Pages

Tuesday 24 November 2015

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီး အပိုင်စီးခံရပြီလား



ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီး အပိုင်စီးခံရပြီလား



တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်လက်မှတ်ရေးထိုးပြီးနောက်  နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲရန် တာဝန်ရှိသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီကို ဖွဲ့စည်းရာတွင် ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီးကို ချုပ်ကိုင်အပိုင်စီးနိုင်ရေး ရည်ရွယ်သည့် ခြေလှမ်းအချို့ကို လက်ရှိအစိုးရ၊ လက်ရှိ အာဏာရပါတီနှင့် ရောင်းရင်းပါ တီများက အစီအစဉ်ရှိရှိ အကွက် ကျကျဖော်ဆောင်ခဲ့ပုံရသည့် အလျာက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကြီးအပိုင်စီးခံရပြီလားဟု မေးခွန်းထုတ်ရမည်ဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီတွင် ပါ ၀င်မည့် နိုင်ငံရေးပါတီများကိုယ် စားပြုကိုယ်စားလှယ်ရွေးချယ် ရေးညှိနှိုင်းအစည်းအဝေးကို ၂၀၁၅ နိုဝင်ဘာ ၂၁ ရက်တွင် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။ နိုင်ငံရေးပါတီ ၈၆ ပါတီမှ ကိုယ်စား လှယ် ၂၂၀ ဦး တက်ရောက်ခဲ့သည်။ နိုင်ငံရေးပါတီများကိုယ်စားပြုကိုယ်စားလှယ်များ ရွေးချယ်မှုကို လွယ် ကူရှင်းလင်းစွာ ပြုလုပ်နိုင်လင့်က စား လက်တွေ့တွင် ရှုပ်ထွေးပွေ လီခက်ခဲအောင် ပုံဖော်ခဲ့ပုံရသည်ဟု သုံးသပ်နိုင်သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အ များစုအနိုင်ရရှိခဲ့သော ပါတီများ ၏ အသာစီးကိုယ်စားပြုခွင့်ကို ဗြောင်ကျကျလျှော့ချနိုင်ခဲ့ပြီး ရွေး ကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော် လည်း နိုင်ငံရေးအရ အစိုးရ၊ အာ ဏာရပါတီတို့နှင့် ရေလာမြောင်း ပေးအနေအထားရှိသည့် နိုင်ငံရေး ပါတီများအသာစီးယူကိုယ်စားပြု နိုင်ရေးကို အကွက်ဆင်ပေးနိုင်ခဲ့ သည်ဟု ကောက်ချက်ပြုနိုင်သည်။ ဒီမိုကရေစီနိုင်ငံရေးတွင် ပြည်သူလူထုသည် ရွေးကောက်ပွဲ ၌ လွတ်လပ် တရားမျှတစွာ ဆန္ဒ မဲပေးပြီး ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများကို လုပ်ပိုင်ခွင့် အာဏာပေးအပ်လေ့ရှိသည်။ ရွေးကောက်ပွဲသည် ပြည်သူလူထု၏ ထောက်ခံမှုနှင့် ဆန္ဒသဘောထား ကို တိုင်းတာရာတွင် အကောင်း ဆုံးပုံစံပင် ဖြစ်သည်။ သို့ဖြစ်၍ မြန်မာ့နိုင်ငံရေးရှေ့ခရီးတွင် နိုင်ငံရေး လုပ်ငန်းစဉ်တစ်ခုနှင့် ဆက်စပ် လျက် ပြည်သူ့ကိုယ်စားပြုနိုင်ငံ ရေးပါတီများကို ရွေးချယ်မည်ဆို လျှင် လွတ်လပ်၍ တရားမျှတ သော အထွေထွေရွေးကောက်ပွဲ ရလဒ်သည် အလျော်ကန်ဆုံးအ ညွှန်းကိန်းပင် ဖြစ်သည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အကောင်အ ထည်ဖော်ရေးနှင့် စပ်လျဉ်းသည့်  ပြည်ထောင်စုငြိမ်းချမ်းရေးဆွေး နွေးမှု ပူးတွဲကော်မတီတွင် ပါဝင် မည့် နိုင်ငံရေးပါတီများကိုယ်စား ပြုကိုယ်စားလှယ်များကို ရွေးချယ် ရာ၌ ၂၀၁၅ ခုနှစ် အထွေထွေရွေး ကောက်ပွဲရလဒ်ကို မဖြစ်မနေ အကိုးအကားပြုရမည် ဖြစ်သည်။ သို့မှသာ ပြည်ထောင်စုငြိမ်းချမ်း ရေးလုပ်ငန်းစဉ်သည် ပြည်သူလူ ထုကို မျက်နှာမူသော၊ ပြည်သူလူ ထုအများစုကို ကိုယ်စားပြုသော လုပ်ငန်းစဉ်ကြီးဖြစ်လာမည်ဟု သုံးသပ်နိုင်သည်။


