Pages

Tuesday 16 August 2016

ပေးဆပ်ရန် ကျန်ရှိသည့် ပြည်ပ ချေးငွေများ အခြေအနေမှန် ကိစ္စ ဒု - ဝန်ကြီးရှင်းလင်း ==============================================

ပေးဆပ်ရန် ကျန်ရှိသည့် ပြည်ပ ချေးငွေများ အခြေအနေမှန် ကိစ္စ ဒု - ဝန်ကြီးရှင်းလင်း
=====================================================
အမေး ၊ အဖြေများ

(က) - နှိင်ငံတော်မှ ပေးဆပ်ရန် ကျန်ရှိသည့် ပြည်ပ ချေးငွေများ အခြေအနေမှန်ကို မဲဆန္ဒရှင် ပြည်သူများ ကိုယ်စား သိရှိလိုကြောင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

(ခ) - နှစ်စဉ် တစ်နိုင်ငံလုံး၏ စီမံကိန်းနှင့် ရသုံးခန့် မှန်းခြေငွေစာရင်း ရေးဆွဲရာတွင် မည်သည့် မူဝါဒအရ ရေးဆွဲပြီးမည် သို့သော နည်းလမ်းဖြင့် လုပ်ငန်း စီမံကိန်းများကို အကောင်အထည်ဖော်နေသည် တို့ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

(က) - နှိင်ငံတော်မှ ပေးဆပ်ရန် ကျန်ရှိသည့် ပြည်ပ ချေးငွေများ အခြေအနေမှန်ကို မဲဆန္ဒရှင်ပြည်သူများ ကိုယ်စား သိရှိလိုကြောင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

မေးခွန်း အကြောင်းအရာ

လွှတ်တော်အတွင်း တာဝန်ထမ်းဆောင်နေကြသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြောင်းလဲတာဝန် ထမ်းဆောင်နေကြသည့် အစိုးရသစ်အတွက် အရေးကြီးသည့် နိုင်ငံတော်မှ ပေးဆပ်ရန်ကျန်ရှိ သည့် ပြည်ပချေးငွေ အခြေအနေမှန်ကို ပြည်သူများ၏ကိုယ်စား သိရှိလိုကြောင်းနှင့် ချေးငွေများနှင့် ပတ်သက်ပြီး ငွေထုတ်ချေးပေးခဲ့သည့် နိုင်ငံတစ်ခုချင်း၊ အဖွဲ့အစည်း တစ်ခုချင်းအလိုက် ၁-၄-၂၀၁၅ ရက်နေ့တွင်ရှိသည့် ချေးငွေလက်ကျန်၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း ထပ်မံချေးယူ ခဲ့သည့်ငွေ ၁-၄-၂၀၁၅ မှ ၃၁-၃-၂၀၁၆ အထိ ပေးဆပ်ပြီးသည့် အရင်းနှင့်အတိုးငွေ ချေးငွေ တစ်ခုချင်း၏ အတိုးနှုန်းထား၊ ပေးဆပ်ရမည့်သက်တမ်း၊ ပေးဆပ်ရန် သက်တမ်းပြည့်သည့် နေ့များနှင့် ချေးငွေပေးဆပ်ရန်အတွက် စီမံချက်များ ရေးဆွဲထားမှုရှိ/မရှိ၊ ပေးဆပ်ရန် ကျန်ငွေများ အတွက် ရရှိနိုင်မည့် အရင်းအမြစ်များ၏ အခြေအနေကို အများပြည်သူများ သိရှိနိုင်ရေး အတွက် ပွင့်လင်းမြင်သာစွာ ဖြေကြားပေးနိုင်ရန် သိရှိလိုပါကြောင်း မေးမြန်းပါသည်။

#ဖြေကြားချက်

လွှတ်တော်အတွင်း တာဝန်ထမ်းဆောင်နေကြသည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြောင်းလဲ တာဝန် ထမ်းဆောင်နေကြသည့် အစိုးရသစ်အတွက် အရေးကြီးသည့် နိုင်ငံတော်မှ ပေးဆပ်ရန် ကျန်ရှိသော  ပြည်ပချေးငွေ အခြေအနေမှန်ကို ပြည်သူများ၏ကိုယ်စား သိရှိလိုကြောင်းနှင့် ချေးငွေများနှင့် ပတ်သက်ပြီး မိမိတို့ ဖြေကြားချက်အပြည့်အစုံကို စာရင်းဇယားများနှင့်တကွ ပြည်ထောင်စု အစိုးရအဖွဲ့မှတစ်ဆင့် ပြည်သူ့လွှတ်တော်ရုံးသို့ ပေးပို့ထားပြီးဖြစ်ပါကြောင်း၊

