်ငံရေး မှာ တပ်မတော်က ဘယ်လိုရပ် တည်မလဲဆိုတာ ပိုပြီးသိချင်နေ ကြတာ။ တပ်မတော်က အမျိုး သားနိုင်ငံရေးမှာ ဦးဆောင်မှု အခန်းကဏ္ဍက ပါဝင်ရမယ်ဆို ထားသကိုး။ ပြီးတော့လည်း ဒီမို ကရေစီရင့်သန်လာတာနဲ့အမျှ တပ်မတော်ရဲ့ နိုင်ငံရေးမှာ ပါဝင် မှုအနေအထားကို တစ်ရစ်ချင်းလျှော့မယ်လို့လည်း ပြောထားဖူး တယ်။

ရွေးကောက်ပွဲအပြီး ဒီချုပ် က အပြတ်အသတ် အောင်ပွဲခံ လိုက်ချိန်မှာ နိုင်ငံရေးသုံးသပ်သူ တွေက တပ်မတော်ကို ပြည်သူ့ ရင်ခွင် ပြန်ဝင်ဖို့ရာ ဒီအချိန်ဟာ အချိန်ကောင်းပဲဆိုပြီး တိုက်တွန်း ရေးသားပြောဆိုလာတာ ဘစီတို့ တွေ့မိပါတယ်။ အမှန်ပါပဲဗျာ။ လက်ခံသည်ဖြစ်စေ၊ လက်မခံ သည်ဖြစ်စေ ပြည်သူနဲ့ တပ်မတော်ကြားမှာ အခုအခါ အတိုင်း အတာတစ်ခုထိ ဝေးကွာနေတာကတော့ အမှန်ခင်ဗျ။ အဲဒီဝေးကွာ မှုကို အဆုံးသတ်ဖို့ တပ်မတော် ဟာ ပြည်သူ့ဘက်က ပြတ်ပြတ် သားသား ရပ်လိုက်ဖို့ပဲ ရှိသတဲ့။ သို့ကလို ရပ်ဖို့အချိန်ဟာလည်း အခုချိန်က အကောင်းဆုံးဆိုပဲ။

ဟုတ်သလေ။ အခု ပုံအ တိုင်းဆိုရင် ဒီချုပ်က အစိုးရဖွဲ့နိုင် မယ်၊ အသစ်ပေါ်လာတဲ့ လွှတ် တော်ထိုင်ခုံမှာ ဒီချုပ်အမတ်တွေ ချည်းပဲ အများစု။ လုပ်စရာတွေ က တစ်ပုံကြီး။ တိုင်းပြည်ကို တကယ့်စံချိန်မီ ဒီမိုကရေစီစနစ် နဲ့ တည်ဆောက်မယ်ဆိုရင် ဖျက် ရမယ့်၊ ပြင်ရမယ့် ဥပဒေတွေ အ များကြီးပဲဗျာ။ လက်ရှိဖွဲ့စည်းပုံ အရ တပ်မတော်နဲ့ အရပ်သား အစိုးရကြား နားလည်မှု တည် ဆောက်နိုင်မှ ဖြစ်မယ်။ အနှာလို မဟုတ်ရင် အရေးကြီးတဲ့ ဆုံးဖြတ် ချက်တွေမှာ အရပ်သား အမတ် ၇၅ ရာခိုင်နှုန်းက ထောက်ခံပါစေ ဦး။ တပ်မတော်ဘက်က ကန့် ကွက်နေသမျှ ဘာမှလုပ်လို့ရမှာ မဟုတ်ဘူးဗျာ။ ဒီတော့ကာ တပ် မတော်နဲ့ အရပ်ဘက်အစိုးရ စိတ် တူ ညီမျှပါမှ၊ ပြည်သူ့တစ်မျက်နှာ ကိုသာ ညီညီညာညာ ရှေးရှုပါမှ။