၂၀၁၅ ခုနှစ် အထွေထွေရွေး ကောက်ပွဲတွင် နိုင်ငံရေးပါတီ ၂၁ ပါတီ၏ ကိုယ်စားလှယ်များရွေး ကောက်တင်မြှောက်ခံခဲ့ရသည်။ နိုင်ငံရေးပါတီ ၉၁ ပါတီဝင်ရောက်ယှဉ်ပြိုင်ရာတွင် ပါတီပေါင်း ၇၀ သည် ရွေးကောက်ပွဲ၌ ရှုံးနိမ့်ခဲ့ သဖြင့် ပြည်သူလူထုက လုပ်ပိုင် ခွင့်အပ်နှင်းခဲ့ခြင်းမရှိဟု သုံးသပ် နိုင်သည်။ သို့ဖြစ်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီတွင် နိုင်ငံရေးပါတီများ ကိုယ်စားပြုကိုယ်စားလှယ်များကို ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူလူထုက လုပ် ပိုင်ခွင့်အပ်နှင်းလျက် ရွေးချယ်ခဲ့ သည့် နိုင်ငံရေးပါတီ ၂၁ ပါတီထဲမှရွေးချယ်ခြင်းသည် အလွယ်ကူဆုံး နှင့် အရိုးရှင်းဆုံး ဖြစ်သည်။ နိုင်ငံ ရေးပါတီများကိုယ်စားပြုကိုယ် စားလှယ် ၁၆ ဦးသာ နေရာရရှိ သဖြင့် ရွေးကောက်ပွဲအနိုင်ရပါတီ တိုင်း ကိုယ်စားလှယ်တစ်ဦးကျ ကိုယ်စားပြုနိုင်ရန် မလွယ်ကူ သည့် အခြေအနေရှိနေသဖြင့် ရွေးကောက်ပွဲအနိုင်ရရှိမှုအနေအ ထားအလိုက် ဦးစားပေးရွေးချယ် ပြီး ကိုယ်စားပြုခွင့်သတ်မှတ်ခြင်း သည် ပိုမိုကြောင်းကျိုးဆီလျော် မည် ဖြစ်သည်။

နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ရေးဆွဲရာတွင် လည်း ကောင်း၊ နိုင်ငံရေးတွေ့ဆုံဆွေး နွေးပွဲများတွင် ပါဝင်မည့် ကိုယ်စားလှယ်အချိုးအစား ညှိနှိုင်းဆွေးနွေးရာတွင်လည်းကောင်း ရွေးကောက်ပွဲ၌ ပြည်သူလူထု၏ လုပ်ပိုင်ခွင့် (သို့မဟုတ်) ပြည်သူ့ကိုယ်စား လှယ်တစ်ဦးတလေပင် မရရှိခဲ့ သော နိုင်ငံရေးပါတီများ၏ ကိုယ် စားလှယ်များက အဆုံးအဖြတ် ပေးနိုင်မည့် ပူးတွဲကော်မတီဝင်နေ ရာများကို ရယူပါဝင်နေသည်မှာ ကြောင်းကျိုးမဲ့လွန်း ယုတ္တိယုတ္တာကင်းမဲ့လွန်းနေသည်။ အကယ်စင်စစ် ရွေးကောက်ပွဲတွင် မဲရှုံးသောပါတီများအနေဖြင့် လုပ်ပိုင်ခွင့်နှင့် အဆုံးအဖြတ်ပြုခွင့်ရရှိသော နေရာထက် လေ့လာသုံးသပ်အကြံပြုနိုင်သည့်နေရာတို့တွင်သာ ပါဝင်ရမည် ဖြစ်သည်။ မဲနိုင်သော ပါတီများက ပူးတွဲကော်မတီတွင် ကော်မတီဝင်များအဖြစ်ပါဝင်ပြီး မဲရှုံးသောပါတီများက လေ့လာသူများ (သို့မဟုတ်) အကြံပေးများအဖြစ်သာပါဝင်ရမည် ဖြစ်သည်။