နိုင်ငံ/အဖွဲ့အစည်းအလိုက် ၃၁-၃-၂၀၁၅ ရက်နေ့တွင် ရှိသည့် ပြည်ပချေးငွေ၏ လက်ကျန် အခြေအနေမှာ အမေရိကန်ဒေါ်လာ ၉၀၈၆.၇၉၆ သန်းဖြစ်ပြီး ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွင်း ထုတ်ယူသုံးစွဲသည့် ချေးငွေတွင် အမေရိကန်ဒေါ်လာ ၇၉၀.၃၃၆ သန်းဖြစ်ပါကြောင်း၊ ပေးဆပ်ပြီးသည့် အရင်းငွေ အမေရိကန်ဒေါ်လာ ၃၄၄.၃၁၆ သန်းနှင့် အတိုးငွေ အမေရိကန် ဒေါ်လာ ၂၂၇.၇၄၆ သန်းဖြစ်ပါကြောင်း၊ အဆိုပါချေးငွေများသည် ငွေကြေးအမျိုးအစား အလိုက် စာရင်းပြုစုထားရှိခြင်း ဖြစ်ရာ ၃၁-၃-၂၀၁၆ ရက်နေ့တွင် ရှိသည့် ငွေလဲလှယ် နှုန်းဖြင့် တွက်ချက်ပြီး ညီမျှသည့် အမေရိကန်ဒေါ်လာ တန်ဖိုးများဖြင့် ဖော်ပြထားခြင်း ဖြစ်ပါကြောင်း၊ ချေးငွေများ၏ သက်တမ်းကို ဆိုင်းငံ့ကာလ အပါအဝင် ချေးငွေ သက်တမ်းဖြင့် ပြုစုထားခြင်း ဖြစ်ပါကြောင်း၊ ချေးငွေစာချုပ် ချုပ်ဆိုပြီး နောက် ဆိုင်းငံ့ကာလအတွင်း ချေးငွေ ထုတ်ယူ သုံးစွဲသည့် ပမာဏအပေါ် ကျသင့်သည့် အတိုးကို ပေးဆပ်ရပြီး ဆိုင်းငံ့ ကာလ ကုန်ဆုံးသည့် အချိန်မှစ၍ ကျသင့်သည့် အတိုးအပြင် အရင်းငွေကိုပါ အရစ်ကျ ပေးဆပ်ရပါကြောင်း၊ အရင်းကို နောက်ဆုံး အရစ်ပေးချေပြီးသည့် အချိန်မှသာ သက်ဆိုင်ရာ ချေးငွေ ပေးသည့် နိုင်ငံ / အဖွဲ့အစည်း များနှင့် ချေးငွေစာရင်း ရှင်းလင်းမှု ပြီးပြတ်ခြင်း ဖြစ်ပါကြောင်း၊

ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာန/ဦးစီးဌာနများ အနေဖြင့် ဘဏ္ဍာရေးနှစ် အလိုက် အရ အသုံး ခန့်မှန်းခြေငွေ စာရင်းများ ရေးဆွဲရာတွင် ပြည်ပချေးငွေ ရယူထားသည့် အဖွဲ့အစည်းများ သည် ဘဏ္ဍာရေးနှစ် အတွင်း ပြည်ပချေးငွေအရင်း ပြန်လည် ပေးဆပ်ရန် သို့မဟုတ် အတိုးနှင့်စရိတ် ပေးချေးရန် တို့ကို ၎င်းတို့၏ အသုံးစရိတ်တွင် ထည့်သွင်း လျာထားပြီး ဖြစ်ပါကြောင်း၊ ၎င်း အသုံးစရိတ် များကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၃ ပုဒ်မခွဲ (ခ)အရ ဖြတ်တောက်ခြင်း မပြုဘဲ အတည်ပြုရပါကြောင်း၊ သို့ဖြစ်ပါ၍ သက်ဆိုင်ရာ ပြည်ပချေးငွေ သုံးစွဲသည့် ဌာနများသည် မိမိတို့ ရယူထားသည့်ချေးငွေ၏ စည်းကမ်းချက်များအပေါ်တွင် မူတည်၍ လည်းကောင်း၊ ထုတ်ယူသုံးစွဲသည့် ချေးငွေပမာဏ အပေါ်တွင် မူတည်၍ လည်းကောင်း၊ အရင်းအတိုးပေး ဆပ်မည့် အချိန်ဇယားများကို ရေးဆွဲပြီး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ဘတ်ဂျက်အချိန်မီ လျာထားခြင်း၊ အချိန်မီပေးဆပ်ခြင်း တို့ကို ဆောင်ရွက် ရပါကြောင်း၊ သက်ဆိုင်ရာဌာန/အဖွဲ့အစည်း၏ ချေးငွေရယူသည့် ရည်ရွယ်ချက်၊ သုံးစွဲသည့် လုပ်ငန်း/စီမံကိန်း အပေါ်တွင် မူတည်ပြီး ပြန်ရချက် (Rate of Return) ကို တွက်ချက်နိုင်သည့် စီးပွားရေးချေးငွေ (Commercial Loan) များရှိသကဲ့သို့ စီးပွားရေးအရ ပြန်ရချက်ကို တွက်ချက်နိုင်မှုမရှိသော စီးပွားရေး မဟုတ်သည့် ချေးငွေ (Non-Commercial Loan) တစ်နည်းအားဖြင့် ဖွံ့ဖြိုးမှုချေးငွေ (Development Loan) များလည်း ရှိပါကြောင်း၊ ဥပမာ အားဖြင့် ပညာရေး၊ ကျန်းမာရေး၊ သဘာဝဘေးအတွက် ပြန်လည် ထူထောင်ရေး စသည့်ဖြင့် ချေးငွေများနှင့် စီးပွားရေး ချေးငွေများ ရယူသည့် ဌာန/အဖွဲ့အစည်း များသည် ရင်းနှီးမြုပ်နှံသည့် အချိန်ကာလနှင့် ပြန်ရချက်ကို တွက်ချက်ပြီး ချေးငွေပြန်လည် ပေးဆပ်ရန် စီမံချက် များကို ရေးဆွဲထားရပါကြောင်း၊