ပြောရဦးမယ် အယ်ဒီတာ ရေ့။ စစ်ဘက်နဲ့ အရပ်ဘက်ကြား ဘယ်လို လိုင်းညှိကြမလဲဆိုတာ က မျက်မမြင်ပုဏ္ဏားတွေ ဆင် စမ်းသလို တစ်ယောက်တစ်မျိုး ခင်ဗျ။ ဟိုလိုလုပ်ရမယ်၊ ဒီလိုလုပ် ရမယ် ပြောကြတာပဲ။ ဒါပေတဲ့ ဘယ်သူမှလည်း တိတိကျကျ နည်းဥပဒေတွေ ရှိတာမဟုတ်ပါ ဘူ။ အဲ.. အခုနောက်ဆုံး ထွက် လာတဲ့ အကြံပြုချက်တစ်ခုက တော့ စိတ်ဝင်စားစရာပဲဗျ။ ပြည် ခိုင်ဖြိုးပါတီရဲ့ ပူးတွဲဥက္ကဋ္ဌ ဦးဌေး ဦးက နောက်လာမယ့် အစိုးရကို တပ်မတော်နဲ့ ဘယ်လိုဆက်ဆံရ မယ်ဆိုတာကို အကြံပြုထားတာ။

သူ့အလိုအရ တပ်နဲ့ နီးစပ် ချင်ရင် တပ်ရဲ့သဘောထားကို သိ အောင်လုပ်ရမယ်တဲ့။ သိအောင် လုပ်ပြီးသကာလ ကိုယ်လည်း အဲဒီအထဲမှာ ဆန့်ကျင်နေတယ်ဆိုရင် ဘယ်လိုလုပ်တည့်မလဲတဲ့။ ဆိုချင်တာက တပ်ရဲ့ သဘောကို သိအောင်လုပ်၊ သိပြီးရင် တပ်နဲ့ လိုင်းညှိ။ ဒါပေမဲ့ မေးစရာရှိတာ ပေါ့။ တပ်ဘက်ကကော အရပ် ဘက်နဲ့ လိုင်းမညှိတော့ဘူးလား။ အထိုင်ကပဲ ကစားမှာလား။ တပ် ဘက်ကလည်း အရပ်ဘက်ရဲ့ သဘောထားကို သိအောင်လုပ်ပြီး အရပ်ဘက်နဲ့ နီးသထက်နီး အောင် မလာတော့ဘူးလား။

လက်ခုပ်ဆိုသဟာ နှစ်ဖက် တီးမှ မြည်မှာ။ လက်ဆွဲနှုတ်ဆက် ဖို့ဆိုတာ လက်သီးဆုပ်ထားလို့မှ မရတာ။ ကျုပ် အမှတ်မမှားဘူး ဆိုရင် အိန္ဒိယဝန်ကြီးချုပ် အင်ဒီ ရာဂန္ဒီရဲ့ စကားဗျာ။ ‘ဆုပ်ထားတဲ့ လက်သီးတွေနဲ့တော့ ဘယ်တော့ မှ လက်ဆွဲနှုတ်ဆက်လို့ ရမှာ မဟုတ်ဘူး’တဲ့။ ကျုပ်တို့ အခုအ ချိန်မှာ အရေးတကြီးလိုနေတာ အရပ်ဘက်ကရော တပ်မတော် ကပါ အဲ.. တပ်မတော်တင် မဟုတ်ပါဘူးဗျာ။ မတူကွဲပြားတဲ့ နိုင်ငံရေးအင်အားစုတွေ အားလုံး လက်ဆွဲနှုတ်ဆက်ဖို့ရာ ဆုပ်ထား တဲ့ လက်သီးတွေကို အရင်ဆုံး ဖြေကြဖို့ပဲဗျို့။ ပြီးရင် ညီညီညာ ညာနဲ့ တိုင်းသစ် ပြည်သစ် တည် ကြပါစို့ရဲ့ဗျာ။

လက်သီးဆုပ်တွေဖြေပြီး လက်ဆွဲနှုတ်ဆက်နိုင်ပါစေ ဆု တောင်းရပေတဲ့ စိတ်ထဲမယ် မဝံ့ မရဲပဲ ခင်ဗျ။ တော်ကြာ လက်သီး ဆုပ်က ဖြေလိုက် ဆုပ်လိုက် လုပ် နေရင်လည်း အခက်။ ကလေး များ ချိုမိုင်မိုင် လုပ်သလိုပေါ့လေ။ ပြောသာ ပြောရတာပါ။ ရွှေပြည်ကြီးက လူ ကြီးလူကောင်းတွေရဲ့ တိုင်းပြည် ပါ။ သိတယ်နော်။ ချိုမိုင်မိုင်လုပ် တယ်ဆိုတာ ကလေးအထာပဲ ဟာ။ တော်သေးပြီ။
(ဖော်ပြပါသရော်စာသည် စာရေးသူ ဘစီ၏ အာဘော်သာဖြစ်သည်)

0 comments:

Post a Comment