နိုဝင်ဘာ ၂၁ ရက် အစည်း အဝေးတွင် ရွေးချယ်ပုံနည်းလမ်း က လတ်တလော ၂၀၁၅ ခုနှစ် အ ထွေထွေရွေးကောက်ပွဲ၌ မဲရှုံးပြီး ပြည်သူလူထု၏ လုပ်ပိုင်ခွင့်အပ်နှင်းမခံရသော ပါတီများ၏ ကိုယ်စားပြုခွင့်ကို အများစုနေရာသို့ တွန်းတင်ခဲ့ခြင်းပင် ဖြစ်သည်။ လက်ရှိနိုင်ငံရေးပါတီ ၉၀ ကျော်အနက်၊ သုံးပုံနှစ်ပုံခန့်သည်  လက်ရှိအစိုးရ အာဏာရပါတီတို့နှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပတ်သက်ဆက်စပ်နေ ပြီး လာမည့်အစိုးရ အာဏာရပါ တီတို့နှင့် အစေးကပ်နိုင်ခြေနည်း သောပါတီများ ဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကိုယ်စား လှယ် ၄၂ ဦးသာအနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် တောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့သည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်နှင့် တန်းတူပူးတွဲ ကော်မတီတွင် ကိုယ်စားလှယ်နှစ် ဦးရယူထားခြင်းသည် ကြောင်း ကျိုးလျော်ကန်မှုမရှိဟု သုံးသပ် နိုင်သည်။

ဖက်ဒရယ်ဒီမိုကရေစီမဟာ မိတ်အဖွဲ့နှင့် ညီနောင်တိုင်းရင်း သားပါတီများ ဖက်ဒရေးရှင်းတို့ကိုကိုယ်စားလှယ်တစ်ဦးစီ တိုက်ရိုက် ကိုယ်စားပြုခွင့်ပေးနိုင်ရေးရည် ရွယ်လျက် ညီညွတ်သောတိုင်း ရင်းသားလူမျိုးများ မဟာမိတ်အ ဖွဲ့ကို တစ်နေရာတိုက်ရိုက်ကိုယ် စားပြုခွင့်ပေးခဲ့ပုံရသည်။ အကယ်စင်စစ် တိုင်းရင်းသားမဟာမိတ် အဖွဲ့သုံးဖွဲ့က တစ်ဖွဲ့တစ်ဦးကျ ကိုယ်စားလှယ်သုံးဦးတိုက်ရိုက်ပါ ၀င်ခွင့်ပြုခဲ့ခြင်းသည်လည်း ပြည် သူလူထုကိုယ်စားပြုခွင့်နှင့် အစပ် အဟပ်မတည့်ဟု သုံးသပ်ရမည် ဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေ ထွေရွေးကောက်ပွဲတွင် အပြတ် အသတ်ရှုံးနိမ့်ကာ နိုင်ငံရေးဘဲဥ ကိုက်ခဲ့ရသော ဖက်ဒရယ်ပြည် ထောင်စုပါတီ၊ ချင်းဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ဖလုံ-စဝေါ်ဒီမိုက  ရက်တစ်ပါတီ၊ အမျိုးသားဒီမိုက ရေစီအင်အားစုပါတီ၊ ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေးပါတီတို့၏ ကိုယ် စားလှယ်များက နိုင်ငံရေးပါတီ များကိုယ်စားပြုကော်မတီဝင်များ အဖြစ် ပါဝင်နေခြင်းသည် နိုင်ငံရေးအရ မျက်နှာပြောင်တိုက်သည်ဟု ကောက်ချက်ပြုရမည် ဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီတွင် နိုင်ငံရေးပါတီများ၏ ကိုယ်စား လှယ် ၁၆ ဦးရွေးချယ်ရာ၌ ရွေး ကောက်ပွဲ အနိုင်ရပါတီများက ရှစ် နေရာသာ ကိုယ်စားပြုခွင့်ရရှိခဲ့ ပြီး ရွေးကောက်ပွဲရှုံးပါတီများက ရှစ်နေရာ ကိုယ်စားပြုလျက်ရှိ သည်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေး ရေးဆိုင်ရာ နိုင်ငံရေးမူဘောင်ရေး ဆွဲခြင်းနှင့် နိုင်ငံရေးတွေ့ဆုံဆွေး နွေးပွဲများတွင် ပါဝင်မည့် ကိုယ် စားလှယ်အချိုးအစားကို ညှိနှိုင်း ဆွေးနွေးခြင်းတို့ကို ကမကထပြု ခေါင်းကိုင်မည့်ပူးတွဲကော်မတီ၌ နိုင်ငံရေးပါတီများကိုယ်စားပြု ကိုယ်စားလှယ်ဦးရေထက်ဝက်သည် ရွေးကောက်ပွဲ၌ ရာနှုန်းပြည့်ရှုံးနိမ့် ခဲ့ပြီး ပြည်သူက လုပ်ပိုင်ခွင့်အပ် နှင်းခြင်းမခံရသော ပါတီများမှ ဖြစ်နေသည်မှာ တိုင်းရင်းသားပြည်သူ လူထုအများစု၏ ဆန္ဒသဘော ထားကို မျက်ကွယ်ပြု ကျောခိုင်း ခြင်းပင် ဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရစာရင်းဝင် ၂၁ ပါတီအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့မှ လွဲ၍ ကျန် ၁၇ ပါတီသည် တိုင်းရင်း သားလူမျိုးစုပါတီများပင် ဖြစ် သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ရလဒ်နှင့်အညီ ပူးတွဲကော်မတီ တွင် အနိုင်ရတိုင်းရင်းသားပါတီ များ၏ ကိုယ်စားပြုခွင့်ကို ပြင်ဆင် ထည့်သွင်းပေးနိုင်ရန် ပဓာနကျ မည် ဖြစ်သည်။