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတွင် ငွေတိုက် ဦးစီးဌာနဟု ဖွင့်လှစ်ပြီး ပြည်တွင်း/ပြည်ပ ကြွေးမြီများကို စီမံခန့်ခွဲနိုင်ရန် ကြွေးမြီ စီမံခန့်ခွဲမှု ဌာနခွဲကိုလည်း ဖွဲ့စည်းထားရှိပြီး ဖြစ်ပါကြောင်း၊ ၎င်းဌာနခွဲအနေဖြင့် နိုင်ငံတော်၏ အာမခံချက်ဖြင့် ရယူထားသည့် ပြည်ပချေးငွေများ အပေါ် ပြည်ပချေးငွေပေးအပ်သည့် မြီရှင် နိုင်ငံ/အဖွဲ့အစည်း အလိုက်၊ ချေးငွေသုံးစွဲသည့် ဌာန/အဖွဲ့အစည်း အလိုက် မှတ်တမ်းများထားရှိခြင်း၊ ချေးငွေတစ်ခုချင်း အလိုက် အရင်း/အတိုးပေးဆပ်ရမည့် အချိန်ဇယားများ ရေးဆွဲထားရှိခြင်း၊ ၎င်း အချိန်ဇယားများ အပေါ်တွင် မူတည်၍ သက်ဆိုင်ရာ ဌာနများ၏ ဘတ်ဂျက်လျာထားမှု၊ ပြန်လည်ပေးဆပ်မှု တို့ကို ပေါင်းစပ်ညှိနှိုင်း ကြီးကြပ် ကွက်ကဲပေးခြင်း၊ ပြည်ပချေးငွေ စာချုပ်များအတွက် ညှိနှိုင်း ဆွေးနွေးပေးခြင်း၊ တိုးနှုန်း သက်သာမှု ရှိ/မရှိ ဆန်းစစ်ပေးခြင်း၊ နိုင်ငံတော်၏ ပြည်ပကြွေးမြီ ခံနိုင်ရည်ရှိမှု အခြေအနေကို ဆန်းစစ်ပေးခြင်း တို့ကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုအခါ မကြာမီ အချိန်က ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့ကြွေးမီ စီမံခန့်ခွဲမှု ဥပဒေနှင့် အညီ ကာလလတ် ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာ ကိုလည်း ရေးဆွဲ တင်ပြထားပြီး ဖြစ်ပါကြောင်း၊ ၎င်းမဟာဗျူဟာတွင် ၃၁-၁၂-၂၀၁၅ ရက်နေ့ ကြွေးမြီ အခြေအနေများကို ဖော်ပြပါရှိပါကြောင်း၊

ပြည်ထောင်စုအဆင့် ဌာန/အဖွဲ့အစည်းများသည် တစ်စုတစ်စည်းတည်းဖြစ်သည့် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်ကြရပါကြောင်း၊ ပြည်ပချေးငွေများအပါအဝင် ၎င်းတို့၏ ရငွေ များအားလုံးကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေတွင် ထည့်သွင်းရပြီး ပြည်ပချေးငွေများ အပါအဝင် သုံးငွေများအားလုံးကိုလည်း ဘတ်ဂျက် လျာထားချက်နှင့် အညီ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေထဲမှ ထုတ်ယူ သုံးစွဲရခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ပေးဆပ်ရန် ကျန်ရှိသည့် ငွေများအတွက် အဓိကရရှိနိုင်မည့် အရင်းအမြစ် (Resources) များမှာ အဓိက ရငွေများ ဖြစ်သည့် အခွန်အကောက်မှရငွေ၊ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများ ရငွေနှင့် အခြားရငွေများ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်၊

(ဖြေကြားသည့် ဌာန)

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း

(လွှတ်တော်)

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်

(အစည်းအဝေး)

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး

(မေးမြန်းသူ)

ဦးခင်ချို (လှိုင်းဘွဲ့)

(အစည်းအဝေးရက်)

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ (၁၆.၈.၂၀၁၆)

0 comments:

Post a Comment