ထို့အပြင် ပူးတွဲကော်မတီ နိုင်ငံရေးပါတီများကိုယ်စားပြု ကိုယ်စားလှယ် ၁၆ ဦးအနက် ကိုယ်စားလှယ် ၁၁ ဦးသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ပါတီများ၏ ကိုယ်စားလှယ်များဖြစ်နေခြင်းပင် ဖြစ်သည်။ အဆိုပါကော်မတီဝင် ၁၁ ဦးသည် နိုင်ငံရေးအရ ရွေးကောက်ပွဲအနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဆန့်ကျင်ဘက်ရပ်တည်ကာ အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် နီးနီးကပ်ကပ်ရပ်တည်နိုင်ခြေရှိနေသည်ဟု သုံးသပ်မှုများမြင့်မားနေသည့်အလျောက်သတိကြီးကြီးထားစောင့်ကြည့်ရမည် ဖြစ်သည်။ သို့ဖြစ်၍ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီဝင် ၄၈ ဦးအနက် တပ်မတော်သားကော်မတီဝင်၁၆ဦးနှင့် နိုင်ငံရေးပါတီများ ကိုယ်စားပြုကော်မတီဝင် ၁၁ ဦး၊ နှစ်ဖွဲ့ပေါင်းကော်မတီဝင် ၂၇ ဦးသည် အမြဲတမ်းအများစုနေရာကို ရရှိနေမည်ဖြစ်သည်။ ထိုသို့အသာစီးရရှိနိုင်ရေးကို အကွက်ကျကျ စီမံဇာတ်ညွှန်းရေးပုံဖော်ခဲ့လေသလားဟု သုံးသပ်စဉ်းစားဖွယ်ဖြစ်သည်။

နိုင်ငံရေးပါတီတစ်ခုသည် တစ်နိုင်ငံလုံးဖြန့်ကြက်လျက် ရုံးခွဲ များဖွင့်လှစ်ထားစေကာမူ ရွေး ကောက်ပွဲတွင် တစ်နေရာမျှအနိုင် မရလျှင် နိုင်ငံရေးအရအချည်းနှီး သာဖြစ်ပြီး နိုင်ငံရေးစာခြောက်ရုပ် နှင့် သဏ္ဌာန်တူသော နိုင်ငံရေးပါ တီများသာ ဖြစ်သည်။ လူထု၏ ယုံကြည်မှု၊ ထောက်ခံမှုနှင့် လုပ်ပိုင် ခွင့်အပ်နှင်းမှုကို လုံးဝမရရှိခဲ့သော ပါတီများနှင့် ကိုယ်စားလှယ်အများစုပါဝင်နေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီသည် နိုင်ငံရေးအရ အရုပ်ဆိုးအကျည်းတန်လွန်း သည့်အပြင် ပြည်သူလူထုကို မထီမဲ့မြင်ပြုသည်အထိ တာသွားနိုင်ဖွယ်ရှိသည်။

အချုပ်ဆိုရသော် ရွေး ကောက်ပွဲအနိုင်မရသည့် ပါတီ များတွင် တိုင်းပြည်နှင့် ပြည်သူလူ ထုအကျိုးအတွက် စေတနာသန့် သန့်ဖြင့် စွန့်လွှတ်အနစ်နာခံ ဆောင်ရွက်လိုသော ပါတီအနည်း အကျဉ်းပါဝင်ကောင်းပါဝင်နိုင် သော်လည်း ယင်းပါတီများအား လုံးအနေဖြင့် လေ့လာသူ၊ အကြံ ပေး၊ ၀န်းရံပံ့ပိုးသူနေရာတို့တွင် ပါဝင်ခြင်းသည်သာ ကြောင်းကျိုး ညီညွတ်မည်ဖြစ်ပါကြောင်းနှင့် ဒူး နေရာဒူး၊ တော်နေရာတော်ထက် လွန်ကဲကာ မျက်နှာပြောင်တိုက် ပါဝင်လာမည်ဆိုလျှင် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကြီးအပိုင်စီးခံရ ပြီလားဟူသည့် မေးခွန်းကို ပိုမို ကျယ်လောင်လာစေမည် ဖြစ်ပါ ကြောင်း လူထုအကျိုးမျှော်နှိုး ဆော်လိုက်ရပါသည်။

0 comments:

Post a Comment